သတ္တိ

ကိုယ်တန်ဖိုးထားတာတခုကို ရွေးချယ်လိုက်ပြီး၊ အဲဒါကို ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက တန်ဖိုးမထားဘူး၊ အထင်မကြီးဘူး ဆိုပါတော့။ အဲဒီလိုဆိုရင် ရွေးချယ်ရဲတဲ့ သတ္တိ ရှိရဲ့လား။

🎪🎪🎪
ကိုယ့်လမ်းကိုယ် မရွေးဘဲနဲ့ သူများနောက်ကို ယောင်ယောင်မှားမှားနဲ့ ရောပြီးတော့ လိုက်တဲ့သူဟာ သတ္တိမရှိဘူး။ သူများနောက်ကို မလိုက်ဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ကိုယ့်လမ်းကိုကိုယ် ရွေးတဲ့သူဟာ အကြီးမားဆုံး သတ္တိ ရှိတဲ့သူပဲ။

🎪🎪🎪
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ဥာဏ်နဲ့ကိုယ် သိပြီးတော့ ကိုယ် မှန်တယ်ထင်တာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပြီး တာဝန်သိသိ မလုပ်နိုင်သေးသ၍ ဒီလူက တကယ်အင်အားရှိတဲ့လူ၊ တကယ်သတ္တိရှိတဲ့လူ၊ တကယ်အသက်ဝင်နေတဲ့လူ၊ တကယ်ဖွံ့ဖြိုးတဲ့ လူတယောက် ဖြစ်မလာသေးဘူး။

🎪🎪🎪
ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အယူအဆ မတူတဲ့အခါ၊ ကိုယ့်မိသားစုနဲ့ ကိုယ်နဲ့ကိုပဲ အယူအဆ မတူတဲ့အခါမှာ ကိုယ့်ကို ဝိုင်းပယ်လိုက်ကြမှာ အင်မတန် ကြောက်တယ်။ သူတို့နဲ့ ကိုယ်နဲ့ အယူအဆ မတူတာ၊ ခံယူချက် မတူတာဟာ သူတို့ကို မလေးစားတာ မဟုတ်ဘူး။ ကျေးဇူးကန်းတာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ပြောပြီး ရန်မလုပ်ပဲနဲ့၊ စိတ်မဆိုးပဲနဲ့၊ ကြောက်ပြီးတော့ လိုက်လျှောတာလည်း မဖြစ်ပဲနဲ့၊ ကိုယ့်ရဲ့ ပင်ကိုယ်ဥာဏ်ကို အဆုံးရှုံး မခံပဲနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ် နေသွားရမလဲဆိုတာ တော်တော်ကို ဥာဏ်ကြီးကြီးနဲ့ တော်တော်ကို သတ္တိရှိရှိ စဉ်းစားရမယ့် ကိစ္စဖြစ်တယ်။

🎪🎪🎪
ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို သဘောထားမလဲ၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ဘယ်လို ဆက်ဆံရမလဲ၊ “ ငါ ဘယ်လိုလူလဲ ” ဆိုတဲ့ မေးခွန်းကို မေးမယ် ဆိုရင်တောင်မှ သတ္တိ တော်တော်လိုတယ်။ “ ငါ တကယ်ရိုးသားတဲ့သူ ဟုတ်ရဲ့လား ” ဆိုတဲ့ မေးခွန်းကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက်လိုလဲ ဆိုတာ ရိပ်မိမယ်၊၊ ပြီးတော့ “ ငါဟာ ဘယ်လောက်ထိအောင် ကောင်းတဲ့ လူတယောက် ဖြစ်လာနိုင်သလဲ၊ ဘယ်လောက်ထိအောင် စိတ်ထား နူးညံ့တဲ့ အေးချမ်းတဲ့ မြင့်မြတ်တဲ့ လူတယောက် ဖြစ်လာနိုင်သလဲ ” ဆိုတဲ့ မေးခွန်းမျိုးကို မေးကြည့်စမ်းပါ။ သတ္တိ ဘယ်လောက် လိုမလဲလို့၊၊ အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ရင်ဆိုင်ရတဲ့အခါမှာ ရှိရမဲ့ သတ္တိမျိုးကို မွေးသွားနိုင်ပြီဆိုရင် အပြင်မှာ ရှိနေတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါမှာ ပိုပြီးတော့ ကြီးမားတဲ့ တည်ငြိမ်မှု အေးချမ်းမှု ရှိတဲ့စိတ်နဲ့ ရင်ဆိုင်သွားမှာ ဧကန်မုချပဲ။ ဒါကြောင့် အပြင်မှာ ရှိနေတာကို ရင်ဆိုင်ဖို့ထက် ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ရင်ဆိုင်ဖို့က သတ္တိပိုပြီး လိုအပ်ပါတယ် ဆိုတာကို နားလည်ဖို့ လိုတယ်။

