နာဆာအဖွဲ့ကြီးရှာ​ဖွေ​နေတဲ့ ကမ္ဘာသစ်

လူသားများသည် ဤကမ္ဘာ ဂြိုဟ်ပေါ်၌ အခြေချ နေထိုင်လာခဲ့ ကြသည်မှာ နှစ်ပေါင်း တစ်သောင်း နီးပါးရှိခဲ့ပြီ။ လူသားများအတွက် နေချင့်စဖွယ် အလွန်သာယာလှပသည့် ကမ္ဘာကြီးလည်း ဖြစ်ခဲ့ပါ၏။

ကမ္ဘာကြီး၏ ပျမ်းမျှ အပူချိန်မှာ ၅၈ ဒီဂရီ ဖာရင်ဟိုက် နှင့် ၆ဝ ဒီဂရီ ဖာရင်ဟိုက် အကြားမှာသာ အရွေ့အပြောင်း ရှိခဲ့သည်။ ကမ္ဘာကြီး၏ ပူနွေးမှုက တိုက်ကြီးများ – Continents ၏ အလယ်မှ ရေခဲပြင်ကြီးများကို ကမ္ဘာ့အစွန်အဖျားသို့ နောက်ဆုတ်သွား စေခဲ့သည်။ လူသားတို့ ကောက်ပဲသီးနှံပင်များ စိုက်ပျိုးခွင့် ရလာခဲ့ကြသည်။ ကမ္ဘာကြီး အေးမြလာမှုက မြင့်မားသော တောင်များပေါ်တွင် ဆီးနှင်းများကျပြီး ရေခဲမြစ်များ ဖြစ်ပေါ်စေခဲ့သည်။

မြင့်မားသော တောင်များပေါ်မှ ရေခဲမြစ်များသည် တဖြည်းဖြည်း အရည်ပျော်ပြီး မြစ်ချောင်းများအဖြစ် တောင်ကြားများကို ဖြတ်သန်းလျက်၊ လွင်ပြင်များကို ဖြတ်ကျော်လျက် တစ်နှစ်ပတ်လုံး တသွင်သွင် စီးဆင်းခဲ့ကြသည်။ သို့ဖြစ်၍ လူသားများ အတွက် သောက်ရေသုံးရေ အဆက်မပြတ် ရရှိခဲ့သည်။ မြစ်ရေ၊ ချောင်းရေကိုလည်း တူးမြောင်းများဖောက်လုပ် သွယ်တန်းကာ လယ်ကွင်း စိုက်ခင်းများသို့ သယ်ပို့ ယူဆောင်ခဲ့ ကြ၏။

ကောင်းမွန်သော ရာသီဥတုကြောင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဖြစ်ထွန်းလာသည်။ လူ့ယဉ်ကျေးမှု အသိုင်းအဝန်းများ တစ်စတစ်စ ဖြစ်ပေါ်လာခဲ့သည်။ ပင်လယ်ကမ်းနားနှင့် မြစ်ကြီးများ၏ ကမ်းနံဘေးများတွင် မြို့ကြီးများ အစီအရီ ထွက်ပေါ်လာသည်။ ပင်လယ်ရေမျက်နှာ ပြင်မှာလည်း သိပ်ပြီးပြောင်းလဲမှု မရှိ။ ရာသီဥတုမှာ ပုံမှန်ဖြစ်သည်။

လူသားများအနေဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီဥတု အကူးအပြောင်းကိုပင် ခန့်မှန်းတတ်လာကြပြီး စိုက်ပျိုးပင်များကို ရာသီနှင့် အံဝင်ခွင်ကျ စိုက်ပျိုးတတ်လာခဲ့ကြသည်။ လူသားများအတွက် ဤကမ္ဘာကြီးသည် အနေတော် ကမ္ဘာကြီး ဖြစ်ပါလေ၏။

လှပသော ကမ္ဘာကြီးကို ကဗျာ ဆရာကြီးများက အမျိုးမျိုး အဖုံဖုံ သီကုံးရေးဖွဲ့ ခဲ့ကြသည်။ သို့ရာတွင် ဤမျှလှပသော ကမ္ဘာကြီးကို လူသားများသည် ၁၉၆၈ ခုနှစ်၊ ဒီဇင် ဘာလ ရောက်တော့မှ အသေအချာ မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရရှိခဲ့ ကြပေသည်။

