NLD အစိုးရခေါင်းဆောင်များဖတ်မိပါစေ

🚘🚘NLD အစိုးရခေါင်းဆောင်များဖတ်မိပါစေ🚖🚖

“အခြေခံလူတန်းစားတွေရဲ့ ကားစီးမယ့် အိပ်မက်တွေ ပျက်ပြယ်သွားတာပေါ့။ ဦးသိန်းစိန်လက်ထက်တုန်းက ကားဈေးက သိန်း ၁၀၀ ဆို ကောင်းကောင်းရပြီ”

မြန်မာနိုင်ငံမော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းနှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစတင်ပြီး ညာမောင်း ကားများ တင်သွင်းခွင့်မပြုတော့ဘဲ ဘယ်မောင်းကားများသာ တင်သွင်းရမည့်ဆိုသည့် မူဝါဒတစ်ရပ်ချမှတ်လိုက်ပြီး ယင်းမူဝါဒ ကြောင့် ဖြစ်ပေါ်လာသော ဈေးကွက်အခြေအနေ၊ ပြည်သူများ၏ ကားစီးနိုင်ရေး အိပ်မက်၊ ကားမူဝါဒ မှန်၊ မမှန် တို့နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ၂၀၁၈ ကစပြီး နိုင်ငံတွင်းကို ညာမောင်း ကားတွေ သွင်းခွင့် မရတော့ဘူး။ ဘယ်မောင်းတွေပဲ သွင်းခွင့်ပြုလိုက်ပြီဆိုတော့ သက်ရောက်မှု ဘယ်လိုတွေစဖြစ်ပြီလဲ။

ဖြေ။ ။ ပြောင်းလိုက်တဲ့မူဝါဒကတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တွက်တာမျိုးမဟုတ်ဘဲနဲ့ ရန်ကုန်တစ်ခုတည်းကိုပဲ ကွက်ပြီး လုပ်လိုက်တဲ့ အမိန့်ပေါ့။ တကယ်ဆို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရမှာ။ ယာဉ်ကြော ကျပ်တည်းမှု ဆိုတာ ရန်ကုန်တစ်မြို့တည်းဖြစ်နေတာ။ နေပြည်တော်နဲ့ နယ်တွေမှာဆို ကားတောင်မရှိဘူး။ ယာဉ်ကြောပိတ်ဆို့မှုဆိုတာ သိပ်မရှိသလောက်ပဲ။ ဒီမူဝါဒက ရန်ကုန်တိုင်းတစ်ခုတည်းကိုပဲ ကြည့်ပြီး ချလိုက်တဲ့အတွက် တကယ်တမ်း နစ်နာတာက အခြားတိုင်းနဲ့ ပြည်နယ်တွေ အကုန်လုံးက နစ်နာတယ်။

ဘယ်နိုင်ငံမှာမှ မရှိတဲ့ ဥပဒေမျိုးထုတ်တယ်။ဘယ်ကိုင်းပဲ သုံးရမယ်။ သွင်းရမယ်ဆိုတဲ့ ဥပဒေမျိုးက ဘယ်မှာမှ မရှိဘူး။ ဘယ်ကိုင်းက မြန်မာနိုင်ငံမှာ သိပ်ပြီး မကြိုက်ကြဘူး။ နောက်တစ်ခုက ဘယ်ကိုင်းအသစ်တွေက ဈေးကြီးတယ်။ တော်ရုံလူ မသွင်းနိုင်ဘူး။ ဒီမြန်မာဈေးကွက်က ဂျပန်ကားညာမောင်းတွေဆိုရင် ပစ္စည်းပေါတယ်။ ဒီညာမောင်းတွေနဲ့ အကုန်လုံးက နှစ်ပေါင်းများစွာ နဲ့ အကျွမ်းတ၀င်ရှိတယ်။ ဘယ်ကိုင်းတွေက ဥရောပကား တွေက ဈေးကြီးတယ်။ ဂျပန်ဆိုရင် ဘယ်ကိုင်းက Export တွေ ဖြစ်တော့ သူလည်း ဈေးကြီး တယ်။ ပြည်တွင်းထုတ်ကားတွေကိုလည်း ဦးစားပေးချင်တဲ့ သဘောလည်းပါတယ်။ ဒါပေမယ့် ပြည်တွင်းထုတ် ဘယ်မောင်းကားတွေက ဈေးသက်သက်သာသာနဲ့ မရနိုင်ဘူး။ သာမန်လူတွေ လက်လှမ်းမမီဘူး။ အခုဟာက လူတစ်စု ကောင်းစားရေးအတွက် သီးသန့်လုပ်ပေးသလိုဖြစ်နေတယ်။


မေး။ ။ ဒီမူဝါဒက ဘာလို့ လူတစ်စု ကောင်းစားရေးအတွက် သီးသန့်လုပ်ပေးသလိုဖြစ်တယ် ဆိုတာဘာကိုဆိုတာလဲ။