🎪🎪🎪
သူ့ ဆီက ဘာမှပြန် မမျှော်လင့်ဘဲနဲ့ ကိုယ်ပေးနိုင်တာကို မေတ္တာနဲ့ ပေးနိုင်ဖို့ သတ္တိ လိုပါတယ်။ ငါ့ကို ပြန်ချစ်မှာလားဆိုတဲ့ မျှော်လင့်ချက်မျိုး မထားဘဲ ကိုယ်က လှိုက်လှိုက်လှဲလှဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ သူ့ကိုချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို ပေးလိုက်တာပဲ။ ကိုယ့်ဘဝထဲမှာ သူ့ကို နေရာပေးလိုက်တာဘဲ။ ကိုယ့်ဘဝထဲမှာ သူ့အတွက် နေရာပေးနိုင်ဖို့ သတ္တိ လိုတယ်၊၊ အရှုံးအမြတ် မတွက်ပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ အနိုင်အရှုံးမရှိပဲ ချစ်နိုင်ဖို့ သတ္တိ လိုတယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ဖို့ သတ္တိ လိုတယ်။ ရာနှုံးပြည့် ရိုးသားတဲ့စိတ်နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို ပေးနိုင်ဖို့ သတ္တိ လိုတယ်။ တကယ် သတ္တိရှိမှ ချစ်နိုင်တယ်။ ကိုယ့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ရိုးသားတဲ့စိတ်နဲ့၊ ကိုယ့်အသိဥာဏ်နဲ့ ကိုယ်မြင်ထားတာ သိထားတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ သတ္တိ လိုတယ်။ ဆန့်ကျင်ဘက် ပြောဖို့ သတ္တိ လိုတယ်လို့ ပြောနေတာ မဟုတ်ဘူး။ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ ရေးနိုင်ဖို့ကိုပဲ သတ္တိ လိုတယ်။

🎪🎪🎪
ပိုပြီးတော့ ကောင်းတဲ့ လူ့အသိုင်းအဝိုင်း ဖြစ်လာဖို့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ ကြိုးစားရတာ သတ္တိ လိုပါတယ်။ ရိုးသားမှုရှိဖို့ ဆိုတာ သတ္တိ အင်မတန် လိုပါတယ်။ ကိုယ်ကျင့်တရား ရှိဖို့ ဆိုတာလည်း သတ္တိ အင်မတန် လိုပါတယ်။ တရားမျှတတဲ့နည်းနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့ ကြိုးစားတာ၊ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး တခု ရထားတာကို ဆုံးရှုံးမသွားဖို့၊ တရားမျှတတဲ့နည်းနဲ့ ပြတ်ပြတ်သားသား ကာကွယ်တာ၊ ထိန်းသိမ်းတာဟာလည်း သတ္တိပါဘဲ။

