ဒုက္ခကိုစိန်ခေါ်ခြင်း

သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းမှာ ဒုက္ခကိုယ်စီ ရှိကြပါတယ်။ လူတွေမှာသာ မဟုတ်ပါဘူး တိရစ္ဆာန်တွေမှာလဲ သူ့ဒုက္ခနဲ့သူ ရှိကြပါတယ်။ ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်နေကြတဲ့ တိရစ္ဆာန်လောကမှာ အစာရရှိဖို့အတွက် အသက်ကိုရင်းပြီး ရှာဖွေကြရတာပါ။ လူတစ်ယောက်အတွက် ရေခွက်တစ်ခွက်ထဲမှာရှိတဲ့ ရေဆိုတာ တစ်ခါသောက်သာ ရှိပေမယ့် ပုရွက်ဆိတ်တစ်ကောင် အတွက်တော့ ကမ်းမမြင် လမ်းမမြင် အသက်လုကူးခတ်နေရတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကြီးပါ။ ဒါကြောင့် သတ္တ၀ါတိုင်းမှာ သူ့အတိုင်းအတာနှင့်သူ ခက်ခဲကြမ်းတမ်းမှုတွေ ရင်ဆိုင်နေကြရတာပါ။

လူတွေက သူတို့ရဲ့အတ္တစိတ်ကြောင့် ကိုယ့်ဒုက္ခကိုသာ ကိုယ်အကြီးမားဆုံး၊ အခက်အခဲဆုံးလို့ ထင်နေကြတာပါ။ ကိုယ့်သာလျှင် သူများနှင့် မတူတဲ့ ကြမ်းတမ်းလွန်းလှတဲ့ ဒုက္ခကြီးခံစားနေရတာလို့ ကိုယ့်ကိုယ်ကို သနားစိတ်နဲ့ ပုံဖော်ထားတတ်ကြတာပါ။ တကယ်တော့ ကိုယ့်စိတ်က ပုံဖော်ထားသလောက်လဲ မကြီးမားကြပါဘူး။ မရင်ဆိုင်ချင်တဲ့ ကြောက်စိတ်က ဖန်တီးယူထားပြီး၊ ရင်ဆိုင်ဖို့ အတိုင်းအတာတစ်ခုအထိ မရင့်ကျက်သေးတဲ့စိတ်က ရှောင်ပြေးနေတာပါ။

သင် လောကကြီးကို မျက်စိဖွင့်ပြီး နားစွင့်ကြည့်လိုက်စမ်းပါ။ အခုလို internet ခေတ်ကြီးထဲမှာ လက်လေးတစ်ချက် လှုပ်ရှားလိုက်ရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို မြင်နိုင်နေပါပြီ။
ဥပမာတစ်ခု ထုတ်ပြရလျှင် စစ်ဖြစ်နေတဲ့ နိုင်ငံတွေ စစ်ပြေးဒုက္ခသည်တွေ ကမ္ဘာပေါ်မှာ အများကြီးပါ။ သူတို့တွေမှာ ဒုက္ခကို ငြီးတွားဖို့ အချိန်မရှိကြပါဘူး။ အသက်မဆုံးရှုံးရအောင် အသက်လုပြီး ပြေးလွှားနေရတာပါ။ သင်စားသောက်နေသလိုလဲ သူတို့ကောင်းကောင်း မစားသောက်နိုင်ကြပါဘူး။ အသက်မသေရုံမျှသာ စားသောက်နေကြရတာပါ။ သေဆုံးသွားတာတောင် မြေမြှုပ် သဂြိ င်္ုလ်ပေးမယ့်သူ မရှိဘဲ လူမသိသူမသိ သေဆုံးသွားကြတဲ့ အလောင်းတွေနဲ့ ဗုံးကြောင့် အစရှာမရတော့တဲ့ အလောင်းတွေလဲ ရှိနေတာပါပဲ။ စာရေးသူ ထောက်ပြတဲ့ ဒီဥပမာလေး တစ်ခုတည်း ကြည့်ရုံနဲ့တင် သင့်ဒုက္ခနဲ့ နှိုင်းယှဉ်ကြည့်လို့ ရနေပါပြီ။