ဖြေ။ ။ ပြည်တွင်းထုတ်ဘယ်မောင်း ကားဆိုတာက ဟိုကနေ ကားစီးလုံးလိုက်သွင်းလာပြီး ဒီကျမှ ပြန်တပ်ဆင်တာ။ တကယ်တမ်းက Nissan ၊ Suzuki ၊ KIA ရှိတယ်။ အဲဒီ ကုမ္ဗဏီ တွေက မြန်မာနိုင်ငံမှာ စက်ရုံကြီးဆောက်ပြီး ကားတစ်စီးလုံးရဲ့ အစိတ်အပိုင်း အကုန်လုံး ကို လာပြီး ထုတ်လုပ်တာမဟုတ်ဘူး။ ဒီကားစက်ရုံတွေဆိုတာက လူနည်းနည်းလေးနဲ့ပဲ ဟိုက သွင်းလာတဲ့ ကားစီးလုံးလိုက်ကြီးကို တပ်ဆင်ပြီး ထုတ်လုပ်တာ။ အဲဒါကို ဒီမှာ ကားထုတ် တယ်ဆိုပြီး နိုင်ငံကိုဆောင်ရမယ့် အခွန်တွေကို သူတို့ အိတ်ထဲထည့်သွားတာ။ ဟိုမှာ ကားတစ်စီးလုံးစာ ထုတ်လုပ်ထားပြီးသား ပစ္စည်းတွေကို သွင်းလာတယ်။ ပြီးတော့ ဒီမှာ တပ်ဆင်တယ်။ အဲဒါကို ဒီမှာ ကားထုတ်တယ်။ကုန်ကျစရိတ်တွေ များတယ်ဆိုပြီး အခွန် လျှော့ပေးဆိုပြီး တောင်းတယ်။ လျှော့လည်းလျှော့တယ်။ ဒီမှာ ထုတ်တဲ့ကားတွေက ရန်ကုန်လိုင်စင်ရတယ်။ ကညန ခွန် အရမ်းသက်သာတယ်။ အကောက်ခွန်ကလည်း အခွန်လျှော့ပေးသေးတယ်။

အဲဒီတော့ ကျနော်တို့က ကားအစီးလိုက် တင်သွင်းတဲ့ သူတွေက ကားတစ်စီးရဲ့ တန်ဖိုး ၂၀၀ ရာခို်င်နှုန်းလောက် အခွန်ဆောင်နေရချိန်မှာ ပြည်တွင်းမှာ ကားအစိတ်အပိုင်း တွေအကုန် သွင်းပြီး တပ်ဆင်တဲ့သူတွေက ကားတစ်စီးရဲ့ ၃၀ ရာခိုင်နှုန်း လောက်ပဲ အခွန်ဆောင်ရတယ်။ ၀င်ငွေ အခွန် ၁၅ ရာခိုင်နှုန်းကတော့ ဘယ်သူမဆို ဆောင်ရတယ်။ ပြောချင်တာက တပ်ဆင်
ထုတ်လုပ်တဲ့သူတွေက ဆိပ်ကမ်းက အခွန်လောက်ပဲ ဆောင်ရတယ်။ ဒါတောင် လျှော့ခိုင်း ထားတော့ လျှော့သေးတယ်။

အခွန်လျှော့နေတော့ ကားတစ်စီး တန်ဖိုးက သိန်း ၁၅၀ လောက်ပဲ ရှိပေမယ့် ပြည်သူတွေကို သိန်း ၂၅၀ နဲ့ ၃၀၀ ကြား ခေါ်ရောင်းတယ်။ အခွန်လျှော့လို့ ဈေးသက်သက်သာသာနဲ့ မရောင်းဘူး။ နိုင်ငံတော်က ရမယ့် အခွန်တွေကို သူတို့ အိတ်ထဲ ကောက်ထည့်သွားကြတဲ့ သဘောဖြစ်နေတယ်။ ကားပေါ်မှာ လည်း ထပ်ပြီး အမြတ်ယူတယ်။ ပြည်သူတွေက တကယ်တမ်း တွက်မယ်ဆိုရင် ဈေးသက်တောင့်သက်သာနဲ့လည်း မစီးရဘူး။ သမ္မတ ဦးသိန်းစိန် လက်ထက်က ဆိုရင် ကားတစ်စီးကို သိန်း ၁၀၀ ကျော်ဆိုရင် ကောင်းကောင်း စီးလို့ရပြီ။ အခုက ကားကောင်း ကောင်းစီးချင်ရင် သိန်း ၁၀၀ လောက်နဲ့ မရတော့ဘူး။ ပြည်တွင်းထုတ်ဘယ်မောင်း ကားနဲ့ ဂျပန်က သွင်းလာတဲ့ တစ်ပတ်ရစ်ကားမှာလည်း အရည်အသွေးချင်းကလည်း မတူဘူး။