🎪🎪🎪
တခုခုကို ဖန်တီးဖို့ တီထွင်ဖို့ သတ္တိ လိုတယ်။ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးတွေကို ကြီးထွားလာအောင် လုပ်တာ၊ ပိုပြီးတော့ လွတ်လပ်တဲ့သူဖြစ်အောင်၊ ပိုပြီးတော့ တာဝန်ကျေတဲ့ တာဝန်သိတဲ့ တာဝန်ယူနိုင်တဲ့ လူတယောက် ဖြစ်လာအောင် ပုံဖေါ်တာဟာလည်း တီထွင် ဖန်တီးတာပဲ။ ဒါ သတ္တိရှိမှ လုပ်နိုင်တယ်။ ငါဟာ လူသားတယောက်ပါ၊ ကိုယ်ပိုင်ဥာဏ်နဲ့ ကိုယ့်ဘဝကို နေသွားနေတဲ့ လူသားတယောက်ပါ ဆိုတဲ့အနေနဲ့ ရပ်တည်ဖို့ ဆိုတာ သတ္တိ အများကြီး လိုတယ်။ သူများနောက်လိုက် မဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တဲ့သူ၊ ကိုယ့်လမ်းကို ကိုယ်ရှာပြီး သွားနေတဲ့သူ ဖြစ်ဖို့ သတ္တိ အများကြီး လိုပါတယ်။ နေ့စဉ် နေ့စဉ် တနာရီပြီး တနာရီ၊ တမိနစ်ပြီး တမိနစ် တွေ့ကြုံနေရတဲ့ ကိစ္စတွေမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် တခုကို ချဖို့ သတ္တိ လိုပါတယ်၊၊

🎪🎪🎪
အတွင်းလွတ်လပ်မှုလို့ခေါ်တဲ့ စိတ်ရဲ့ လွတ်လပ်မှုကို တကယ် အထိခိုက်မခံဖို့ ထိန်းသိမ်းဖို့က ပိုပြီးတော့ ကြီးမားတဲ့ သတ္တိ လိုအပ်ပါတယ်။

🎪🎪🎪
သတ္တိ မရှိရင် သင်ဟာ တကယ်ချစ်တဲ့သူ မဖြစ်နိုင်ဘူး။ အားငယ်နေတဲ့ သူဟာ အားကိုးရမဲ့သူကိုပဲ ရှာတယ်။ တကယ်ချစ်တာ မဟုတ်ဘူး၊၊တကယ်ချစ်တယ်ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့သူ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ သူနှစ်ယောက်ရဲ့ ဆက်ဆံရေးပဲ ဖြစ်တယ်။ သတ္တိ မရှိတဲ့သူဟာ အားငယ်တတ်တဲ့သူဟာ ယုံကြည်စိတ်ချတတ်တဲ့သူ မဟုတ်ဘူး။ သူများကို ယုံတယ်ဆိုတာ စိတ်ဓာတ်အင်အား ကြီးတဲ့သူမှသာ လုပ်နိုင်တယ်။ မိသားစု အချင်းချင်းတောင် မယုံကြတာ ရှိတယ်၊၊ သတ္တိမရှိတဲ့သူဟာ အမှန်တရားကို စူးစမ်းမှု မလုပ်နိုင်ဘူး။ အမှန်တရားကို ရှာဖွေစူးစမ်းတယ် ဆိုတာ ဟုတ်ရဲ့လား မှန်ရဲ့လား ဆိုတဲ့ မေးခွန်းကို မေးနိုင်တဲ့သူမှသာ လုပ်နိုင်တယ်။ သတ္တိ မရှိတဲ့သူဟာ အပြင်မှာ အားကိုးစရာတွေကို လိုက်ရှာနေတယ်။ သူ့အသိဥာဏ်ကို သူ အားမကိုးဘူး။ သတ္တိ မရှိတဲ့သူဟာ ထီထိုးတယ်။ သတ္တိ ရှိတဲ့သူဟာ အလုပ် လုပ်တယ်။

🎪🎪🎪
သဘာဝမကျတာကို ယုံကြည်မှုဟာ အယူသည်းမှုပဲ။ ဘာသာရေးမှာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲ ဖြစ်ဖြစ်၊ လူမှုရေးမှာပဲ ဖြစ်ဖြစ် သဘာဝကျရဲ့လား ဆိုတာကို မေးပါ။ သဘာဝကျတာကို လက်ခံပါ။ သဘာဝ မကျတာကို ရဲရဲကြီး ပယ်လိုက်ပါ။ အဲဒါ သတ္တိ ပဲ။

