စာဖတ်ခြင်းနှင့် ဘဝအောင်မြင်ရေး

လူငယ်တွေ စာများများ ဖတ်ကြပါလို့ ကျွန်တော် မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။ အွန်လိုင်းပေါ်ကရော၊ ကျွန်တော့်ရဲ့  ဟောပြောပွဲတွေမှာပါ စာဖတ်ခြင်းရဲ့  ကောင်းကျိုးတွေကို ပြောပြလေ့ရှိပါတယ်။

 

ကမ္ဘာမှာ အချမ်းသာဆုံးသူဖြစ်တဲ့ ဘေဂိတ်ဟာ တစ်နှစ်ကို စာအုပ်ပေါင်း (၅၀) ကျော် ဖတ်တယ်လို့ ပြောပါတယ်။ တစ်ပတ်ကို တစ်အုပ်နှုန်း၊ တစ်လကို (၄) အုပ်နှုန်းပါ။ ကျွန်တော်တို့ အခုသုံးနေတဲ့ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မတ်ခ်ဇက်ကာဘတ်ဟာ (၂၀၁၅) ခုနှစ်ထဲမှာ တစ်လကို စာအုပ် (၂) အုပ်နှုန်း ဖတ်ခဲ့ပါတယ်။

စာဖတ်သူတွေက စာမဖတ်သူတွေထက် အတွေးအခေါ်တွေ ပိုကောင်းကြပါတယ်။ အသိဥာဏ်တွေ ပိုပြီး ကြွယ်ဝကြပါတယ်။ အဲဒီအတွက် ဘဝမှာ အကောင်းအဆိုး အမှားအမှန်ကို ပိုပြီး ခွဲခြားသိမြင်ကြပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ပိုပြီး ချမှတ်နိုင်ကြပါတယ်။

စာဖတ်တဲ့နေရာမှလည်း ချစ်ကြိုက်ကွဲညား စာပေတွေထက် စာကောင်းပေမွန်တွေကို ပိုပြီး ဖတ်ဖို့ လိုပါတယ်။ (ရသဝတ္ထုတွေကို လုံးဝ မဖတ်ရဘူးလို့ မဆိုလိုပါ။ ထိုက်သင့်သလောက် ဖတ်နိုင်ပါတယ်။ ရသဝတ္ထုတွေကနေ သင်္ခန်းစာယူစရာလည်း အများအပြား ရှိပါတယ်။ ဆရာမကြီး ဂျူးရဲ့  ဝတ္ထုတွေဆိုရင် ကျွန်တော် အလွန်ကြိုက်ပါတယ်။ နီကိုရဲရဲ့  ဟာသဝတ္ထုများကို ကျွန်တော် စွဲစွဲမြဲမြဲ ဖတ်ပါတယ်။)

 

ဘယ်လို စာကောင်းပေမွန်တွေလဲဆိုတော့ ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ အောင်မြင်ထင်ရှားတဲ့သူတွေရဲ့  အတ္ထုပတ္တိတွေရှိပါတယ်။ နိုင်ငံရေးမှာဆိုရင် အမေရိကန်သမ္မတ လင်ကွန်းတို့၊ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်းယူတို့၊ ကျွန်တော်တို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်အောင်ဆန်းတို့၊ အမေစုတို့… စီးပွားရေးမှာဆိုရင် Apple တည်ထောင်သူဖြစ်တဲ့ စတိဗ်ဂျော့တို့၊ ဟောင်ကောင်က သူဌေးကြီး လီကာရှင်းတို့၊ Microsoft တည်ထောင်သူ ဘေဂိတ်တို့၊ Inspiration အတွက် ဆိုရင် မာသာထရီဆာတို့၊ ဒလိုင်းလားမားတို့၊ ဂန္ဒီတို့၊ နယ်ဆင်မန်ဒဲလားတို့ရဲ့  အတ္ထုပတ္တိတွေရှိပါတယ်။ အဲဒီ အတ္ထုပတ္တိတွေကို ဖတ်ခြင်းအားဖြင့် သူတို့တွေ ဘဝမှာ ဘယ်လို ခက်ခဲကြမ်းတမ်းမှုတွေကို ကြုံတွေ့ခဲ့သလဲ… အဲဒီအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ပြီး အောင်မြင်မှုတွေကို ရခဲ့သလဲ စသည်ဖြင့် မိမိကိုယ်တိုင်လည်း ဘဝမှာ ခရီးကြမ်းကို ကျော်ဖြတ်ဖို့အတွက် စိတ်ဓာတ်ခွန်အားများကို ရရှိနိုင်ပါတယ်။ သူတို့လို ဘဝမှာ ဒူးမထောက် အရှုံးမပေးဘဲ ကြိုးစားချင်စိတ်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