Grade က အစ အတွင်းခန်းက အစ အရမ်းကို ကွာနေတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ တင်ပြတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ဆီ တင်တယ်။ စီးပွားကူးသန်းဝန်ကြီး ဆီ တင်ပြတယ်။ ၂၀၁၈ ကားမူဝါဒက ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ တင်ထားတယ်။ ဘယ်ကိုင်းပဲ သွင်းရမယ်ဆိုတာက တစ်ဖက်သတ်ဆန်လွန်းတယ်။ ဘယ်မှာမှ မရှိဘူး။ အဲဒီတော့ ပြည်သူတွေရဲ့ လိုအပ်ချက်က ညာကိုင်းဖြစ်တယ်။ ညာလက်နဲ့ ထမင်းစားနေတဲ့သူကို ဘယ်လက်နဲ့ ထမင်းစားခိုင်းနေသလိုပဲ။ ညာသန်သူကို ဘယ်နဲ့ ပြောင်းပြီး အလုပ်လုပ်ခိုင်း သလိုဖြစ်နေတယ်။ မရဘူးလို့ မဆိုလိုဘူး။ အပေါက်အလမ်းတည့်မှာမဟုတ်ဘူး။ နှစ်ပေါင်း များစွာ ကားတွေ မောင်းလာတာ ညာမောင်းတွေကို ချက်ချင်းကြီး ဘယ်ပြောင်း ခိုင်းတာ အန္တရာယ် လည်းများတယ်။ လက်ယာကပ်မောင်း လမ်းစနစ်နဲ့ ညာမောင်း ကားတွေက နှစ် ပေါင်း များစွာ အတော်ကိုအသားကျနေပြီးသားပဲ။ အဲဒီတော့ ပြန်ချုပ်ရင်တော့ ဘယ်မောင်း ကို ချက်ချင်းကြီးပြောင်းခိုင်းတာက လူတစ်စု ကောင်းစားရေးနဲ့ စီးပွားရေးအရ လုပ်စားခွင် လုပ်တယ်လို့ပဲ မြင်တယ်။

မေး။ ။ ဘယ်မောင်းက လက်ယာကပ်မောင်းစနစ်မှာ ကားကျော်ဖို့ ကြည့်တဲ့အခါမှာ အဆင် ပြေတယ်၊ ယာဉ်အန္တရာယ် လျှော့ချနိုင်တယ်ဆိုပြီး ပြောတာ ဆိုတာတွေလည်းရှိတယ်။ လက် ယာကပ်မောင်းမှာဘယ်မောင်းက ပိုပြီး Safe ဖြစ်တာမဟုတ်ဘူးလား။

ဖြေ။ ။ ကားကျော်တက်ဖို့ကိုရည်ရွယ်ပြီး စစဉ်းစားကတည်းက ဥပဒေကို ကျော်ပြီး လုပ်ဖို့ စဉ်းစားတယ်လို့ပဲပြောရမယ်။ ကျော်မယ် စစဉ်းစားကတည်းက ဥပဒေကို ချိုးဖောက်ဖို့ စဉ်းစား တာပဲ။ တကယ်တမ်းဆိုလို့ရှိရင် ရန်ကုန်မြို့မှာ ကီလို ၃၀ ထက်ပိုမောင်းလို့မရဘူး။ ဖြည်းဖြည်း လေးတွေ သွားနေရတာ။ အဝေးပြေးလမ်းမှာ ရှေ့ကားကို ကျော်ဖို့ ကြည့်ရင် ဘယ်ကိုင်းက တစ်ပန်းသာတယ်ဆိုပြီး ပြောတယ်။ အဲဒီလောက် မလိုဘူး။ ညာကိုင်း မောင်းမောင်း၊ ဘယ်ကိုင်းမောင်းမောင်း အဝေးပြေးမှာ မောင်းမယ်ဆိုရင် ရှေ့ကားနဲ့ မကပ်နဲ့။ အရမ်းကြီး ကပ်မကျော်နဲ့။ အဝေးကလာတဲ့ကားကို မြင်အောင်ကြည့် အချိန်အဆ က အဓိကပဲ။ အခု ကုန်ကားတွေ က ညာမောင်းတွေ။ ကုန်ကားတွေ မောင်းနေတဲ့သူတွေက ညာကိုင်း တွေများတယ်။ တောင်ပေါ်တက်ရင် ဘယ်ကိုင်းနဲ့မရဘူး။ ချောက်ထဲကျကုန်မယ်။ အဲဒါတွေကို ပြန်ကြည့်ဖို့လိုတယ်။ ကုန်စည်စီးဆင်းမှုမှာ ဘယ်ကိုင်းမူဝါဒကြောင့် ကားသမားတွေလည်း အခက်အခဲဖြစ်မယ်။ ကုန်ကားတွေဆိုရင် ညာကိုင်းတွေ သွင်းဖို့ ပြန်စဉ်းစားသင့်တယ်။