🎪🎪🎪
ကိုယ်ဘာကို တကယ် ယုံကြည်သလဲဆိုတာ မသိတဲ့သူ၊ ကိုယ်ဘာကို ယုံကြည်တယ်ဆိုတာ မသိတဲ့အတွက် ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက် အတွက်နဲ့ ခိုင်ခိုင်မာမာ မရပ်တည်နိုင်တဲ့သူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး၊၊ ကိုယ့်ရဲ့ အစွမ်းအစတွေ ကိုယ့်ရဲ့သတ္တိတွေ ကိုယ့်ရဲ့ အရည်အချင်းတွေဟာ ဘယ်လိုဟာတွေလဲ ဆိုတာကို မသိပဲနဲ့ တစုံတယောက်က ကိုယ့်ကို ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်ပေါ်လာအောင် သူတို့ ကျေနပ်အောင် ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ တယောက်ယောက်ရဲ့ အကြိုက်အတိုင်း နေပြရတယ်ဆိုရင် အဲဒီလူဟာ စစ်မှန်တဲ့ သတ္တိ ရှိတဲ့သူ ဖြစ်မလာနိုင်ဘူး။

🎪🎪🎪
တခုခုကို လုပ်တဲ့အခါမှာ “ဘာဖြစ်လို့လုပ်တယ်” ဆိုတဲ့ အရင်းခံ အကြောင်းတရားက ကိုယ့်ရင်ထဲကမှ မလာလို့ရှိရင် အဲဒီအလုပ်ကို သတ္တိရှိရှိ မလုပ်နိုင်ဘူး။ ဒါ့ကြောင့် ဘာအလုပ်ပဲလုပ်လုပ်၊ ကျောင်းဆရာပဲလုပ်လုပ် သတ္တိရှိဖို့ လိုတယ်။ ဆရာဝန်လုပ်လည်း သတ္တိရှိဖို့ လိုတယ်။ အရောင်းအဝယ် တခုခု လုပ်မယ် ဆိုရင်လည်း ငါ ရိုးရိုးသားသား ရောင်းမယ်ဝယ်မယ်၊ ငါ့ရဲ့ အရောင်းအဝယ် လုပ်ငန်းနဲ့ ငါ့ ပတ်ဝန်းကျင်ကို အကျိုးပြုမယ် ဆိုတဲ့စိတ်နဲ့ လုပ်နိုင်ဖို့ သတ္တိ အများကြီး လိုတယ်။ တကိုယ်ကောင်းဆန်ဆန် မတရား အမြတ်များများရဖို့ မကြိုးစားပဲ သင့်ရုံလောက် အမြတ်ရရင် တော်ပြီ ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့ သတ္တိ လိုတယ်၊၊ ဘယ်လိုအလုပ်ပဲ လုပ်လုပ် ကိုယ့်ရင်ထဲမှာ ရှိနေတာနဲ့ ကိုယ်အပြင်မှာ ပြောနေ ဆိုနေ လုပ်နေတာနဲ့ဟာ ထပ်တူဖြစ်မှသာ သတ္တိ ရှိတဲ့သူလို့ ပြောလို့ရမယ်။

🎪🎪🎪
သူများအထင်ကြီးတာ ခံရဖို့၊ သူများကြိုက်ဖို့၊ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာ၊ အခွင့်အရေး တခုခုရဖို့ ကိုယ့်ခံယူချက်နဲ့ တကယ်မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ပေးနေတာ လုပ်ပြနေတာဟာ သတ္တိ မရှိရာရောက်တယ်။

🎪🎪🎪
ကိုယ့်ကိုယ်ကို ဂုဏ်သိက္ခာရှိတဲ့ လူတယောက်လို့ ခံစားရတာ၊ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့ လူတယောက် ၊ တန်ဖိုးထားထိုက်တဲ့ လူတယောက်၊ လေစားစရာကောင်းတဲ့ လူတယောက်လို့ ခံစားရတာဟာ သတ္တိရဲ့ အခြေခံဖြစ်တယ်။ ကိုယ့်ကိုယ်ကို မလေးစားနိုင်ရင် သတ္တိရှိတဲ့သူ မဖြစ်နိုင်ဘူး။

🎪🎪🎪
အပေါ်ယံ ပစ္စည်းဥစ္စာတို့ ရာထူးတို့ကို ကြည့်ပြီးတော့ သတ္တိရှိတဲ့သူလို့ ပြောလို့ မရဘူး။ ပစ္စည်းဥစ္စာ ချမ်းသာချင်လည်း ချမ်းသာနေမယ်၊ ရာထူးလည်း ရှိချင်ရှိနေမယ်၊ ဒါပေမဲ့ အတွင်းမှာတော့ သတ္တိနည်းတဲ့သူ ဖြစ်နေနိုင်တယ်။

