ယောင်္ကျားဆိုတာ

ယောက်ျားဆိုတာ သိပ်အေးလွန်း သိပ်အိနြေ္ဒရလွန်းတာ အဓိပ္ပါယ်မရှိဘူး သမီး…

အရက်မသောက်ဘူး…
ဆေးလိပ်မသောက်ဘူး…
မိန်းမကိစ္စမပွေရှုပ်ဘူး…
အနေအထိုင်အေးဆေးတယ်…
တစ်ယောက်တည်း အေးအေးချမ်းချမ်းနေတတ်တယ်…
စကားပြောရင်လည်း အိနြေ္ဒရတယ်…
သွားသွားလာလာသိပ်မရှိဘူး…
သူတပါးကို ကူညီတတ်တယ်…
ရန်ဖြစ်တာသိပ်မရှိဘူး…
အော်ကြီးဟစ်ကျယ် မပြောတတ်ဘူး…
အဝတ်အစားကို သေသေသပ်သပ်ဝတ်တတ်တယ်…
အားနာတတ်တယ်…
စကားအရမ်းမများဘူး…
အမြဲလိုလို ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကောင်းပုံပေါက်တယ်…
အနေအထိုင် လှို့ဝှက်တယ်…
အပြောအဆိုယဉ်ကျေးတယ်…
ဆန့်ကျင့်ဘက်တွေ သိပ်မပြောဘူး…
ဘာပြောပြောထောက်ခံတယ်…

ဒါတွေဟာ လူကောင်းတစ်ယောက်မှာရှိသင့်တဲ့အရည်အချင်းတွေပေါ့ သမီး…လူတွေမှာ အခုလိုအရည်အချင်းတွေရှိနေတာဟာ ကောင်းတယ်ဆိုတဲ့သဘောပေါ့…

ဒါပေမဲ့ ဒီကောင်းလှပါတယ်ဆိုတဲ့အရည်အချင်းတွေ အကုန်လုံးဟာ လူတစ်ယောက်တည်းမှာ သွားရှိနေရင်တော့ ထိုလူဟာ လူကောင်းလို့ပြောမရတော့ဘူး သမီးရဲ့…

အထူးသဖြင့် ဒီအရည်အချင်းတွေဟာ ယောက်ျားတွေမှာ များများစားစားရှိနေလို့မရဘူးကွ…ယောက်ျားတစ်ယောက်ဟာ အခုန ဖေဖေ ပြောပြခဲ့တဲ့အရည်အချင်းတွေ အများအပြားရှိနေရင် ထိုယောက်ျားဟာ ယောက်ျားကောင်းမဟုတ်တော့ဘူး သမီး…

ပိုဆိုးတာက အဲ့လိုယောက်ျားမျိုးဟာ အိမ်ထောင်ဖက်ကောင်းတစ်ယောက် ဘယ်လိုမှမဖြစ်နိုင်ဘူး သမီးရဲ့…

ယောက်ျားတွေဟာ အနေအထိုင် သိပ်အေးဆေးလို့မရဘူး သမီး…နည်းနည်းပါးပါးတော့ ပူပူလောင်လောင် ထထကြွကြွရှိနေမှ ယောက်ျားပီသတာကွ…

ယောက်ျားတွေဟာ နေရတကာတိုင်းမှာ အပြောအဆိုတွေ နူးညံ့ငြင်သာနေလို့လည်းမရဘူး…လူတကာနဲ့ ယဉ်ကျေးပျူငှာနေလို့လည်းမရဘူး သမီး…

ယဉ်ကျေးတာကောင်းတယ်…နူးညံ့ငြင်သာတာကောင်းပါတယ်…ဒါပေမဲ့ နေရာတကာတိုင်းမှာ နူးညံ့နေတာကတော့ အဓိပ္ပါယ်မရှိဘူးကွ…အော်ရမယ့်နေရာမှာ အော်ရမယ်…ပေါက်ကွဲရမယ့်နေရာမှာ ပေါက်ကွဲရမယ်…ဆဲသင့်တဲ့နေရာမှာ ဆဲတတ်ရမယ် သမီး…

ယဉ်ကျေးသိမ်မွေ့လွန်းတာ သည်းခံလွန်းတာဟာ လူတကာအနိုင်ကျင့်တာခံရဖို့သက်သက်ပဲ…ကိုယ်နဲ့ဘာမှမပတ်သက်သူတစ်ယောက်ရဲ့ ယဉ်ကျေးသိမ်မွေ့မှု သည်းခံနိုင်မှုတွေဟာ ချီးကျူးစရာဖြစ်တတ်ပေမယ့် ကိုယ့်လင်ယောက်ျားအိမ်ထောင်ဖက်အနေနဲ့တော့ ထိုအရာတွေဟာ အသုံးမဝင်တဲ့အရည်အချင်းတွေပဲ သမီး…