နှစ်ပေါင်းများစွာ မောင်းနေတာ။ ညာကိုင်းက အသားကျနေပြီ။ ပြောချင်တာက ဘယ်ကိုင်း လည်း သွင်း၊ ပြည်သူတွေ အသားကျနေတဲ့ ညာကိုင်းတွေလည်း သွင်းခွင့်ပေးလိုက်။ ညာကိုင်း ကိုလည်း မော်ဒယ် မြှင့်ပြီး သွင်းခွင့်ပေးဖို့ တောင်းဆိုချင်တယ်။ ဘယ်ကိုင်းကိုလည်း ပိတ်ခိုင်းတာမဟုတ်ဘူးနော်။ မျှတအောင် လုပ်စေချင်တယ်။ တကယ်တမ်း ပြည်တွင်းမှာ ကားထုတ်တယ်ဆိုတာကလည်း ကားနဲ့ပတ်သက်လို့ “က” ကနေ “အ” အထိ ထုတ် တာမျိုးဆိုရင် ကြိုဆိုတယ်။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘူး။ အခုက နိုင်ငံခြားက ဖြုတ်လာတဲ့ ကားတွေ ဒီမှာ လာတပ်ပြီး အခွန်သိပ် မပေးရအောင် လုပ်သလိုဖြစ်နေတယ်။ နိုင်ငံတော်ကို တစ်ပတ်ရိုက်နေသလိုဖြစ်နေတယ်။ နိုင်ငံတော်အတွက် ဆုံးရှုံးတယ်။ ကားက ရတဲ့အခွန်တွေနဲ့ နိုင်ငံတော်အတွက် အများကြီး အထောက်အကူ ဖြစ်တယ်။ အခု ညာမောင်းတွေ ပိတ်လိုက် တော့ ကားတင်သွင်းမှုက ရတဲ့ အခွန် တအားလျှော့သွားမယ်။ နိုင်ငံတော်က ရမယ့် အခွန် တွေက နိုင်ငံခြားမှာ ကားပစ္စည်း တွေဖြုတ်ပြီး ဒီမှာ လာတပ်ဆင်တဲ့ သူတွေလက်ထဲ ရောက်သွားပြီ။

မေး။ ။ ဒီမှာ ပြည်တွင်းမှာ ကားတွေ တပ်ဆင်ပြီး ပြန်ထုတ်တဲ့ စနစ်က ကားထုတ် တာမဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့် ဒီစနစ်ကို ဘာကြောင့် ပိုပြီး အားပေးတယ်ထင်လဲ။

ဖြေ။ ။ အခု ပြည်တွင်းထုတ်ကားကို အားပေးပါ၊ အားပေးပါဆိုပြီး လုပ်နေတယ်။ ပြည်တွင်း ထုတ်တယ်ဆိုတာ ကားပစ္စည်းတွေအားလုံးက ပြည်တွင်းမှာ ထုတ်တာမဟုတ်ဘူး။ အခု လက်ရှိ စက်မှုဝန်ကြီး ဦးခင်မောင်ချိုဟာ တစ်ချိန်တုန်းက SSS ကားစက်ရုံမှူး။ ကားတစ်စီးဆို ဘာလုပ်ဆိုတာ အကုန်သိတယ်။ ကျနော်လည်း Pick Up ကားတွေကို သူငယ်ချင်း နဲ့ပေါင်းထုတ်လာတာ။ ဦးခင်မောင်ချို စက်ရုံနဲ့ ကျနော့် စက်ရုံနဲ့ ဘေးချင်းကပ်။ ကားတစ်စီးက ဘယ်လိုကနေ ဘယ်လိုလုပ်ရတယ်ဆိုတာ အကုန်သိတယ်။ အဲဒီတော့ SKD (Semi Knocked Down)နဲ့ CKD(Complete Knocked Down) ဆိုတာ သူ စနစ်စ ပေးလိုက်တာ။ သူဘာလုပ်တတ်ရင် ဘယ်လိုလုပ်တတ်တယ်ဆိုတာ ကျနော်က သိတယ်။ ကျနော် အကုန်သိတယ်။ ဒါ ပုဂ္ဂိုလ်ရေးအရ အပုတ်ချတာလည်းမဟုတ်ဘူး။ ဒါတွေက သူ ပြင်ဆင်ဖို့ လိုတယ်။ ဒီစနစ်ကို ဘယ်ကစလဲ။ KIA ကစတယ်။ KIA က ဘယ်က လုပ်လဲ။ SSS ကားစက်ရုံမှာ KIA တွေ ထုတ်တယ်။ ဒီကိစ္စက ရှင်းနေပြီ။ နောက်တဖြည်းဖြည်းနဲ့ အခြားကုမ္ဗဏီတွေကပါ လိုက်လုပ်ကြတယ်။