အမေရိကန် ပြည်ထောင်စုမှ လွှတ်တင်ခဲ့သော အပိုလို -၈ ဒုံးပျံ ယာဉ်သည် လကို လှည့်ပတ်ကာ ဓာတ်ပုံရိုက်ယူလျက် ရှိသည်။ အာကာသ ယာဉ်သည် လကမ္ဘာကိုသာ စူးစိုက်ပြီး သဲကြီးမဲကြီး ဓာတ်ပုံရိုက်ကူးနေသည်။ သူတို့၏ တာဝန်မှာ ဒါပဲ ဖြစ်သည်။ နောင်တစ်ချိန် လကမ္ဘာ ပေါ်သို့ လူသားများ ဆင်းသက်နိုင်ရန် နေရာရှာဖွေ နေကြခြင်း ဖြစ်သည်။

နောက်ထပ် တာဝန်တစ်ခု ရှိသေးသည်။ အာကာသထဲတွင် အာကာသယာဉ် ရပ်နားရမည့် နေရာကိုလည်း တွက်ချက်သတ်မှတ်ပေးရန် လိုသေးသည်။ သို့ဖြစ်၍ Apollo -8 အာကာသယာဉ် လကမ္ဘာကို စတုတ္ထအကြိမ် လှည့်ပတ်စဉ်တွင် အာကာသယာဉ်မှူး Commander Frank Borman သည် အာကာသယာဉ်ကို လကမ္ဘာဘက် မျက်နှာပြုနေရာမှ အနည်းငယ် တိမ်းစောင်းပြီး အခြားတစ်ဘက်သို့ လှည့်ပြောင်းလိုက်သည်။

ဘုရားရေ၊ ကမ္ဘာကြီးဟေ့ – Oh my God! Here’s the earth coming up. ဟူ၍ Borman က အလန့်တကြား အော်ဟစ်လိုက်သည်။ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် Bill Anders က ကပျာကယာ ကင်မရာကို လှမ်းယူပြီး ဓာတ်ပုံရိုက်လိုက်သည်။ ယခုအခါ ဤဓာတ်ပုံကို လူတိုင်းလိုလို တွေ့မြင်ဖူးကြမည် ထင်သည်။ ကျယ်ပြောလှသည့် အာကာသ နောက်ခံတွင် အဖြူအပြာ ဂေါ်လီ လုံးတစ်လုံးလို ပေါလောမျောနေသော ကမ္ဘာလုံး။”ဒီလောက်လှပတဲ့ ကမ္ဘာကြီးကို တစ်သက် မမေ့ဘူးဗျာ”ဟူ၍ Borman က မှတ်ချက်ပြုခဲ့သည်။ ဟုတ်ပါသည်။ အာကာသထဲတွင် သူတို့ မြင်တွေ့နေရသည့် အရာများမှာ အဖြူအမည်း ကျောက်တုံးကြီးများသာ ဖြစ်သည်။ အာကာသယာဉ်တွင် လိုက်ပါလာသည့် နောက်တစ်ဦး Jim Lovell က ကမ္ဘာကြီးဟာ သဲကန္တာရထဲက ဧရာမ အိုအေစစ် ကွန်းခိုရာကြီး တစ်ခုလိုပါပဲဟု ဆိုသည်။

ထိုကမ္ဘာကြီးကို လူသားများက A တစ်လုံးဖြင့် Earth ဟု ကမ္ပည်းထိုး ခေါ်ဆိုခဲ့ကြသည်။ သို့ရာတွင် ယနေ့ ကျွန်ုပ်တို့ နေထိုင်နေကြသည့် ကမ္ဘာကြီးသည် ထိုကမ္ဘာကြီး မဟုတ်တော့ပါ။ နှစ်ပေါင်း ၄ဝ ကျော်လောက်တွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါပြီ။ ယနေ့ ကျွန်ုပ်တို့ အားလုံးသည် ကမ္ဘာသစ် တစ်ခုတွင် နေထိုင်နေကြခြင်း ဖြစ်သည်။ ကမ္ဘာသစ်ကို Bill Mckibben က A နှစ်လုံးဖြင့် Eaarth ဟု ကင်ပွန်းတပ်ခဲ့သည်။ ကမ္ဘာကြီး အဟောင်းနှင့်အသစ် ခွဲခြားပစ်လိုဟန်ရှိ၏။

