ကိုယ့်ထူးကိုယ်ချွန်ပြီး လုပ်ငန်းစတင်ခဲ့တဲ့ အော့တစ်ဇင်ကျောင်းသားလေး Clay Lewis

အော့တစ်ဇင်ဝေဒနာသည် ကျောင်းသားလေးတစ်ဦးဟာ သူကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်ပြီးနောက်မှာ ၀င်ငွေဒေါ်လာ ထောင်နဲ့ချီပြီး ရရှိနေပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က အော့တစ်ဇင်လေး Clay Lewis ဟာ အလုပ်ရဖို့ အင်မတန်အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Clay က သူများဆီမှာ အလုပ်ရှာမရမယ့်အတူတူ ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂) နှစ်လုံးလုံး Clay ဟာ အိမ်နီးချင်းတွေရဲ့ အမှိုက်ပုံးတွေကို ဆေးကြောသန့်စင်ပေးတဲ့အလုပ် လုပ်ကိုင်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ Clay မှာ ဖောက်သည်ဦးရေ(၇၀) လောက်ရှိနပြေီး သူ့ရဲ့ လုပ်ငန်းကိုတော့ “Clay’s Bin Cleaning” ဆိုပြီး နာမည်ပေးထားပါတယ်။ အသက်(၁၆) နှစ်ပဲ ရှိသေးတဲ့ အော့တစ်ဇင် ဝေဒနာရှင်လေး Clay က သူဟာ အမှိုက်ပုံးတစ်ပုံးကို ဒေါ်လာ(၁၀) အခယူပြီး ဆေးကြော သန့်စင်ပေးကြောင်း ပြောပြပါတယ်။ အခုဆိုရင် Clay ဟာ ဒေါ်လာ(၆၀၀၀)၀န်းကျင်လောက် စုမိနေပါပြီ။

သူ့ရဲ့ လုပ်ငန်းက အရမ်းအောင်မြင်တော့ အခုဆိုရင် Clay ဟာ နောက်ထပ် ၀န်ထမ်း(၃) ဦးကိုပါ ထပ်မံပြီး ငှားရမ်းထားရပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းကတော့ Clay ရဲ့ အခြေအနေဟာ အခုနဲ့ ပြောင်းပြန်ဖြစ်ပြီး အလုပ်ရဖို့ ခက်ခဲလွန်းတာကို မိခင်ဖြစ်သူ Laura က ပြောပြပါတယ်။ “ကလေးက အလုပ်ရဖို့ အရမ်းအခက်တွေ့ခဲ့တာ။ သူစကားပြောတာက တခြားသူတွေလို မဟုတ်ဘူးလေ။ ဒါကြောင့် အလုပ်ရှင်တွေက သူ့ကို မခိုင်းချင်ကြဘူး။ အလုပ်ရှင်တွေက လူချင်းတွေ့ရုံနဲ့ သူ့ကို အကဲဖြတ်လိုက်ကြတာ။ Clay က အရမ်းသစ္စာရှိပြီး အလုပ်အပေါ်တာဝန်ကျေပွန်တတ်တာကို သူတို့မသိကြဘူးလေ…”

သားဖြစ်သူရဲ့ ကိုယ်ပိုင်လုပ်ငန်းနဲ့ ပတ်သက်လို့ ဂုဏ်ယူနေတဲ့ Laura က Clay အနေနဲ့ နိုင်ငံက ပေးတဲ့ အကူအညီပေါ်မှာ မှီိခိုစရာမလိုပဲ ကိုယ့်ထူးကိုယ်ချွန်နဲ့ ငွေရှာနိုင်တဲ့အတွက် ကောင်းမွန်ကြောင်းဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ စိတ်ကောင်းရှိတဲ့ Clay ဟာ လူ့အသိုင်းအ၀ိုင်းကိုလည်း အကျိုးပြုနေပါသေးတယ်။ ဒါကတော့ စေတနာ့လုပ်ငန်းနဲ့ အဖွဲ့အစည်းတွေက လာတဲ့ အမှိုက်ပုံးတွေဆိုရင် သူက အလကား ဆေးကြောပေးတာ ဖြစ်ပါတယ်။

Laura ကတော့ သားဖြစ်သူဟာ လူတိုင်းအတွက် ကြားရတာ အားတက်စေတဲ့ အော့တစ်ဇင်လေးတစ်ယောက်လို့ ချီးမွမ်းပြောဆိုပါတယ်။ လက်ရှိမှာ Clay ဟာ အထက်တန်းကျောင်း တက်ရောက်နေဆဲဖြစ်ပြီး ကျောင်းပြီးတဲ့အခါ ဘာဆက်လုပ်မလဲတော့ မသိရသေးပါဘူး။ ဒါပေမယ့် သူစုထားတဲ့ငွေအချို့နဲ့ ဒူဘိုင်းကို အားလပ်ရက်ခရီးထွက်ပြီး F1 Grand Prix ပြိုင်ကားမောင်း ပြိုင်ပွဲကြည့်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Ladbible , DailyMail

42 Shares

Add a Comment

Your email address will not be published. Required fields are marked *