ဟိုတစ်နေ့က Chevrolet က ဒေါက်တာ စောနေနွယ်နဲ့ RFA တွေ့ဆုံမေးမြန်းခန်းမှာ တွေ့တယ်။ သူတို့ကားတွေ မရောင်းရဘူးပြောတယ်။ ဘာလို့ မရောင်းရဘူးလဲဆိုတော့ ရန်ကုန်လိုင်စင်မရဘူး။ မာစီဒီးတွေဝယ်တယ်၊ BMW တွေ ၀ယ်တယ်။ အရောင်းစင်တာတွေမှာ ကားကြီးတစ်စီးလုံးကို သိန်းရာထောင်ချီပေးဝယ်ရတယ်၊ ရန်ကုန်လိုင်စင် မရဘူးဆိုတော့ လူတွေက စဉ်းစားမှာပေါ့။ အဲဒီတော့ လူတစ်စုက လူဆယ်ဂဏန်းလောက်နဲ့ ကားတွေ တပ်ဆင်ထုတ်လုပ်ပြီး ရန်ကုန်လိုင်စင်ရတယ်။ သူက တစ်ပန်းသာသွားတာပေါ့။ တန်းတူ အခွင့်အရေးပေးရမယ်။ ရန်ကုန်လိုင်စင်ကို ချပေးချင်တယ်ဆိုရင် တန်းတူ အခွင့်အရေး ပေးရမယ်။ ဒါပေမယ့်လည်း ပြည်တွင်းထုတ်နဲ့ ဂျပန်ထုတ်ကတော့ အရည်အသွေး ကတော့မတူနိုင်ဘူး။ ဂျပန်က သွင်းလာတဲ့ Toyota Belta နဲ့ ယိုးဒယားမှာထုတ်တဲ့ Toyota Vios နဲ့တော့ အရည်အသွေး ကာတယ်။ ဂျပန်တော့ ဂျပန်ပဲ။ ထုတ်လုပ်တဲ့ နေရာလိုက်ပြီး အရည်အသွေးမှာလည်း ကွာခြားတယ်။ ဂျပန်ထုတ် ဂျပန်ကားအစစ်ကို မမီဘူး။ ကွာဟချက်တော့ရှိတယ်။ ဒါတွေကို ပြည်သူတွေ သိဖို့လိုတယ်။ အထူးသဖြင့်တော့ နိုင်ငံတော်ကနေပြီးတော့ ရသင့်ရထိုက်တဲ့ အခွန်တွေ အဆုံးရှုံးခံပြီး အခြေခံ လူတန်းစား တွေအတွက် ဈေးသက်သက်သာသာနဲ့ ပြည်တွင်းထုတ်ကားတွေ ရောင်းချ လာအောင် လုပ်ပေးမယ်ဆိုရင်တော့ ဘယ်ကိုင်းဖြစ်ဖြစ်၊ ညာကိုင်းဖြစ်ဖြစ် ကျနော်တို့ ကြိုဆိုတယ်။ အခုက အဲလိုဖြစ်မလာဘူး။

မေး။ ။ အဲဒီတော့ ကားဝယ်ရောင်းတွေအတွက်ကရော ဈေးကွက်က ဘယ်လိုဖြစ်နေလဲ။

ဖြေ။ ။ ကျနော်တို့ တစ်ပိုင်တစ်နိုင် ၀ယ်ရောင်းတွေ အခွန်ဆောင်ချင်တယ်။ လိုင်စင် လုပ်ချင်တယ်။ ကျနော်တို့ကို လုပ်မပေးဘူး။ ကုမ္ဗဏီဆိုရင်တော့ လုပ်ပေးမယ်ပြောတယ်။ တစ်ပိုင် တစ်နိုင်ဆိုတာက မိမိရဲ့ ၀င်ငွေနဲ့ တတ်နိုင်သလောက် ရောင်းတာ ၀ယ်တာ၊ အသေး စား စက်မှုလုပ်ငန်းလေးတွေလိုပဲ။ အခု ကျနော်တို့နဲ့ အတိုက်အခံတွေ ဖြစ်တယ်။ အတိုက်အခံ တွေဖြစ်တော့မှ ကျနော်တို့က အခွန်မဆောင်ဘူး။ စက်ရုံတွေ၊ Show Room တွေက အခွန် ဆောင်တယ်ပေါ့။ လုပ်ငန်းလိုင်စင်ရှိမှ အခွန်ဆောင်လို့ရမှာ။ Show Room သမားတွေက သူတို့က အခွန်ဆောင်ထားပြီး နစ်နာတယ်ပြောတယ်။ နေရာနဲ့ ၀န်ထမ်းနဲ့ စရိတ်တွေ သူတို့ ကုန်တယ်။ ဒါက သူတို့အပိုင်း။ ကျနော်တို့ကလည်း အခွန်ဆောင်ချင်တယ်။ လိုင်စင်ချပေးရင် ကျနော်တို့ အခွန်ဆောင်ချင်တယ်။ လိုင်စင်ချပေးရင် နိုင်ငံတော်အတွက် အခွန်ရမှာပဲ။