အများအားဖြင့် ကျွန်ုပ်တို့သည် ယခင် ကမ္ဘာဟောင်းကြီးထဲတွင် နေထိုင်ဆဲ နေထိုင်မြဲ ဖြစ်သည်ဟု မှတ်ယူကြခြင်းမှာလည်း အကြောင်းတော့ ရှိသည်။ ကမ္ဘာဂြိုဟ်သည် နေလုံးကြီး အပြင်ဘက် သုံးခုမြောက် ကျောက်စိုင်တုံးကြီး ဖြစ်နေဆဲ။ ကမ္ဘာပေါ်တွင် လေးပုံသုံးပုံကို ရေထုက လွှမ်းခြုံထားဆဲ။ ကမ္ဘာ့ဆွဲငင်အား အရင်ကလို ရှိနေဆဲ။ ဤသို့သော အကြောင်းအချက်များကြောင့် ကမ္ဘာကြီးသည် မပြောင်းမလဲ ယခင်က အတိုင်းပင်ဟု ဆိုချင်ကြသည်။

တကယ်တော့ ကမ္ဘာကြီးသည် ယခင်နှင့်မတူ အကြီးအကျယ် ပြောင်းလဲခဲ့ပါပြီ။ လူသားတို့ ရုပ်ကြွင်းလောင်စာများ Fossil Fuel အလွန်အမင်း မီးရှို့ခဲ့မှုကြောင့် ကမ္ဘာဂြိုဟ်၏ အပူချိန်သည် တစ်ဒီဂရီ ဆဲလ်ဆီးယပ်-Celsius ခန့် မြင့်တက်ခဲ့ပြီး ဖြစ်၏။ အပူချိန်ကို ဖယ်ရင်ဟိုက် Fahrenheit နှင့် ဖော်ပြလျှင် ၁.၅ ဒီဂရီကျော်လောက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဤသို့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင် အထက် မိုးတိမ်တောင်များကို ငါးမိုင်ခန့် မြင့်တက်စေပြီး မိုးသက်မုန်တိုင်း ကျမှုကို ၄၅ ရာခိုင်နှုန်း မြင့်မားစေ ကြောင်း ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလ NASA လေ့လာမှုတစ်ခုက ဖော်ပြသည်။

ယနေ့ကမ္ဘာတွင် မိုးရွာသွန်းမှု သည် လွန်ခဲ့သော ဆယ်စုနှစ်က ထက် ၁၅ ရာခိုင်နှုန်း ပိုများလာ သည်။ ဆဲလ်စီးယပ် တစ်ဒီဂရီတိုင်းက လျှပ်စီးလက်၊ မိုးကြိုးပစ်မှုကို ခြောက်ရာခိုင်နှုန်း တိုးတက်စေ ကြောင်း ဥတုရာသီသိပ္ပံပညာရှင် Amanda Staudt ကဆိုသည်။ ၂ဝဝ၈ ခုနှစ်၊ ဇွန်လအတွင်း တစ်နေ့တည်း တွင် မိုးကြိုးပစ်မှု အကြိမ်ပေါင်း ၁၇ဝဝ ကျော် ဖြစ်ပေါ်ခဲ့သဖြင့် ကာလီဖိုးနီးယား တစ်နံတစ်လျား တောမီးလောင်မှု နေရာ အနှံ့အပြား၌ ဖြစ်ပွားခဲ့သည်။

အပူချိန် မြင့်တက်လာမှုကြောင့် အာတိတ် – Arctic ရေခဲပြင်ကြီး အရည်ပျော်ကျလျက် ရှိသည်။ ဆယ်စုနှစ် နှစ်ခုခန့်ပင် ကြာမြင့်ခဲ့ပြီ။ သို့ရာတွင် ၂ဝဝ၇ ခုနှစ် နွေရာသီတွင် ရေခဲပြင် အရည်ပျော်မှု တိုးမြင့်သွား ခဲ့သည်။ အောက်တိုဘာလ အာတိတ် ည ရောက်လာချိန်တွင် အာတိတ်ရေ ခဲပြင်သည် ယခင်ကထက် ၂၂ ရာခိုင် နှုန်း လျော့နည်းသွားခဲ့ပြီးဖြစ်သည်။ Apollo-8 ပေါ်မှ ကမ္ဘာကြီးကို ဓာတ် ပုံရိုက်ကူးခဲ့ချိန်ကနှင့် နှိုင်းယှဉ်လျှင် ရေခဲ ၄ဝ ရာခိုင်နှုန်း လျော့နည်းသွား ခဲ့ပြီးဖြစ်၏။