အသုံးမဝင်တာအပြင် ကိုယ့်ကိုစိတ်ဆင်းရဲမှုတွေပေးတဲ့ အရည်အချင်းတောင်ဖြစ်နေနိုင်သေးတယ် သမီးရဲ့…သူဟာ လူတာကို ယဉ်ကျေးပျူငှာနေလေ သမီးအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပေါ်ပေါက်နိုင်လေပဲ…

ယောက်ျားကောင်းဆိုတာ ရန်သူတွေအပေါ် ဓါးသံလျှက် ကြင်နာသူအပေါ် ပျားရည်စက်တဲ့ သမီးရဲ့…ကြားဖူးတယ်မဟုတ်လား…လူတကာအပေါ် ဆိုးနေလည်း သမီးအပေါ်မှာကောင်းတယ်ဆိုရင် ယောက်ျားကောင်းပဲ သမီး…အိမ်ထောင်ဖက်ကောင်းဆိုတဲ့သဘောပေါ့…

အရေးကြီးတာက ကိုယ့်အပေါ်ကြင်နာဖို့ပဲလေ…တလောကလုံးနဲ့မတည့်တဲ့သူဖြစ်နေရင်တောင် ကိုယ်နဲ့အဆင်ပြေတယ်ဆို အိမ်ထောင်ဖက်ကောင်းပဲလို့ပဲ သတ်မှတ်ရမှာပေါ့…သူနဲ့ကိုယ်နဲ့ပေါင်းမှာလေ…ကိုယ်နဲ့ကျအဆင်မပြေဘဲ တလောကလုံးနဲ့ ပြေလည်နေတာ ဘာလုပ်ရမှာလဲ…

နောက်ပြီး အားနာတတ်တဲ့ယောက်ျား…ဘာမှသုံးစားမရဘူး သမီး…အထူးသဖြင့် မိန်းမတွေနဲ့ပတ်သက်ရင် အားနာတတ်တဲ့ယောက်ျား ပိုဆိုးပေါ့…အဲ့လိုယောက်ျားနဲ့များ ညားလို့ကတော့ ညည်း ဒူးနဲ့မျက်သုတ်ရမယ်…

ယောက်ျားတော်တော်များများမှာ မိန်းမတွေနဲ့ပတ်သက်ရင် မပြတ်သားတဲ့စိတ်ထားရှိတယ်…အဲ့စိတ်ထားဟာ ယောက်ျားတွေမှာ အန္တရာယ်ကိုဖိတ်ခေါ်နေတဲ့စိတ်ထားပဲ သမီး…

ယောက်ျားတွေဟာ သူ့အမေနဲ့ပတ်သက်ရင် မပြတ်သားဘူး…အစ်မတွေ ညီမတွေနဲ့ ပတ်သက်ရင် မပြတ်သားဘူး…သူငယ်ချင်းမိန်းမတွေနဲ့ ပတ်သက်ရင်လည်းမပြတ်ဘူး…ဘာမှမဆိုင်တဲ့မိန်းမတွေအပေါ်မှာလည်း မပြတ်သားဘူး…ကုန်ကုန်ပြောရရင်ကွာ ယောက်ျားတွေဟာ တခါမှမမြင်ဖူးတဲ့မိန်းမတွေအပေါ်မှာတောင် မပြတ်သားတတ်ကြဘူး သမီး…

နောက်ပြီး ယောက်ျားတွေမှာ တလွဲဆံပင်ကောင်းတဲ့အချက်လေးတစ်ခုရှိတယ်…အဲ့တာဘာလဲဆိုတော့ သူတို့အနီးအနားက မိန်းမတွေကို ပျော်စေချင်တဲ့စိတ်ပဲ သမီး…

ဟုတ်တယ်…ယောက်ျားတွေဟာ သူတို့နဲ့ပတ်သက်သမျှမိန်းမတိုင်းကို ပျော်စေချင်ကြတယ်ကွ…အမေ့ကို ပျော်စေချင်တယ်…မယားကိုလည်းပျော်စေချင်တယ်…သူငယ်ချင်းမတွေတွေကိုလည်း ပျော်စေချင်တယ် အိမ်ကမိန်းမကိုလည်းပျော်စေချင်တယ်…