ဒီမှာ ထုတ်တဲ့ ကားတွေက ကားအကြောင်း တတ်သိ နားလည်သူဆိုရင် မ၀ယ်ဘူး။ ကားဝယ်ဖို့ လာတိုင်ပင်ရင်လည်း ၀ယ်ပါ။ ၀ယ်ပြီးရှုံးမယ်ဆိုတာ ရှင်းပြတယ်။ ဈေးကွက် မှာတော့ အဲဒီကားတွေက ၀ယ်ပြီးရင်တော့ ရှုံးတယ်။ လူကြိုက်ချင်း မကြိုက်ချင်း ထက် ဈေးပေါဖို့လိုတယ်။ အခု အကြွေးစနစ်နဲ့ ရောင်းနေတော့ေ ဈးကွက်မှာ ဒီမှာ ထုတ်တဲ့ ကားတွေက အ၀ယ်များတယ်။ မြန်မာလူမျိုးကလည်း အကြွေးရရင် ဆင်တောင် ၀ယ်တယ်ဆိုတဲ့ အကြွေးရတော့ ၀ယ်ကြတာပေါ့။ လူတွေကလည်း ခဏတော့ အကြွေး ရတယ်၊ ကားစီးရတယ်ဆိုတော့ ၀ယ်ကြတယ်။ အဲဒါကြောင့် ရောင်းနေရတဲ့ သဘောပဲ။

မေး။ ။ ဂျပန်တစ်ပတ်ရစ် ညာမောင်းတွေလည်း အကြွေးစနစ်နဲ့ ရောင်းနိုင်ရင် အ၀ယ် တက် မလာနိုင်ဘူးလား။

ဖြေ။ ။ အစီအစဉ်တော့ရှိတယ်။ ဘဏ်မှာ တင်ရမယ့် စပေါ်ငွေ အတိုင်းအတာက များတော့ အသင်းအနေနဲ့က ပြန်ပြီး စဉ်းစားနေတယ်။ စီမံချက်ရှိတယ်။ Hire Purchase စနစ်နဲ့ ရောင်းဖို့ ကိစ္စကို လုပ်ဖို့ ကိစ္စကို စဉ်းစားနေတယ်။ တကယ်တမ်း ရောင်းလာပြီဆိုရင် သူတို့နဲ့ ကျနော်တို့က အများကြီး လျှော့ရောင်းလို့ရတယ်။ ၂၀ ရာခိုင်နှုန်း စပေါ် တင်ရမယ့်ဟာကို ကျနော်တို့စဉ်းစားနေတာ။ ဘဏ်နဲ့ ချိတ်ဆက်လုပ်မယ်ဆိုရင် ကျနော်တို့က သိန်းတစ်သောင်း ဖိုးရောင်းမယ်ဆိုရင် ၂၀ ရာခိုင်နှုန်း သိန်း ၂၀၀၀ ကို ဘဏ်မှာ စပေါ်တင်ရတာပေါ့။ ငွေရေး ကြေးရေးတွေက ကျနော်တို့ စဉ်းစားနေတယ်။ Hire Purchase ပုံစံက Show Room တွေ လုပ်တဲ့ ပုံစံပဲကျနော်တို့လည်း လုပ်မှာ။ အစီအစဉ်ရှိတယ်။ မော်တော်ကား ရောင်းဝယ်ရေး အသင်းရဲ့ ယာဉ်ရောင်းဝယ်ရေးစခန်း ၂၃ ခုမှာ ကားစီးရေ ၇၀၀၀ ကျော်ရှိပါတယ်။ အဲဒီ ၇၀၀၀ ကျော် ကို ရောင်းဝယ်နေရာမှာ အကြွေးနဲ့ ၀ယ်လို့ မရဘူးလားဆိုပြီးမေးလို့ ဘဏ်နဲ့ ချိတ် ဆက်ပြီး ရောင်းဖို့ အစီအစဉ်တော့ ဆွဲနေပါတယ်။ အကောင် အထည်မဖော်နိုင်သေးဘူး။ ပြည်သူတွေ ဈေးသက်သက်သာသာနဲ့စီးနိုင်အောင် လုပ်နေပါတယ်။

မေး။ ။ အခု အစိုးရက ချလိုက်တဲ့ ဘယ်မောင်းကားပဲ တင်သွင်းရမယ့် မူဝါဒက ဘယ် လောက် ထိ ပြည်သူတွေ ကားစီးမယ့် အိပ်မက် အပေါ် သက်ရောက်မှုရှိလဲ။ ပြည်သူတွေ ကားပိုစီးနိုင်လာမလား၊ ကားစီးဖို့ အိပ်မက်တွေ ပျက်သွားတာလား။

