မိဘဆိုတာ ချစ်​ရုံနဲ့မပြီးဘူး ချစ်​တက်​ဖို့လဲလိုပါတယ်

💐💐💐
ကိုယ့်သားသမီးတွေကို ကြီးလာတဲ့အခါမှာဘယ်လိုဖြစ်စေချင်သလဲ။ ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်းကျန်းမာရမယ်။ စိတ်လည်းကျန်းမာရမယ်။ သူငယ်ချင်းအပေါင်းအသင်းကောင်း၊ မိတ်ဆွေကောင်းများရမယ်။ မိတ်ဆွေကောင်းတွေနဲ့လည်းပဲ အပေးအယူအပြန်အလှန်ရှိပြီးတော့ တစ်ယောက်ကိုတစ်ယောက်နားလည်တဲ့၊ ချစ်ခင်လေးစားတဲ့ဆက်ဆံရေးမျိုး ဖြစ်ရမယ်။ ပညာရပ်အမျိုးမျိုးကိုလည်း နားလည်ရမယ်၊ သိရမယ်။ စားဝတ်နေရေးလည်းအဆင်ပြေရမယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်ရမယ်၊၊ ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။ မိဘမေတ္တာနဲ့ဖြည့်မယ်ဆို ဖြည့်စရာတွေအများကြီးရှိသေးတယ်။ ဘာသာတရားနဲ့ပတ်သက်တဲ့အသိအမြင်လည်း နက်နက်နဲနဲ သဘာဝကျကျသိတဲ့သူတွေဖြစ်ရမယ်။ လူကောင်းသူကောင်းဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းတဲ့သူတွေဖြစ်ရမယ်။ တရားထူးအသိဥာဏ်ထူးကို ရနိုင်သူတွေလည်းဖြစ်ရမယ်။ စသည်ဖြင့်ပေါ့။


💐💐💐
အဲဒီလိုမျှော်လင့်ရင်း သူတို့အတွက် ငါတို့ဘာတွေစီစဉ်ပေးရမလဲ။ မိဘတစ်ဦးထဲလည်းမတတ်နိုင်ဘူး။ ကျောင်းကဆရာဆရာမတွေချည်းပဲလည်း မတတ်နိုင်ဘူး။ မိဘဖက်ကလည်း လုပ်ပေးနိုင်သလောက်လုပ်ပေးရမယ်။ ဆရာဆရာမတွေဖက်ကလည်း တတ်နိုင်သလောက်လုပ်ပေးရမယ်။ တစ်ခါတလေ မိဘတွေမတတ်နိုင်တာဆိုရင် တတ်နိုင်တဲ့သူတွေနဲ့ ထိတွေ့ပေးရတယ်။ ဘုန်းကြီးကိုယ်တိုင် အဲဒီလိုလုပ်ပေးတာပဲ။ စာအုပ်ကောင်းလေးတွေရှာပေးတယ်။ တိပ်ခွေကောင်းတွေရှာပေးတယ်။ တစ်ခါတလေ စာဖတ်ပြတယ်။ ဖတ်ပြရင်းနဲ့ ဆွေးနွေးပေးတယ်။ သူတို့ဒုက္ခတွေ အခက်အခဲတွေကြုံရတဲ့အခါ ကိုယ့်ကိုလာပြောလို့ရှိရင် ဖြတ်လမ်းနည်းနဲ့ဖြေရှင်းမပေးဘူး။ နက်နက်နဲနဲနားလည်အောင် ထပ်ခါ ထပ်ခါ ဒါကိုဆွေးနွေးပေးတယ်။ ဒါ ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်လိုသဘောထားကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ နောင် ဒီလိုအခက်အခဲမျိုးမကြုံရအောင် ဘယ်လိုသဘောထားရမလဲ၊ ဘယ်လိုပြောရမလဲ၊ ဘယ်လိုဆိုရမလဲ။ နေတာ ထိုင်တာ ပြောတာ စားတာ သောက်တာ ဝတ်တာကအစ ဘာမှမကျန်အောင်ဆွေးနွေးတယ်။

