ခွင့်လွှတ်ပါအဖေ

ခွင့်လွှတ်ပါ အဖေ
**************
ဖတ်ကြည့်နော်…

အဖေ တဲ့…

ခမ်းနားလိုက်တဲ့ အနစ်နာခံ စကားစုလေး။

ပင်လယ်နဲ့မျှလို့
တစ်စစနဲ့ တသသ စွဲရစ်စရာ။

ဘဝကို အသပြာနဲ့
အလဲအထပ် လုပ်ခဲ့ရသူဟာ အဖေပါ။

အမေပျို့အန်ကတည်းက
ငါအဖေဖြစ်တော့မယ်ဆိုတဲ့ စိတ်နဲ့
မနေ့ကထက်
ဒီနေ့မှာ ချွေးတွေ စတေးခဲ့တဲ့ အဖေ။

ညညဆို ဗိုက်ကလေးတလို့
လူမမယ်သေးတဲ့ ကျွန်တော့်ကို
ပုံပြင်တွေ ပြောပြရင်း
မြင်ချင်လှချည်ရဲ့လို့
အခါခါ ညည်းတတ်တဲ့ အဖေ။

မွေးခန်းထဲမှာ အသက်နဲ့ရင်းတဲ့ အမေ့အစား…
ခွဲခန်းအပြင်က အဖေ့မှာ
အင်္ဂုလိမာလသုတ်ကို အထပ်ထပ်ရွတ်လို့
ဇနီးအတွက်ရယ်နဲ့
ရင်သွေးအတွက်ရယ်
သွေးပူလို့ ခြေမငြိမ်ခဲ့တဲ့ အဖေ။

အူဝဲဆိုတဲ့ အသံလေးကြားတော့…
ငါ့သား လူဖြစ်ပြီလို့ ဟစ်ကျွေးခဲ့တာ အဖေပါ။

အဖေပိုင်တဲ့ ဦးဏှောက်လေးမှာ
သားအတွက်ရယ်လို့ တွေးပြီး
ကိုယ့်အတွက်တောင် နေရာမချန်ထားတဲ့ အဖေ။

ပူပြင်းတဲ့နေကို ကျောပေး
ပင်ပန်းသမျှကို မမှု
ငါ့သားအတွက်ဆိုပြီး အဓိဋ္ဌာန်ချ လုပ်ခဲ့တဲ့ အဖေ။

အားနာမိတယ် အဖေ…
အားနာမိတယ်။

လူတွေရဲ့ထံကနေ ကြားလာမိတဲ့စကားတွေက
ကျွန်တော့်နားမှာ ခါးလှချည်ရဲ့။

အမိမေတ္တာကို ဖော်ကြူးပြီး
အဖမေတ္တာကို မသီကျူးကြတဲ့ လောကကြီးကိုလည်း
စိတ်နာမိတယ်။

နှလုံးသားထဲက မေတ္တာမြအခင်းထဲမှာ
ကျွန်တော့်အတွက် အဖေဟာ ထာဝရ ထွန်းလင်းဆဲပါပဲ။

ဝမ်းနဲ့ မလွယ်ရပေမဲ့
သွေးကြောနဲ့ ဆက်စပ်သမျှတိုင်းမှာ
မိသားစုအတွက်ရယ်သာ ဖြစ်ခဲ့တဲ့ အဖေ့ကို…

ကာယကံ ဝစီကံ မနောကံနဲ့
ပြုမိသမျှ အပြစ်တို့အား
လက်ဆယ်ဖြာဦးထိပ်မိုး၍ ဝတ်တွားဂါရဝ ပြုအပ်ပါသည်။

ခွင့်လွတ်ပါ အဖေ……

Credit-original writer

78 Shares

Add a Comment

Your email address will not be published. Required fields are marked *