ဖြေ။ ။ အခြေခံလူတန်းစားတွေရဲ့ ကားစီးမယ့် အိပ်မက်တွေ ပျက်ပြယ်သွားတာပေါ့။ ဦးသိန်းစိန်လက်ထက်တုန်းက ကားဈေးက သိန်း ၁၀၀ ဆို ကောင်းကောင်းရပြီ။ ဖုန်းဆို ရင်လည်း အားလုံး ကိုင်လာနိုင်တယ်။ လမ်းဘေးမှာ ဖုန်းတွေ ပေါမှပေါ၊ အခုက ဘယ်ကိုင်းပဲ သွင်းရမယ်ဆိုတော့ မော်ဒယ်မြင့်၊ ဘယ်ကိုင်းဆိုရင် ပြည်သူတွေ သုံးနိုင်တဲ့ ငွေပမာဏနဲ့ အများကြီးကွာသွားပြီ။ ရန်ကုန်လိုင်စင်နဲ့ အရင်တုန်းက သိန်း ၂၀၀ လောက်ပဲ ရှိတဲ့ ကား တွေက အခု သိန်း ၃၀၀ ကျော်နေပြီ။ ဘယ်ကိုင်းဆိုရင် စလစ်နဲ့ သွင်းဖို့ ခက်ခဲတယ်။ အဓိက ၀ယ်ရောင်းတွေက သွင်းနေကြတာ။ စီးပွားရေးအမြတ် မကိုက်တော့ ၀ယ်ရောင်းတွေလည်း သွင်းကြမှာမဟုတ်ဘူး။ ငွေရှိတဲ့သူက သူ့ဟာသူ စီးချင်လို့ သွင်းချင်သွင်းမယ်။ ဒါပေမယ့် ကားဈေးသည် ထိုးတက်ဖို့ အလားအလာတော့မရှိဘူး။ ဘာလို့ မရှိလဲဆိုတော့ ရန်ကုန်မှာက မြန်မာနိုင်ငံ ကားစီးရေရဲ့ ၃ ပုံ ၂ ပုံရှိတယ်။ ရန်ကုန်မှာ စုနေကြတာ။ လိုတဲ့သူပဲ သုံးမယ်၊ ၀ယ်မယ်။ မလိုတဲ့သူက သုံးမှာ ၀ယ်မှာမဟုတ်ဘူး။ ကားကျပ်တည်းမှု ဒုက္ခကို ဘယ်သူမှ မခံစားနိုင်ကြဘူး။ ပြည်သူတွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ပြည်သူတွေက လိုင်းကား ပေါ်မှာ တစ်နေ့ကို အသွား ၂ နာရီ၊ အပြန် ၂ နာရီ အချိန်ကုန်နေကြရတာ။ ချုပ်ပြောရင် ကားဈေးကွက်သည် အခြေခံလူတန်းစားတွေ ၀ယ်စီးနိုင်မယ့် အခြေအနေတော့ နည်းသွားပြီ။ ဒါပေမယ့် ကားဈေးက အရမ်းကြီးတော့ မတက်နိုင်ဘူး။ စလစ်ဈေးကလည်း တဖြည်းဖြည်းကျလာပြီ။ စလစ်က အခု သိန်း ၁၁၀ တောင် ၀ယ်မယ့်သူမရှိဘူး။

မေး။ ။ ကားတစ်စီးကို ဈေးနှုန်း ဘယ်လောက် အထိ တက်သွားလဲ။ အရင်နဲ့ အခု နှိုင်းယှဉ်ရင်။ အနိမ့်ဆုံးကားလေးကိုပဲ ယှဉ်ပြပေးပါ။


ဖြေ။ ။ ဦးသိန်းစိန်လက်ထက်က အနိမ့်ဆုံးကားလေးတွေဆိုရင် ၆၅ သိန်း၊ ၇၀ ပေါ့။ အခု NLD အစိုးရလက်ထက်မှာ အဲဒီအနိမ့်ဆုံးကားလေးတွေက သိန်း ၅၀ လောက် ဈေးတက် သွားတယ်။ အနိမ့်ဆုံးကားတောင် အရင်ထက်စာရင် သိန်း ၅၀ လောက် တက်သွားတာ။ အခြား ကားတွေတော့ မပြောနဲ့တော့။ ဈေးကွာဟချက်က ကြီးသွားတယ်။ အခုက အခြေခံ လူတန်းစားက ကားစီးဖို့ မပြောနဲ့ စားဝတ်နေရေးတောင် မပြေလည်ဘူး။ အစိုးရသစ် ၂ နှစ်သက်တမ်းမှာ မလုပ်တတ်လို့ လုပ်နေတဲ့အပိုင်းတွေကြောင့်လည်းပါတယ်။ လက်ရှိ အစိုးရကို ပြည်သူက ထိန်းကျောင်းရမယ်လို့ အမေစုက ပြောတယ်။ ကျနော်တို့ကလည်း ပြောတယ်။ ဒါပေမယ့် ငါတကော ကောပြီး လုပ်နေတဲ့ အပိုင်းတွေ ရှိလာတယ်။ အာဏာရှင် ဆန်လာတယ်။