💐💐💐
ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက် ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားရမယ်။ ကိုယ့်ကိုသူများလည်း လေးစားရမယ်။ အဲဒီလိုဖြစ်အောင် ဘယ်လိုနေရမလဲ။ အဲဒီလိုသင်ပေးတော့လည်း တတ်လာတာပါပဲ။ “ဒီလိုလူ”ဖြစ်လာအောင်ဆိုပြီး ရည်ရွယ်ချက်ထားရတာပဲ။ ဒါကြောင့် မိဘတွေကိုယ်တိုင်လည်း ရည်ရွယ်ချက်ထားစေချင်တယ်။ သားသမီးတွေကိုလည်း ပြောပြစေချင်တယ်။ ပြောပါများရင် သူတို့သဘောပေါက်လာမယ်။

💐💐💐
မိဘတွေက သားသမီးတွေကိုတော့ချစ်ကြပါတယ်။ ပညာတွေသင်ပေးတယ်၊ ဘွဲ့တွေရစေချင်တယ်၊ အလုပ်တွေ ကြီးကြီးကျယ်ကျယ်လုပ်စေချင်တယ်၊ ပိုက်ဆံတွေ အများကြီးရှိစေချင်တယ်။ ဒါတွေအားလုံး ကောင်းပါတယ်၊ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်နဲ့အသိဥာဏ် ရင့်ကျက်မှု၊ မြင့်မြတ်မှုကို အထောက်အကူပေးဖို့အရေးမပါလာရင် တကယ်အဆင့်မြင့်တဲ့မေတ္တာလို့ မပြောနိုင်သေးဘူး။


💐💐💐
အပျော်အပါး လုံးဝကင်းတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို ထိန်းထိန်းသိမ်းသိမ်းခံစားတတ်အောင်သင်ပေးပြီး နောက်တစ်ဖက်ကလည်း တရားနဲ့ပတ်သက်တဲ့အသိအမြင်လေးတွေ ရင့်ကျက်လာအောင်လုပ်တတ်ဖို့ သင်ပေးဦးမှဖြစ်မယ်။ ဒါမှ မိဘဝတ္တရားလည်းကျေမယ်။ မိဘမေတ္တာကလည်း ပိုပြီးတော့လေးနက်ပီပြင်လာမယ်။

💐💐💐
လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမယ်လို့ပြောကြတယ်။ ဘုန်းကြီး တွေးကြည့်တယ်။ လူကောင်းဖြစ်ဖို့ အရင်ကြိုးစားရမယ်။ လူကောင်းကတော်မှ ကောင်းတာတွေကိုထိထိရောက်ရောက်လုပ်နိုင်မယ်။ မကောင်းတဲ့သူကတော်ရင် မကောင်းတာတွေကိုများများလုပ်လိမ့်မယ်။ ဒါကြောင့် ကလေးတွေကို ကောင်းတဲ့သူကိုအားကျတတ်အောင် သင်ပေးရမယ်။ စာအုပ်ကောင်းတွေကိုဖတ်ပြရမယ်။