အာတိတ်တစ်ခွင်တစ်ပြင်၌ ရေခဲဖုံးလွှမ်းမှုသည် စတုရန်းမိုင်ပေါင်း ၁.၁ သန်း ကျုံ့သွားခဲ့ပြီးဖြစ်သည်။ ယင်းဧရိယာပမာဏသည် ဂရိတ် ဗြိ တိန်ကျွန်းထက် ပမာဏ ၁၂ ဆကြီး မားသည်။ ၂ဝဝ၈ ခုနှစ်တွင် ယခင် က တစ်နှစ်ပတ်လုံး ရေခဲဖုံးလွှမ်းထား ခဲ့သည့် အနောက်မြောက်နှင့် အရှေ့ မြောက် ရေလမ်းကြောင်းနှစ်ခုသည် ရေခဲ ကင်းမဲ့သွားခဲ့သည်။ လူ့သမိုင်း တွင် ပထမဆုံးအကြိမ်ဖြစ်၏။ ထို ရေလမ်းကြောင်း၌ ပထမဆုံး မောင်းနှင်သွားလာခဲ့သည့် ကုန်တင်သင်္ဘော MV Camilla Desgagnes သည် လိုလိုမယ်မယ် ရေခဲပြင်ခွဲ သင်္ဘောတစ်စင်းကို ခေါ်ဆောင်သွားခဲ့သည်။ သို့ရာတွင် သင်္ဘောကပ္ပတိန်က ”ပင်လယ်ထဲမှာ ရေခဲတစ်တုံး လောက်တောင်မှ မတွေ့ခဲ့ရဘူးဗျာ” ဟု သတင်းပို့ခဲ့သည်။

၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာလတွင် National Sea Ice Data Center မှ သိပ္ပံပညာရှင်များက အာတိတ် ရေခဲတိုးမြင့် အရည်ပျော်လျက်ရှိသည့် အတွက် ပင်လယ်များတွင် အပူရှိန်- Heat စုပုံလာနေကြောင်း ထောက်ပြခဲ့သည်။ ထို့ကြောင့် ရေခဲပိုမိုအရည် ပျော်လာသည်။

ထိုဖြစ်စဉ်ကို အာတိတ်ချဲ့ကားမှု Arctic Amplificatio ဟုခေါ်ကြသည်။ အာတိတ်ဒေသတွင် မိုးကြိုးပစ်မှု အဆပေါင်း ၂ဝ တိုးမြင့်လာခဲ့ကာ ပထမဆုံး အကြိမ် တွန်ဒြာ -Tundra ၌ ပေါက်ရောက်လျက်ရှိသော သစ်ပင်များ မီးလောင်ခဲ့ကြောင်း ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လတွင် သိပ္ပံပညာရှင်များက ဆိုခဲ့ကြသည်။

ဆယ်စုနှစ် တစ်ခု သို့မဟုတ် နှစ်ခုလောက်အတွင်း မြောက်ဝင်ရိုး စွန်းဒေသ၌ ရေခဲပျောက်ကွယ်သွား နိုင်သည်။ ဂရင်းလန်ကျွန်း -Green–land ၌သာ ရေခဲကျန်ခဲ့မည် ဖြစ်သော်လည်း ထိုကျွန်းပေါ်မှ ရေခဲသည်လည်း အလျင်အမြန် အရည်ပျော်လျက် ရှိသည်။ တောင်ဝင်ရိုးစွန်းဒေသ အန္တာတိတ် – Antarctic ၌လည်း အထူးသဖြင့် အနောက် အန္တာတိတ် ရေခဲပြင် အကြီးအကျယ် အရည်ပျော် ကျလျက်ရှိသည်။