🎪🎪🎪
ဂလဲ့စားခြေတဲ့အနေနဲ့ တုံ့ပြန်တာဟာ သတ္တိ မဟုတ်ဘူး။

🎪🎪🎪
ကိုယ့်ဘဝမှာ ကောင်းတာတွေ များများ ဖြစ်လာနိုင်ဖို့ ဆိုတာ မှန်ကန်တဲ့ ပြတ်သားတဲ့ ခံယူချက် ဦးတည်ချက် တန်ဖိုးထားစရာတွေ ရှိပြီးတော့၊ အဲဒီ ကိုယ်တန်ဖိုးထားတာတွေအတွက် သတ္တိရှိရှိ ရပ်တည်နိုင်မှသာ အဲဒီ ကောင်းတာတွေဟာ ဖြစ်လာမယ်။

🎪🎪🎪


ကိုယ့်မှာ ဘယ်လိုအင်အားတွေ၊ ဘယ်လိုအရည်အချင်းတွေ၊ဘယ်လိုပင်ကိုယ်အစွမ်းအစတွေ ရှိသလဲ ဆိုတာ သိရမယ်။ ကိုယ့်အစွမ်းအစ ကိုယ့်အရည်အချင်းကို ကိုယ် ယုံကြည်ရမယ်။ အဲဒီလို ယုံကြည်မှု ရှိပြီးတော့ “ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်အရည်အချင်း၊ ဟောဒါဟာ ငါ့ရဲ့ ပင်ကိုယ်သဘောထား၊ ဟောဒါဟာ ငါ တကယ်လုပ်ချင်တဲ့ အလုပ်၊ ဒါကို ငါ တကယ်လုပ်မယ်၊ ဒါကို လုပ်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်။” လို့ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရမယ်။ အဲဒီလို ယုံကြည်မှုမှာ အခြေခံပြီးတော့ ကိုယ့်ဘဝကို ကိုယ် နေသွားရမယ်။ ကိုယ် တန်ဖိုးထားတာကို လုပ်သွားရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်နဲ့ နေသွား လုပ်သွားမှသာ သတ္တိဆိုတာ တနေ့တခြား တိုးပွားလာနိုင်တယ်။

🎪🎪🎪
ပုံမှန်လေး၊ စိတ်ရှည်လက်ရှည်လေး၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လွတ်လပ်မှုဘက်ကို တဖြေးဖြေး ရှေ့တိုးသွားနေတာ၊ တနေ့ထက်တနေ့ ပိုပြီး လွတ်လပ်တဲ့သူ ဖြစ်အောင် ကြိုးစားနေတာ၊ အဲဒါက အခက်ဆုံးအလုပ် ဖြစ်တယ်။ အကြီးမားဆုံး သတ္တိလည်း လိုအပ်တယ်။ အဲဒီသတ္တိမျိုးက အပြင်လူ မမြင်နိုင်ဘူး၊ ကိုယ့်ဘဝထဲမှာ ကိုယ့်စိတ်ထဲမှာပဲ ဖြစ်နေတယ်။

🎪🎪🎪
ငါ ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ အာရုံပြုပါ။ သိအောင်လုပ်ပါ။ ကိုယ့်ကိုယ်ကို ကိုယ် ဘယ်လိုလူ ဖြစ်ချင်သလဲ ဆိုတာ သိအောင်လုပ်ပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားပါ။ အဲဒါ အခက်ဆုံးနဲ့ ကျေနပ်စရာ အကောင်းဆုံး အလုပ်ပဲ။ ဒါ ကိုယ့်ကိုယ်ကို ကိုယ် တကယ်ယုံကြည်မှု ရှိတဲ့သူပဲ လုပ်နိုင်မယ်။ ဒါ တကယ့်စွန့်စားခန်းပဲ။
သတ္တိရှိရင် လုပ်လိုက်ပါ။ လွတ်လပ်ချင်ရင် လုပ်လိုက်ပါ။ သတ္တိရှိမှ လွတ်လပ်မယ်။⚡️⚡️⚡️

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ ) ၏
“ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

5 Shares

Add a Comment

Your email address will not be published. Required fields are marked *