နောက်ထပ် စာကောင်းပေမွန်တွေကတော့ ဘဝအတွက် အသုံးချပညာရပ်တွေပါပဲ။ ဥပမာ… လူမှုဆက်ဆံရေးကောင်းအောင် ဘယ်လိုလုပ်မလဲလို့ ရေးထားတဲ့ စာအုပ်တွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်တွေ၊ နည်းပညာဆိုင်ရာ စာအုပ်တွေ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာအုပ်တွေ၊ ဗဟုသုတဖြစ်စရာ စာအုပ်တွေစသည်ဖြင့် လေ့လာစရာ အကြောင်းအရာပေါင်း များစွာရှိပါတယ်။ စာအုပ်ကောင်းတစ်ခုက ရရှိတဲ့ အသိပညာကို ကိုယ့်ဘဝမှာ အသုံးချပြီး ကြီးပွားတိုးတက်သွားတဲ့ သူတွေ အများအပြားရှိပါတယ်။ မြန်မာရာဇဝင်မှာဆို ဝန်ဇင်းမင်းရာဇာဆိုတာ စာဖတ်ပြီး ဗဟုသုတ ကြွယ်ဝလွန်းအားကြီးလို့ လယ်သမားဘဝကနေ ဝန်ကြီးဖြစ်သွားတာပါ။

 

စာအုပ်ကြီးတွေကို ဖတ်တဲ့ အလေ့အထ မရှိဘူးဆိုရင်လည်း စာအုပ်ပါးပါးလေးတွေကနေ စတင်ပြီး ဖတ်လို့ရပါတယ်။ ဒါမှမဟုတ် သတင်းစာတွေ၊ ဂျာနယ်တွေထဲက ဆောင်းပါးတွေကို ဖတ်ရှု့ လို့ရပါတယ်။ အဓိကအချက်က ကိုယ်ဖတ်လိုက်တဲ့ စာကနေ ဘဝအတွက် သင်္ခန်းစာယူစရာတွေ၊ သတိပြုစရာတွေ၊ လိုက်နာရမယ့် အပြုအမူတွေ၊ အတုယူရမဲ့ အကျင့်စရိုက်တွေကို ရရှိပြီး ကိုယ်ဘဝမှာ ပြန်လည်အသုံးချနိုင်ဖို့ပါပဲ။

မိဘတွေကလည်း ကိုယ့်ရဲ့  သားသမီးတွေကို ငယ်စဉ်ကတည်းက စာဖတ်တဲ့ အလေ့အကျင့်ရှိအောင် ရုပ်ပြလေးတွေ၊ ပုံပြင်စာအုပ်လေးတွေကို ပေးဖတ်သင့်ပါတယ်။ အဲဒါမှာ စာဖတ်တဲ့ အလေ့အကျင့်ကို ကလေးငယ်များ ငယ်စဉ်ကတည်းက ရရှိမှာဖြစ်ပါတယ်။

လူငယ်များကို ဖတ်စေချင်တဲ့ စာအုပ်တွေကတော့ (လူကြီးများလည်း ဖတ်လို့ ရပါတယ်။)…

(၁) ဝန်ကြီးချုပ်ဟောင်း ဦးနုရေးသားတဲ့ တာတေစနေသား (ဦးနု ငယ်ငယ်တုန်းက အလွန် ဆိုးသွမ်းပါတယ်။ အလွန် ပေတယ်… အလွန် တေတယ်။ မိဘတွေအပေါ် အလွန်ဆိုးသွမ်းတယ်။ (၅) ပါး သီလမှာ မချိုးဖောက်ဖူးတဲ့ သီလ မရှိပါဘူး။ ဒါပေမယ့် တစ်နေ့ သူ့ဘဝမှာ အမြင်မှန်ရပြီး မကောင်းတာတွေကို အကုန် စွန့်လွှတ်ကာ လူကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပုံကို ရေးထားတာပါ။ နောက်ဆုံးမှာ မြန်မာနိုင်ငံရဲ့  ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ရောက်ရှိခဲ့ပုံကိုပါ ဖတ်ရပါမယ်။)

