AA ထံမှ အ​လောင်း ကိုး​လောင်း ရရှိဟု တပ်​မ​တော်​သတင်းထုတ်​ပြန်

ကျောက်တော်မြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA အဖွဲ့မှ အလောင်းကိုးလောင်းနှင့် အာရ်ပီဂျီတစ်လက် သိမ်းဆည်းရမိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၉ ရက်က တပ်မတော်စစ်ကြောင်းနှင့် အင်အား ၁၀၀ ခန့်ရှိ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပြီး AA အဖွဲ့မှ အလောင်းကိုးလောင်းနှင့် အာရ်ပီဂျီတစ်လက်ကို တပ်မတော်က သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပေါင်းတုတ်ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ ယာဉ်တန်းအား မိုင်းဆွဲခံရသောနေရာ၏ မြောက်ဘက် ၃၁ ကီလိုမီတာနှင့် အရပ်ယာဉ်တစ်စီးအား ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုင်းဆွဲခြင်းခံရသောနေရာ၏ အရှေ့မြောက်ဘက် ခြောက်ကီလိုမီတာခန့်ရှိ တောင်ကုန်းများတွင် AA အဖွဲ့မှ အင်အား ၁၀၀ ခန့်သည် လေ့ကျင့်ရေး စခန်းဖွင့်လှစ်ရန်နှင့် စည်းရုံးရေးနယ်မြေ တည်ဆောက်ရန် ရောက်ရှိနေကြောင်း AA အဖွဲ့ကို မလိုလားသူ ပြည်သူများ၏ သတင်းပေးပို့မှုအား ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် အများပြည်သူ အသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို နှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာသောကြောင့် တပ်မတော်စစ်ကြောင်းများသည် ကျောက်တော်မြို့နှင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ကျောက်တော်မြို့၏ အရှေ့ဘက် ၁၅ ကီလိုမီတာခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁၀၀ ခန့်နှင့် ထိတွေ့မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက အသေးစိတ် လိုက်လံရှင်းလင်းခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဖြစ်စဉ်များတွင် တပ်မတော်ဘက်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး AA အဖွဲ့မှ အလောင်းကိုးလောင်း၊ အာရ်ပီဂျီတစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်စစ်ကြောင်းများက သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တပ်မတော်တပ်ရင်းအချို့ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာကာ ၎င်းတို့အား အမြစ်ပြတ်ချေမှုန်းရန် ထိုးစစ်ဆင်နေသည့်အတွက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်းနှင့် တိုက်ပွဲအရှိန်မြင့်မားလာနိုင်ကြောင်း AA အဖွဲ့က ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထုတ်ထားသည်။
Credit Eleven Media Group

4 Shares

Add a Comment

Your email address will not be published. Required fields are marked *