တကယ်တော့ လူသားများ အတွက် မှီတင်းနေထိုင်ရာ ကမ္ဘာကြီးသည် ဒယီးဒယိုင် ဖြစ်လျက် ရှိသည်။ မိုးကြိုးပစ်သည်။ လျှပ်စီး လက်သည်။ ရေခဲပြင်များ ပျောက်ကွယ်လာသည်။ ၁၉၈ဝ နှစ်များလောက်မှ စတင်၍ ကမ္ဘာ့ အပူပိုင်း ဒေသ Tropics သည် မြောက်ဘက် နှင့်တောင်ဘက်သို့ လတ္တီတွဒ် – နှစ်ဒီဂရီလောက် ချဲ့ကားခဲ့ပြီး ဖြစ်သည်။ ယခုအခါ ကမ္ဘာကြီး၏ စတုရန်းမိုင်ပေါင်း ၈.၅ သန်းတွင် အပူပိုင်းဇုန် ရာသီဥတု ဖြစ်ပေါ်လျက် ရှိသည်။ အပူပိုင်းဇုန် မြောက်ဘက် နှင့် တောင်ဘက်သို့ တိုးချဲ့လာမှုက သူ့အရင် ခြောက်သွေ့သော အပူပိုင်း ဇုန်အောက် ရာသီဥတုကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ ပူပြင်းခြောက် သွေ့သော အရပ်ဒေသများ ပိုမိုဖြစ် ပေါ်လာစေသည်။ ၂ဝဝ၈ ခုနှစ်တွင် သြစတြေးလျတိုက် ထက်ဝက်သည် ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ခဲ့၏။

ကမ္ဘာကြီး ပူနွေးလာမှုက အစစ အရာရာကို ပြောင်းလဲပစ်လျက် ရှိသည်။ ရေခိုးရေငွေ့ကို ပိုမိုသိမ်းသွင်း ထားနိုင်သည်။ ဤအချက်က အကျိုးဆက် နှစ်ခုကို ဖြစ်ပေါ်စေသည်။ မိုးနည်းသော ဒေသများတွင် အငွေ့ပြန် မှုကိုတိုးတက်စေပြီး မိုးခေါင်မှုဖြစ် ပေါ်စေသည်။ စိုစွတ်သော ဒေသများတွင် ယခင်ကထက် မိုးရွာသွန်းမှု တိုးမြင့်လာစေပြီး မိုးသဲကြီးမဲကြီး ရွာသွန်းသဖြင့် ရေလွှမ်းမိုးမှု၊ မြေပြိုမှု တိုးတက်ဖြစ်ထွန်းလာသည်။

အမေရိကန်အနောက်တောင် ပိုင်းဒေသသည် အမြဲတမ်း မိုးခေါင် ရပ်ဝန်းဒေသ ဖြစ်လာနိုင်သည်ဟု ၂ဝဝ၈ ခုနှစ်က ပညာရှင်များ ဟော ကိန်းထုတ်ခဲ့ကြသည်။ Colorado မြစ်ကို ကျောထောက်နောက်ခံပေး ထားသည့် Lake Mead သည် ၂ဝ၂၁ ခုနှစ်တွင် ခန်းခြောက်သွားရန် ၅ဝ ရာခိုင်နှုန်း အလားအလာရှိကြောင်း အဆိုပါပညာရှင်များကပင် ဆိုခဲ့သည်။ ထိုဒေသတွင် ဂျုံ၊ ပြောင်းနှင့် ဘာလီ အထွက်နှုန်းသည် ရာသီဥတုပူပြင်း ခြောက်သွေ့လာမှုကြောင့် တစ်နှစ် လျှင် တစ်ချိန် သန်း ၄ဝ ကျဆင်း လျက်ရှိကြောင်း ထောက်ပြခဲ့သည်။

ပူးပြင်းခြောက်သွေ့မှု ကျယ်ပြန့်လာနေသည်။ ၂ဝဝ၉ ခုနှစ် အစောပိုင်းတွင် ဂျုံ အကြီးအကျယ် စိုက်ပျိုးသည့် တရုတ်ပြည် မြောက်ပိုင်း၌ မိုးခေါင်ခဲ့သည်။ စံချိန်တင်လောက်အောင် ရက်ပေါင်း ၁ဝဝ မိုးမရွာခဲ့။ ၂ဝဝ၉ ခုနှစ်က အိန္ဒိယနှင့် ဘရာ ဇီးတောင်ပိုင်း၌လည်း မိုးမရွာခဲ့ပေ။ အာဂျင်တီးနား နိုင်ငံတွင်လည်း မိုးခေါင်ခဲ့သဖြင့် ဂျုံအထွက်နှုန်း နှစ် ၂ဝ အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့သည်။