(၂) ဦးနု ဘာသာပြန်ထားတဲ့ မိတ္တဗလဋီကာ (မူရင်းစာအုပ်ကတော့ Dale Carnegie ရေးတဲ့ How to Win Friends and Influence People ဖြစ်ပါတယ်။ လူတွေကို ဘယ်လို ပေါင်းသင်း ဆက်ဆံရမလဲဆိုတဲ့ အကြောင်း ရေးထားတာပါ။ ဘဝမှာ အောင်မြင်ဖို့အတွက် လူမှုဆက်ဆံရေးက အလွန်အရေးကြီးပါတယ်။ လူမှုဆက်ဆံရေး ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူနဲ့ ယှဉ်ပြီး ကြိုးစားရင်… တခြားအချက်တွေလည်း တူတယ်ဆိုရင်… ဆက်ဆံရေးကောင်းတဲ့သူက တပန်းသာပါတယ်။ အရမ်းကောင်းတဲ့ စာအုပ်ပါ။)

(၃) ဆရာကြီး မင်းသိင်္ခရေးတဲ့ ပုဏ္ဏားဘကွန်း (မိဘမဲ့ ဘကွန်း… ရပ်ကွက်ထဲမှာ ခိုင်းဖော်ခိုင်းဖက်… အိမ်သာတွင်းထဲတောင် ဆင်းပြီး ချီးကျုံးရတဲ့ဘဝ… တစ်နေ့ စိန်လက်စွပ် ခိုးပါတယ်ဆိုပြီး စွပ်စွဲခံရကာ ရဲစခန်းမှာ နှိပ်စက်ခံရတယ်… အဲဒီဘဝကို နာကြည်းလွန်းလို့ သူ့ရဲ့  ဆရာဖြစ်တဲ့ ကိုရင်ကြီးတစ်ပါးက အဆိပ်ထည့်ထားတဲ့ ဆွဲသီးလေးတစ်ခုပေးကာ (၇) နှစ်အတွင်း သူဌေးကြီးဖြစ်အောင် ကြိုးစား… မဖြစ်ခဲ့ရင် အဲဒီ ဆွဲသီးထဲက အဆိပ်ကို သောက်ပြီး သေလို့ တွန်းအားပေးခံရ… အဲဒါနဲ့ လက်တစ်ဖက်က လက်ဆွဲမီးအိမ်တစ်လုံးကို ကိုင်… နောက်တစ်ဖက်က ဝါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ရန်ကုန်မြို့ ပေါ် တက်လာကာ ကြိုးစားခဲ့ပုံ… လက်ဆွဲမီးအိမ်က ညတိုင်း စာဖတ်ဖို့အတွက်… ဝါးရင်းတုတ်က အနိုင်ကျင့်ခံရရင် ပြန်ခုခံဖို့… ဆရာကြီး မင်းသိင်္ခရဲ့  ပြောင်မြောက်တဲ့ ရေးသားမှုနဲ့အတူ ပုဏ္ဏားဘကွန်း ဘယ်လို သူဌေးကြီးဖြစ်အောင် ကြိုးစားခဲ့ရသလဲဆိုတာကို ဖတ်ရှု့ ရမှာပါ။)

စာကောင်းပေမွန်များကို ဖတ်ရှု့ ပြီး ဘဝမှာ အောင်မြင်မှုများကို ရယူပိုင်ဆိုင်နိုင်ကာ ရပ်ရွာအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးနိုင်ပါစေ။

မူရင်း​ရေးသူ
နေမင်းသူ

4 Shares

Add a Comment

Your email address will not be published. Required fields are marked *