💐💐💐
မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲတဲ့သူတွေ ဥာဏ်ရှိတဲ့သူတွေဖြစ်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကိုပြောခွင့်မရရင် ဘယ်လိုလုပ်ပြီးပြောရဲဆိုရဲတဲ့သူဖြစ်လာတော့မလဲ။ လွတ်လပ်မှုဟာ အိမ်ကနေစရမယ်။ မိသားစုဆက်ဆံရေးမှာလွတ်လပ်မှုရှိမှ အပြင်လောကမှာ လွတ်လပ်မှုရှိအောင်ဆက်ဆံတတ်မယ်။ မိဘတွေ လွတ်လပ်မှုကိုဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သားသမီးတွေကို ဘယ်လောက်လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်၊ပြောခွင့်၊လုပ်ခွင့်ပေးသလဲဆိုတာနဲ့ တိုင်းတာလို့ရတယ်။ ကိုယ့်အိမ်ဟာ လွတ်လပ်မှုအပြည့်ရတဲ့နေရာ ဖြစ်ရမယ်။ အပြင်လောကမှာမရနိုင်တဲ့လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့အိမ်လို့ဆိုနိုင်မယ်။ လွတ်လပ်သောအိမ်ဖြစ်မှ ပျော်စရာကောင်းသောအိမ်ဖြစ်မယ်။ လွတ်လပ်တဲ့နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့အိမ်ဖြစ်အောင်လုပ်ရမယ်။ အိမ်မှာ freedom of speech (လွတ်လပ်စွာ ပြောဆိုခွင့်)ရှိရမယ်။ သဘောထားအယူအဆတွေမတူတာကို မကြောက်မရွံ့ပြောလို့ရတဲ့နေရာဟာ ကိုယ့်အိမ်ဖြစ်ရမယ်။ သားသမီးတွေ လွတ်လပ်တဲ့စိတ်ဓာတ်ရှိဖို့ အိမ်ကနေစပြီး လေ့ကျင့်ပေးရမယ်။

💐💐💐
သဘောထားအယူအဆမတူတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်တော့ရှိသင့်တယ်။ ဒီလို ဆွေးနွေးခွင့်ပေးမှလည်းပဲ ဒီသားသမီးတွေမှာ စဉ်းစားနိုင်တဲ့အရည်အချင်း ဆုံးဖြတ်နိုင်တဲ့အရည်အချင်း၊ တာဝန်ယူနိုင်တဲ့အရည်အချင်းရလာမယ်။

💐💐💐
သားသမီးကိုချစ်ရင် စဉ်းစားခွင့်ပေးပါ။ မိဘက နေရာတကာစဉ်းစားမပေးပါနဲ့။ မိဘကသားသမီးအစား စဉ်းစားဆုံးဖြတ်ပေးတာ ချစ်ရာမရောက်ဘူး။ သားသမီးတွေ သူ့ဟာသူစဉ်းစားတတ်အောင် အားပေးပါ။ စဉ်းစားတတ်၊ ဆုံးဖြတ်တတ်မှသာ လွတ်လပ်တဲ့သူဖြစ်လာမယ်။ ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် သူ့ဟာသူစဉ်းစား၊ သူ့ဟာသူဆုံးဖြတ်၊ သူ့ဟာသူတာဝန်ယူ၊ မှားသွားရင်လည်း သူ့ဟာသူပြင်။ အဲဒီလိုနေသွားမှသာ တကယ့်ပြင်ပလောကမှာ လက်တွေ့ဘဝကိုရင်ဆိုင်ရတဲ့အခါ ကိုယ့်ဟာကိုယ်စဉ်းစားဆုံးဖြတ်နိုင်တဲ့၊ တာဝန်ယူနိုင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံး ဘယ်သူ့ကိုမှအားမကိုးတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။

💐💐💐
လူဟာ ကိုယ့်အသိဥာဏ်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဟာကိုယ်နေရမှသာ ကိုယ့်ကိုယ်ကို အားရမှု၊ ကျေနပ်မှု ရှိတယ်။ ကိုယ့်ကိုယ်နဲ့ သူ့စိတ်နေရမယ်ဆိုရင် ဘယ်လိုမှ အားရမှုကျေနပ်မှုမရှိဘူး။ ကိုယ်ပိုင်အတွေးအခေါ်အယူအဆ၊ ကိုယ်ပိုင်ခံစားချက်မရှိရင် သူဟာ သီးခြားရပ်တည်နိုင်တဲ့ လူသားတစ်ယောက်ဖြစ်တယ်လို့ မပြောနိုင်ဘူး။👻👻

🍃ဆရာတော်ဦးဇောတိက🍃
🍂(မဟာမြိုင်တောရ )🍂

💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှကူးယူဖော်ပြပါသည်၊၊
(page 248)

8 Shares

Add a Comment

Your email address will not be published. Required fields are marked *