၂ဝဝ၈ ခုနှစ်က ရေခဲမြစ် ပညာရှင် Lonnie Thompson သည် တိဘက်ရေခဲမြစ်မှ ရေခဲလွှာများကို ထိုး ဖောက်ရယူခဲ့ရာတွင် မြင်တွေ့နေကျ ရေခဲလွှာများပျောက်ကွယ်သွားပြီး ဖြစ် သည်ကို တွေ့ခဲ့ရသည်။ ယခင်ကဆို လျှင် ရေခဲအူတိုင်ထဲတွင် ၁၉၆ဝ နှစ် များက အနုမြူ စမ်းသပ်ဖောက်ခွဲရာ မှ လွင့်စင်ခဲ့သည့် ရေဒီယို သတ္တိကြွ ဒြပ်မှုန်များ တွေ့ရစမြဲဖြစ်သည်။ ယခု တော့ ရေခဲမြစ် အရည်ပျော်မှုကြောင့် ယင်းအလွှာများ မရှိတော့ပေ။

နီပေါနိုင်ငံ၏ သုတေသနပြုချက် တစ်ခုတွင် ဟိမဝန္တာတောင်၏ အပူချိန်သည် တစ်နှစ်လျှင် တစ်ဒီဂရီဖာ ရင်ဟိုက်၏ ဆယ်ပုံတစ်ပုံ မြင့်တက် လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ ဆယ်နှစ်ကြာလျှင် တစ်ဒီဂရီဖာရင် ဟိုက်မြင့်တက်မည်ဟု ဆိုလိုသည်။ အစီရင်ခံစာ တစ်ခုတွင် ဟိမဝန္တာ တောင်တန်းမှ ရေခဲမြစ်များ ၂ဝ၃၅ ခုနှစ်တွင် ပျောက်ကွယ်သွားနိုင်ကြောင်း ဖော်ပြခဲ့ရာ ယင်းအဆိုနှင့် ပတ်သက်၍ ပြဿနာတက်ခဲ့သည်။ သို့ရာတွင် ၁၉၂၁ ခုနှစ်က ဧဝရက် တောင်ထိပ်တက်ရန် ရောက်ခဲ့သည့် Mallory ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် မြင်တွေ့ရသည့် ဟိမဝန္တာ တောင်ခြေမှ ဒေါင်လိုက်အမြင့် ပေ ၃ဝဝ ရှိ ရေခဲထုမှာ ယခုအခါ ပျောက်ကွယ် သွားခဲ့ပြီး ဖြစ်သည်။

ဤသို့သော ဖြစ်ရပ်မျိုးကို ဟိမဝန္တာတောင်တန်း၌သာ တွေ့မြင် ကြရသည်မဟုတ်။ ဘိုလီးဗီးယား နိုင်ငံမှ နှစ်ပေါင်း ၁၈ဝဝဝ သက် တမ်းရှိ ရေခဲမြစ် Chacaltaya Glacier သည်လည်း ပျောက်ကွယ်သွား ခဲ့ပြီးဖြစ်သည်။ ယခင်ကဆိုလျှင် Chacaltaya တောင်တန်းပေါ်တွင် ကမ္ဘာ့အမြင့်ဆုံး ရေခဲပြင် နှင်းလျှော စီးစခန်းကြီးတစ်ခု ရှိခဲ့သည်။ ယခု မရှိတော့။ သို့ရာတွင် ယင်းနှင်းလျှော စီးစခန်းကြီးမရှိသည်က သိပ်ပြီး အရေးမကြီး။ Chacaltaya ရေခဲမြစ်သည် မြစ်အောက်ဘက်တွင် နေထိုင် ကြသော သန်းပေါင်းများစွာသော လူများအတွက် သုံးရေ သောက်ရေ ဖြန့်ဝေပေးနေခဲ့သည့် မြစ်ကြီးတစ်စင်း ဖြစ်သည်။ ရေခဲမြစ်ကြီး ပျောက်ကွယ်သွားခဲ့ပြီးဖြစ်၍ ယင်းမြစ်အောက်ဘက်နေ လူပေါင်းမြောက်မြားစွာ အတွက် ရေအခက်အခဲနှင့် ကြုံကြိုက်ရတော့သည်။