မေး။ ။ ကားလောက တစ်ခုလုံးကို ခြုံငုံပြီး သုံးသပ်ပေးပါ။

ဖြေ။ ။ မနေ့တစ်နေ့ကမှ ကားလောကထဲ ရောက်တဲ့သူတွေက မူဝါဒတွေချ၊ ဟိုလုပ်၊ ဒီလုပ်။ ကားလောကနဲ့ ပြည်သူလူထုကြားကို ၀င်ကြည့်ပါ။ ကားမူဝါဒကို နားမလည်ဘဲ လမ်းကျပ် တည်းမှု တစ်ခုတည်းကို ကြည့်ပြီးတော့ မူဝါဒ ချမှတ်မယ်ဆိုရင် မှားမယ်လို့ ကျနော် တထစ်ချ ပြောရဲပါတယ်။ ကားဈေးကတော့ အနိမ့်ဆုံး နယ်လိုင်စင် အင်ဂျင် ၁၃၀၀ စီစီ ဘယ်ကိုင်းကား ဆို ရင် သိန်း ၃၀၀ ကျော်သွားတာမို့လို့ ပြည်သူတွေ စီးနိုင်ဖို့ အနေအထားက တော်တော်ကို နည်းသွားပြီ။ ဈေးကွက်မှာကတော့ လက်ရှိ ရှိနေတဲ့ ကားတွေပဲ လည်ပတ်ပြီး အရောင်းအ၀ယ် လုပ်ကြမှာပါ။ ကုန်သည်ဆိုတာကလည်း မကိုက်ကြတော့ ကားသွင်းတာ နည်းသွားမယ်။ အလဲအထပ်တွေ ပို အလုပ်ဖြစ်မယ်။ သိန်း ၁၀၀၀ တန် ကားစီးတဲ့သူက ငွေလိုရင် သိန်း ၅၀၀ တန်ကားနဲ့ အလဲအထပ်လုပ်မယ်ပေါ့။

အဟောင်းနဲ့ အသစ် အလဲအထပ်လုပ်တာ၊ လဲလှယ် စီးကြတာမျိုး ပိုများလာမယ်။ ပြည်သူတွေ ကားသစ်တွေ စီးကြမယ်ဆိုတာလည်း မဖြစ်နိုင် ပါဘူး။ ဘယ်ကိုင်းက ဥရောပကားတွေ အများကြီးရှိတယ်။ ဈေးတွေ ကြီးတယ်။ အခြေခံ လူတန်းစား မကပ်နိုင်ဘူး။ ပြင်ဆင်စရိတ် ကလည်း ကြီးတယ်။ ကားပစ္စည်းဈေးတွေ ကလည်း ကြီးတယ်။ ဥရောပကားတွေ ပြင်ဆင် စရိတ်က ဂျပန်ကားတစ်စီးစာတန်ဖိုးလောက် သွားတယ်။ ပြည်သူတွေ ကားသစ်တွေ စီး စေချင် တယ်ဆိုတာက တကယ်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဂွင်ရိုက်တာပဲ။ Show Room သမားတွေ ဂွင်ရိုက်ပြီး ထည့်ပေး လိုက်တဲ့စကားပဲ။ လူဆိုတာက အကြိုက်ကိုတော့ ရွေးချယ်ဖို့ အခွင့်အရေးပေးဖို့လိုတယ်။ မူဝါဒတစ်ခုကို ဒါပဲလုပ်ရမယ်ဆိုတာက အာဏာ ရှင်ဆန်ဆန် လုပ်တာ။ ဘယ်ကိုင်းပဲ သွင်းရမယ်ဆိုတဲ့ မူဝါဒကို ကန့်ကွက်တယ်။

အဓိကကတော့ ကားဆိုတာက မရှိလည်းဖြစ်တယ်။ ရှိလည်းဖြစ်တယ်။ အရေးကြီးတာက လူတွေရဲ့ စီးပွားရေး အခြေခိုင်ဖို့ အရေးကြီးတယ်။ စီးပွားရေး ကောင်းလာအောင် ပြန် လုပ်နိုင်ရင်တော့ ပြည်သူတွေရဲ့ ကားစီးနိုင်ရေး အိပ်မက် ပြန်လည် နိုးထလာမယ်လို့ ပြော ချင်တယ်။ ကျနော်ဆိုရင် အခု ကားမရောင်းရတာ တစ်လခွဲ၊ နှစ်လခွဲရှိပြီး ကားမရောင်းရဘဲ ငုတ်တုတ်ထိုင်နေရတာ။ အဓိကက ပြည်သူတွေ စီးပွားရေး ကောင်းဖို့ပါပဲ။

– Khit Thit Media

photo – credit

5 Shares

Add a Comment

Your email address will not be published. Required fields are marked *