ဒေါ်လာဈေး ဆက်ကျ၊ ဗဟိုဘဏ်က ဒေါ်လာ သုံးသန်းကျော်ဖိုး ထပ်ဝယ်

ရန်ကုန်၊ ဇန်နဝါရီ

ယခုသီတင်းပတ် ရုံးစဖွင့်ချိန်တွင် အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၁၅ ကျပ်အထိ ဈေးကျဆင်းနေပြီး ဗဟိုဘဏ်ကလည်း ဇန်နဝါရီလ ၁၄ ရက်နေ့၌ တစ်ဒေါ်လာလျှင် ၁၅၂၆ ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖိုးကို ဝယ်ယူခဲ့ကြောင်း လေလံဈေးကွက် အရောင်းအဝယ်မှတ်တမ်းအရ သိရသည်။

 

ယခင်သီတင်းပတ် (ဇန်နဝါရီ ၇) ရုံး စဖွင့်ချိန်တွင် ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ၁၅၃၃ ကျပ်ဖြစ်ပြီး တစ်ပတ်အတွင်း တစ်ဒေါ်လာလျှင် တစ်ဆယ့်ရှစ်ကျပ်နီးပါး ဈေးကျဆင်းသွားကြောင်း ပြင်ပဒေါ်လာ အရောင်းအဝယ်ဈေးကွက်ထံမှ သိရသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာဈေး များ ကျဆင်းလာသကဲ့သို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၅၄၀ ကျပ်မှ ၁၅၂၆ အထိ ဈေးကျသွားပြီး တစ်ပတ်အတွင်း ၁၄ ကျပ်နီးပါး ဈေးကျဆင်းသွားကြောင်း ဗဟိုဘဏ်၏ စာရင်းများအရ သိသည်။

“ဈေးကျတယ်ဆိုတာ တစ်ရက်တည်း အရမ်းကျသွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်းကျတယ်ဆိုရင် ငွေကြေးဈေးကွက်အတွက် ပိုကောင်းပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ငွေရေးကြေးရေး ဈေးကွက်တည်ငြိမ်ရေးအတွက်ပဲ ဒေါ်လာဝယ်တယ်။ ဒေါ်လာပြန်ရောင်းတယ်ဆိုတာတွေ လုပ်နေရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အတက်ကြမ်း အကျကြမ်းတာတွေ မဖြစ်အောင် ဗဟိုဘဏ်အနေနဲ့ ကြိုးစားသွားမှာပါ”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့ဒေါ်လာဈေး ပြန်ကျလာသည့်အတွက် ဒေါ်လာဈေးပြန်ကျလာခြင်း ဖြစ်နိုင်ပြီး တရုတ်နှင့် ကုန်သွယ်ရေးအခက်အခဲဖြစ်နေချိန် ဘဏ်များတွင်လည်း ရိုက်ခတ်မှုများရှိနိုင်သောကြောင့် ဒေါ်လာဈေး ကျခြင်းဖြစ်နိုင်ကြောင်း ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေးအရာရှိ ဦးသန်းလွင်က ပြောဆိုသည်။

 

 

“ဈေးအတက်အကျ ထိန်းရတာကတော့ ဗဟိုဘဏ်ရဲ့ အလုပ်ပဲလေ။ အရင်တစ်ခါ တအားတက်တုန်းက သူ (ဗဟိုဘဏ်) ဝင်မထိန်းတာ ဘာကြောင့်လဲတော့ မသိဘူး။ အခုကတော့ သူဝင်ထိန်းတဲ့သဘောတော့ ရှိတယ်။ အဲဒါကလည်း တစ်ခါတလေ ကောင်းကျိုးရှိသလို တစ်ခါတလေ ပြောစရာလေးတွေ ဖြစ်လာတာပေါ့”ဟု ၎င်းက ဆိုသည်။

၂၀၁၈ ဒီဇင်ဘာလက ပြင်ပဒေါ်လာ ဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၁၅၁၀ ကျပ်အထိ ဈေးကျဆင်းချိန်တွင် ဗဟိုဘဏ်က ၁၅၇၀ ကျပ်နှုန်းဖြင့် ဘဏ်အချို့ထံမှ အမေရိကန်ဒေါ်လာ ၃၄ သန်းဖိုး ဝယ်ယူခဲ့ပြီး ယင်းအပေါ်တွင် ဝေဖန်မှုများလည်း မြင့်တက်ခဲ့သည်။

ဗဟိုဘဏ်သည် ဇန်နဝါရီလအတွင်း ဒေါ်လာဝယ်ယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး တစ်ရက်လျှင် ဒေါ်လာကိုးသိန်းဖိုးမှ ဒေါ်လာ ၇ သန်းအထိ ဝယ်ယူမှုများရှိခဲ့ ကြောင်း၊ ဇန်နဝါရီလ ၂ ရက်နေ့မူ ဒေါ်လာ ၂၀၀ ပြန်လည်ရောင်းချမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ဒေါ်လာလေလံအရောင်းအဝယ် ဈေးကွက်မှတ်တမ်းအရ သိရသည်။

4 Shares

Add a Comment

Your email address will not be published. Required fields are marked *