လွန်ခဲ့သော နှစ် ၁ဝဝ လောက်က ဆွီဒင်နိုင်ငံမှ ဓာတုဗေဒ ပညာရှင် Svante Arrhenius က ”ကျွန်ုပ် တို့သည် ကျောက်မီးသွေး တွင်းများကို မီးရှို့ပြီး လေထုထဲသို့ ပို့လွှတ်နေ ကြသည်”ဟု ထောက်ပြခဲ့သည်။ ထိုသို့ လုပ်ဆောင်မှုကြောင့် လေထုပူနွေး လာနိုင်ကြောင်း ဖော်ညွှန်းခဲ့ ပေသေးသည်။ မည်သူမျှ ဂရုမစိုက်ခဲ့ကြ။ အလေးမထားခဲ့ကြ။ ၁၉၅ဝ ပြည့်လွန်နှစ်များ ရောက်တော့မှ သိပ္ပံပညာရှင်များ လေထုထဲမှ ကာဘွန် ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို တိုင်းတာမှုများ ပြုလုပ်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ ဇွန်လတွင် အမေရိကန် ကွန်ဂရက်လွှတ်တော် ရှေ့မှောက်၌ NASA သိပ္ပံပညာရှင် James Hansen က ကမ္ဘာကြီး ပူနွေး လာပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့တော့မှ လူအတော်များများသည် Global Warming အကြောင်း သိရှိ လာခဲ့ကြသည်။ သို့ရာတွင် လူအများ အပြားက ယင်းပြဿနာမှာ အနာဂတ် ကာလနှင့်သာ သက်ဆိုင်သည် ဟု ထင်မှတ်ခဲ့ကြသည်။

သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ၁၉၉၂ ခုနှစ် ရီယိုထိပ်သီး ညီလာခံ -Rio Summit ထုတ်ပြန်ကြေညာချက်တွင် ကမ္ဘာ့ ဥတုရာသီ ပြောင်းလဲမှု – Climate Change ကို ထည့်သွင်း ဖော် ပြခဲ့ခြင်းပင် မရှိခဲ့ပေ။ ဥတုရာသီ အပြောင်းအလဲနှင့် ပတ်သက်လျှင် လူအတော်များများက အနာဂတ်ပြဝါ ကျ-Future Tense ဖြင့်ပြောလေ့ပြော ထရှိကြသည်။ ၂ဝဝ၈ ခုနှစ် သမ္မတ ရွေးကောက်ပွဲအတွက် ဆွယ်တရား ဟောစဉ်တွင်ပင် Barack Obama က ဂလိုဘယ်ကပ်ဘေးမှ အနာဂတ် မျိုးဆက်သစ်များကို ကယ်တင်ရန် ဆောင်ကြဉ်းသင့်ကြောင်း ဟောပြော ခဲ့သည်။

တကယ်တော့ ကမ္ဘာကြီး ပူနွေးမှုနှင့် ဥတုရာသီ အပြောင်းအလဲသည် ယခုပင် ချက်ချင်းလက်ငင်း ဖြစ်ပျက်လျက်ရှိသည်။ အနာဂတ်တွင် မဟုတ်။ ပစ္စုပ္ပန်၌ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ကမ္ဘာကြီးတွင် ရုတ်တရက် ရေခဲပြင် ရေခဲမြစ်များ အရည် ပျော်လာသည်။ ဒေသအတော်များများ၌ ပူပြင်းခြောက်သွေ့မှု ချဲ့ကားလာသည်။ ရေထဲတွင် အက်စစ်တိုးပွားလာသည်။ မိုးကြီးရေလျှံလာသည်။ မုန်တိုင်းကြီးများ အင်အားကြီးမား လာသည်နှင့်အမျှ တိုက်ခတ်မှု ကြာရှည်လာသည်။ တောမီးများ တစ်နေရာမဟုတ် တစ်နေရာ တရစပ် မီးလောင်လာသည်။

ယနေ့ကမ္ဘာသစ်၏ ရောဂါကို ဆေးမြီးတိုနှင့် ကုစား၍ မရနိုင်တော့ပေ။ ဥတုရာသီ ပြောင်းလဲမှုကို ရပ်တန့်လိုလျှင် လူသားတို့၏ စားသောက် နေထိုင်ရေး ဘဝပုံစံကို အခြေခံမှစ၍ ပြောင်းလဲပစ် ကြရတော့မည်။ ဒါမှ တော်ရုံကျမည်။ မဟုတ်လျှင် …။

Ref : Bill Mckibben : EAARTH (2010)

သစ်ထွန်းလူ

74 Shares

Add a Comment

Your email address will not be published. Required fields are marked *