သူတို့ရဲ့အဲ့လိုပျော်စေချင်တဲ့စိတ်ဟာ ထိုမိန်းမတွေအားလုံးကို စိတ်ဆင်းရဲစရာတွေပေးနေတာမှန်း သူတို့မသိကြဘူး…သူတို့က မိန်းမတိုင်းကိုပျော်အောင်ထားနိုင်တယ်ဆိုပြီး သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြတာကွ…တကယ်တော့ ဘယ်ယောက်ျားမှ မိန်းမနှစ်ယောက်ကို တပြိုင်တည်းပျော်နေအောင် မစွမ်းဆောင်နိုင်ကြပါဘူး…

အမေ့ကိုပျော်အောင်ထားရင် အိမ်ကမိန်းမ စိတ်ဆင်းရဲနေရမယ်…အိမ်ကမိန်းမကိုပျော်အောင်ထားရင် အမေကလည်းကြည်မှာမဟုတ်ဘူး…ဒီသဘောတရားတွေကို သိတဲ့ယောက်ျားက ခပ်ရှားရှားပဲ…သူတို့ကိုယ်သူတို့ မိန်းမတိုင်းကို ပျော်အောင်ထားနိုင်တယ်ဆိုပြီး မာန်တက်နေတဲ့ယောက်ျားတွေကသာ ခပ်များများဖြစ်နေတာ…

နောက်တစ်ခုက ထကြွလုံ့လမရှိခြင်းပဲ သမီး…ယောက်ျားတစ်ယောက်မှာ ထကြွလုံ့လမရှိခြင်းဟာ ထမင်းငတ်ဖို့အကြောင်းတရားပဲကွ…အေးအေးဆေးဆေးနေတယ် နေတယ်တဲ့ အချိန်တိုင်းမှာ ချောင်ထဲတိုးပြီး ဖုန်းပွတ်နေတဲ့ယောက်ျားဟာ ဘာမှသုံးစားမရဘူးကွ…

အေးအေးနေချင်ရင် တစ်ယောက်တည်းနေလေ…အိမ်ထောင်ပြုပြီးပြီဆိုရင်တော့ နေရာတကာတိုင်းမှာ အေးချင်နေလို့မရတော့ဘူး…ပြေးနေလွှားနေရတော့မယ်…ခုန်နေပေါက်နေရတော့မယ်…မိသားစုတာဝန်တွေက ရှိလာပြီမဟုတ်လား…

ယောက်ျားတစ်ယောက်ဟာ အနေအထိုင်အေးဆေးတည်ငြိမ်လှတယ်ဆိုပြီး တယ်ဟုတ်ပါလား…ငါ့ယောက်ျားက အိနြေ္ဒရတယ်ဆိုပြီး မာန်တက်မနေနဲ့…တချို့ယောက်ျားတွေ အေးဆေးတည်ငြိမ်တယ်ဆိုတာ လှုပ်ရမှာကိုပျင်းနေတာမျိုးတွေ…

သောက်ပျင်းထူတဲ့ယောက်ျားတွေဟာ လှုပ်ရမှာပျင်းလို့ ငြိမ်နေကြရာကနေ တည်ငြိမ်ခန့်ညားတဲ့ပုံပေါက်သွားတာ သမီးရဲ့…တကယ်တော့ အဲ့တာ တည်ငြိမ်တာမဟုတ်ဘူး…ဘာသောက်လုပ်မှမလုပ်ဘဲ အချိန်တိုင်း ကျောခင်းနေချင်ကြတာ…

တချို့ယောက်ျားတွေရှိသေးတယ်…လူမှုရေးအရမ်းကောင်းတာ…နေရာတကာတိုင်းမှာ သဘောကောင်းတယ်…ကူညီတယ်…ရိုင်းပင်းတယ်…လူတကာနဲ့တည့်တယ်…ဒါပေမဲ့ ကိုယ့်အိမ်မှာတော့ ဘာမှအသုံးမကျဘူး…

တလောကလုံးကို ကူညီလုပ်ကိုင်ပေးပြီး ကိုယ့်အိမ်ရောက်တော့ မောမောနဲ့အိပ်ပျော်သွားရော…လူတကာကိုကူညီနေပေမယ့် ကိုယ့်အိမ်ကလူတွေ ပင်ပန်းနေသလားဆိုတာလောက်တောင် သတိထားရကောင်းမှန်းမသိတဲ့ ပရဟိတကိုကိုတွေပေါ့…

အထူးသတိထားပါ သမီး…လင်ယောက်ျားအရွေးမှားတာဟာ ဘဝပျက်တာနဲ့အတူတူပဲ သမီးရဲ့…

မူရင်းဆရာကိုCreditပေးပါသည်။
ဇော်လှိုင်းထက်{တကောင်းသား}

324 Shares

Add a Comment

Your email address will not be published. Required fields are marked *