အန္တရာယ်ပြုသူမှန်သမျှကိုဒေါ်အောင်ဆန်းစုကြည်ကချေမှုန်းခိုင်းထားကြောင်း တပ်မတော်မှ ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော
|အန္တရာယ်ပြုသူမှန်သမျှကိုဒေါ်အောင်ဆန်းစုကြည်ကချေမှုန်းခိုင်းထားကြောင်း တပ်မတော်မှ ဗိုလ်ချုပ် ထွန်းထွန်းညီ ပြော
18 January 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က AA ၊ ARSA ဟု ခွဲခြားထားခြင်းမရှိဘဲ နိုင်ငံကို အန္တရာယ်ပြုသူမှန်သမျှ ချေမှုန်းခိုင်းထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောလိုက်သည်။
နေပြည်တော်စစ်သမိုင်းပြတိုက်တွင် ဇန်န၀ါရီလ ၁၈ ရက်ကကျင်းပသောသတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။
“အတိုင်ပင်ခံကပြောတာ ARSA ရယ်၊ AA ရယ်လို့မခွဲခြားဘဲ နိုင်ငံကိုအန္တရာယ်ပြုတဲ့သူကို ထိထိရောက်ရောက် ချေမှုန်းဖို့မှာကြားတာဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
AA လက်နက်ကိုင်အဖွဲ့သည် တပ်မတော်နှင့်ထိတွေ့မှုဖြစ်ပြီးတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးကြောင်း၊ ၄င်းကိုလည်း နှစ်နိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့အလံတင်အစည်းအဝေးတွင် ကန့်ကွက်ထားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီမှအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောပြချက်အရ သိရသည်။
“တိုက်ပွဲဖြစ်တာ AA နဲ့ ၂၀၁၅ ခုနှစ်လောက်ကစဖြစ်တာဖြစ်ပါတယ်။ ပလက်ဝမှာစဖြစ်တာကနေ ပြိုင်ဆိုင်တောင်အနောက်ဘက်အထိ တက်လာပါတယ်။ အဲဒီတော့သူတို့ ဆုတ်ရာလမ်းကြောင်းတွေကို ကြည့်လိုက်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲပြေးဝင်တာတွေ့ရပါတယ်။ ဒီလိုဘာကြောင့်ပြောလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့က နယ်နိမိတ်စည်းမျဉ်းတိတိကျကျရှိပါတယ်။ စာချုပ်တွေအရရောပါ။ ဒါကအားသာချက်ပါ။ အဲဒီတော့ ကျွန်တော်တို့ကသတင်းထုတ်ပြန်တာ တိကျပါတယ်’’ ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် တပ်မတော်အကြား ၂၀၁၅ ခုနှစ်တွင် ၁၅ ကြိမ်ထိတွေ့မှုရှိပြီး ၂၀၁၆ ခုနှစ်တွင် ၁၆ ကြိမ် ထိတွေ့ခဲ့ကာ မိုင်း ၁၀ ကြိမ်ရှိခဲ့ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။