နေပြည်တော်မှာ ရဲနှစ်ယောက်ကို ဓါးနဲ့ဝိုင်းခုတ်သူတွေကို ဖမ်းလိုက်ပါပြီ
|၁၈-၁-၂၀၁၉ ရက်နေ့ (၁၂း၄၅) အချိန်ခန့်တွင် ဒက္ခိဏခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်ကြီး ၀င်းနိုင်ဦးသည် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှ ရဲတပ်ကြပ် ဇေယျာသိန်းနှင့်အတူ ပျဉ်းမနားမြို့နယ်တရားရုံးသို့ အရပ်ဝတ်ဖြင့် သက်သေခံလာရောက် စဉ် ပျဉ်းမနားမြို့၊ နှင်းဆီပန်းဝိုင်းအနီး၌ ဆိုင်ကယ်စီးနင်းလာသော ကျောင်းသားလေး(၁)ဦးကို ဆိုင်ကယ်(၂)စီးဖြင့် လူ(၄)ဦးမှ လေးဂွများနှင့်ဝိုင်းပစ်သဖြင့် ကျောင်းသားလေးဆိုင်ကယ်မှာ လဲကျသွားခဲ့၍ ရဲတပ်ကြပ်ကြီး ၀င်းနိုင်ဦးတို့(၂)ဦးမှ ၎င်းတို့မောင်းနှင် လာသော ယာဉ်အမှတ် YGN 9G-1604 HONDA FIT အမျိုးအစား အနီရောင် မော်တော်ယာဉ်ဖြင့်
အဆိုပါလူ(၄)ဦးအား လိုက်လံ ဖမ်းဆီးရာ“ငွေကျားတိုက်”လျှပ်စစ်ပစ္စည်းအရောင်းဆိုင်အနီး အရောက်တွင်(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး(၃)ဦးမှာထွက်ပြေးသွား၍ ဖမ်းဆီးရမိသူအား ကားပေါ်သို့ တင်ဆောင်စဉ် နောက်မှ မော်တော်ယာဉ်(၁)စီးနှင့် ဆိုင်ကယ်(၂)စီးတို့ဖြင့် လူ(၁၀)ဦးခန့် ရောက်ရှိလာခဲ့ပြီး
အင်္ကျီကော်လံနောက်ကျောထဲမှဓါးများထုတ်၍ ရဲတပ်ကြပ်ကြီး ၀င်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ၀ိုင်းဝန်းခုတ်ခဲ့ရာ ဒဏ်ရာများရရှိခဲ့ပြီး ဖမ်းဆီးထားရှိသော အမျိုးသား(၁)ဦးနှင့်ကျန်လူများမှာ ထွက်ပြေးသွားကြောင်းနှင့် ရဲတပ်ကြပ်ကြီး ၀င်းနိုင်ဦးနှင့် ရဲတပ်ကြပ် ဇေယျာသိန်းတို့အား ကိုလင်း၊ ပျဉ်းမနားမြို့နေသူမှ ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ပြီးထိုမှတဆင့် နေပြည်တော် ခုတင် (၁၀၀၀)ဆေးရုံသို့ ထပ်မံလွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရသဖြင့် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်(၂)ဦးကို ဒဏ်ရာများရရှိအောင် ဓါးများဖြင့်ဝိုင်းဝန်း ခုတ်သူများအား ပျဉ်းမနားမြို့မရဲစခန်း(ပ)၃၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၃၃/၁၁၄ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှ တရားခံများအား ဖမ်းဆီးရမိရေးအတွက် နေပြည်တော်ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှုဖြင့် ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများ အခင်းဖြစ်စဉ်ကစီးနင်းခဲ့သည့် NPW/4G 3783 Lifan အမျိုးအစားအပြာရောင် ယာဉ်မှာ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အုပ်စု၊ ရေအိုးစဉ်ရွာတွင်ရှိကြောင်း သတင်းရရှိသဖြ င့်
အတည်ပြု ဆောင်ရွက်ခဲ့ရာ ရေအိုးစဉ်ရွာနေသူ ဇော်မိုးအား ၁၈-၁-၂၀၁၉ရက်နေ့ ည(၁၁)နာရီအချိန်ခန့်တွင် စတင်ဖမ်းဆီး ရမိခဲ့ပြီး ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်သူ တရားခံ(၁၆)ဦး အားထပ်မံဖမ်းဆီးရမိခဲ့၍ စုစုပေါင်းတရားခံ(၁၇)ဦး၊ သက်သေခံပစ္စည်းကား(၁)စီး၊ ဆိုင်ကယ်(၁)စီး၊ ဆိုင်ကယ်ဦးထုပ်(၁) လုံး၊ ဓါးရှည်(၁)ချောင်း၊ ဓါးအိမ်(၂)ခု၊တုတ်(၁)ချောင်း၊ လေးဂွ(၁)လက်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ တရားခံများဖြစ်သည့် ဇော်လင်းဦး(ခ)ပုလဲ၊ မင်းအောင်(ခ)ဖိုးတုတ်၊ ချစ်ပိုင်လင်းတို့ (၃)ဦးမှာ အထက(၃)ကျောင်း တက်စဉ် အပြင်မှအမည်မသိသူများနှင့် ရန်ငြိုးရန်စရှိသဖြင့် အစ်ကိုဖြစ် သူများနှင့်သူငယ်ချင်းများအား နေ့လယ်ကျောင်းဆင်းချိန် တွင် ကျောင်းသို့လာရောက်ရန် ဖုန်းဆက်အကြောင်းကြားထားပြီး နေ့လယ်ကျောင်းဆင်းချိန်တွင် ကျောင်းရှေ့၌ရန်ငြိုးရန်စရှိသူ အမည်မသိ အမျိုးသား(၃)ဦးနှင့် အပြန်အလှန်လေးဂွများဖြင့် ပစ်ခတ်ပြီး ၎င်းတို့(၃)ဦးမှာ အထက(၃)ကျောင်းရှေ့မှ နှင်းဆီပန်း အ၀ိုင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့်တရားခံများမှ နောက်မှလိုက်ပြီး လေးဂွများဖြင့်ပစ်ခတ်စဉ် နှင်းဆီပန်းအ၀ိုင်းတွင် ကျောင်းသား(၁)ဦးအား လေးဂွထိမှန်လဲကျသည်ကို ရဲတပ်ဖွဲ့ဝင်များမှ ဖြစ်စဉ်အားမြင်တွေ့ပြီး လေးဂွများဖြင့်ပစ်ခတ်သူများအား လိုက်လံ ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များအား ဓါးဖြင့်ခုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Crdးနေပြည်တော် ရဲတပ်ဖွဲ့