ငြိမ်သက်နေသော အာရှဆန်ဈေးကွက်အတွက် သတင်းကောင်းတစ်ရပ်

2 Shares

ငြိမ်သက်နေသော အာရှဆန်ဈေးကွက်အတွက် သတင်းကောင်းတစ်ရပ်

ကမ္ဘာ့ထိပ်တန်း ဆန်ဝယ်လက်နိုင်ငံတစ်ခု ဖြစ်သော ဖိလစ်ပိုင်တွင် မကြာသေးခင်က ဆန်တင်သွင်းမှုအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ရာ လွတ်လပ်စွာ ဝယ်ယူတင်သွင်းလာမည့် ဖိလစ်ပိုင်၏ ဆန်ဝယ်လိုအားက အေးစက်နေသော အာရှဆန်ဈေးကွက်ကို လှုပ်နှိုးလာမည်ဟု ယူဆရသည်။

နှစ်ပေါင်း ၂၀ ခန့် ချမှတ်ခဲ့သော ဆန်အဝယ်ပမာဏ ကန့်သတ်ချက်ကို ဖိလစ်ပိုင်အစိုးရက ရုပ်သိမ်းပြီးနောက် ဖိလစ်ပိုင်ကုန်သည်များအနေဖြင့် ပြည်ပမှ ဆန်တန်ချိန် ၁.၂ သန်းခန့် ဝယ်ယူတင်သွင်းရန် ပြင်ဆင်နေကြပြီး အဆိုပါဝယ်လိုအားက ထိုင်းနှင့် ဗီယက်နမ်တို့၏ ဆန်ဈေးနှုန်းများကို မြင့်မားလာစေနိုင်သည်။

ဖိလစ်ပိုင်တွင် စားသောက်ကုန်ဈေးနှုန်းများ မြင့်မားနေခြင်းကြောင့် လွန်ခဲ့သော လအနည်းငယ်ခန့်က ငွေကြေး ဖောင်းပွနှုန်းသည် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဆန်တင်သွင်းမှုအပေါ် ကန့်သတ်ချက်များကို ဖြေလျှော့ရန် ညွှန်ကြားချက် ထုတ်ရသည်အထိ ဖြစ်ခဲ့သည်။

ထို့နောက်တွင် ပြည်ပမှ ဆန်တင်သွင်းမှုကို ထိန်းကျောင်းနေသော ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာ အာဏာပိုင် အဖွဲ့ NFA က ဆန်ကုန်သည် ၁၈၀ ဦးကို ၅ မှတ်နှင့် ၂၅ မှတ် ဆန်တန်ချိန် စုစုပေါင်း ၁.၁၈၆ သန်း တင်သွင်းရန် ပါမစ်များ ထုတ်ပေးခဲ့သည်ဟု NFA ၏ ပြောခွင့်ရသူက ထုတ်ပြန် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်မှ ဆန်ဝယ်မည့် သတင်း ထွက်ပေါ်မလာခင် ယခင်အပတ်က အာရှဒေသဆန်ဈေးကွက်တွင် ထိုင်းနှင့် ဗီယက်နမ် ဆန်ဈေးများ အေးနေပြီး အိန္ဒိယဆန်ဈေးလည်း ကျဆင်းနေကြောင်း တွေ့ရသည်။
ဗီယက်နမ်နိုင်ငံတွင် စပါးအများဆုံး ပေါ်သည့် ရာသီ စတင်နေသဖြင့် ၅ မှတ်ပို့ကုန်ဆန်ဈေးသည် ၃၇၀-၃၇၅ ဒေါ်လာမှ ၃၅၅-၃၆၀ ဒေါ်လာသို့ ကျဆင်းလာပြီး ထိုင်းနိုင်ငံတွင်လည်း ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်မှု မရှိဘဲ ဖြစ်နေ၍ ၅ မှတ်ဆန်ဈေးသည် ၃၈၅-၄၀၀ ဒေါ်လာဝန်းကျင်အထိ ဈေးကွာဟချက် ကြီးမားနေသည်။

ယခုအခါ ဖိလစ်ပိုင်မှ ဆန်တန်ချိန် ၁.၂ သန်းနီးပါး ဝယ်ယူတင်သွင်းမည့် ကိစ္စသည် ယင်းနိုင်ငံသို့ ဆန် အဓိက တင်ပို့ရောင်းချနေကျ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအတွက် သတင်းကောင်းတစ်ရပ် ဖြစ်သလို ယခင်နှစ်များက ဖိလစ်ပိုင်သို့ ဆန် တင်ပို့ခွင့် ရဖူးသော မြန်မာနိုင်ငံအတွက်လည်း အခွင့်အရေးတစ်ရပ် ဖြစ်လာဖွယ်ရာ ရှိသည်။

လတ်တလော မြန်မာ့ဆန်ဈေးကွက်တွင် ဥရောပ (အီးယူ) က အခွန် ပြန်ကောက်လာခြင်းနှင့် တရုတ်နယ်စပ်မှ ဆန်အဝယ် နည်းပါးနေခြင်းတို့ကြောင့် ယင်းနိုင်ငံများသို့ တင်ပို့နေသော အရည်အသွေးကောင်း ဆန်ကြမ်းဈေး ကျဆင်းလာကြောင်း သတင်းများတွင် ဖော်ပြထားသည်။
Credit original writer

2 Shares

Add a Comment

Your email address will not be published. Required fields are marked *