ကမ္ဘာပေါ်မှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစရှိသည်ဖြင့် အမျိုးမျိုးသော စိတ်ဓာတ်ကျစရာ အခက်အခဲတွေ၊ စိတ်ဆင်းရဲစရာ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေ ဒုနဲ့ဒေးပါပဲ။ ကံတရားကြောင့် ပြုပြင် ပြောင်းလဲလို့ မရတဲ့ အကျိုးတရားတွေကို ခံစားနေရတဲ့သူတွေ ဥပမာ မွေးရာပါ ကိုယ်လက်အင်္ဂါမစုံလင်သူတွေ၊ အသက်အန္တရာယ်ပြုနိုင်တဲ့ မွေးရာပါ ရောဂါရှိသူတွေ အစရှိသည်ဖြင့် အများကြီး ရှိကြပါတယ်။ ဒါပေမယ့် ဒီလို ပြောင်းလဲလို့ မရတဲ့ အကျိုးဆက်တွေနဲ့ ကြုံတွေ့နေရသူတိုင်း စိတ်ညစ်၊ စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျ ဖြစ်နေကြလိမ့်မယ်လို့တော့ သင်မထင်လိုက်ပါနဲ့။ အချို့ပုဂ္ဂိုလ်တွေက ဒုက္ခကိုအရင်းပြု ပြီး အောင်မြင်မှုကို ရယူသွားကြသလို ကမ္ဘာကျော်ကြားသည်အထိတောင် ကြိုးစားသွားကြပါတယ်။

သူတို့တွေ ဘာကြောင့် အဲဒီလို လုပ်နိုင်ကြတာလဲ ?

သေချာတာတစ်ခုကတော့ သူတို့တွေဟာ အခက်အခဲတွေကို ရှောင်ပြေးနေကြသူတွေ မဟုတ်ကြဘူးဆိုတာဘဲ။ သူတို့ဆီမှာရှိနေတဲ့ ဒုက္ခဆိုတဲ့အရာကို နားလည်လက်ခံသွားကြလို့ပါ။ ကိုယ့်ဒုက္ခကို ကိုယ်နားလည်ပြီး အခက်အခဲတွေကို ရင်ဆိုင်သွားခြင်းကြောင့်ပါ။ ဒါကြောင့် သင်ခံစားနေရတဲ့ ခံစားမှုကို အရင်ဆုံး နားလည်ဖို့ လိုအပ်ပါတယ်။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘာကြောင့်လို့ လက်ညှိုးထိုးနေမယ့် အစား သင်လက်ရှိခံစားနေရတဲ့ ဒုက္ခလို့ သင်သတ်မှတ်ထားတဲ့အရာကို အမှန်အတိုင်း နားလည်နိုင်အောင် ကြိုးစားဖို့ပါပဲ။ ကိုယ့်ကိုယ်ကို မလိမ်ညာဘဲ အမှန်အတိုင်းမြင်အောင် ကြိုးစားဖို့တော့ လိုအပ်ပါတယ်။ ဒုက္ခလို့ သင်သတ်မှတ်ထားတဲ့ အရာကို တစ်ချိန်လုံးတွေးပြီး စိတ်ဆင်းရဲ ခံမလား၊ နားလည်အောင်ကြိုးစားပြီး ရင်ဆိုင်ကျော်လွှားမလား ဆိုတာ သင့်ပေါ်မှာပဲ မူတည်နေတာပါ။

အောင်မြင်မှုဆိုတာ အလကားမရပါဘူး။ အခက်အခဲတွေကို မရင်ဆိုင်သရွေ့တော့ သူထွက်ပေါ် မလာပါဘူး။ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းမှသာ ဘ၀ဆိုတာ မြင့်သထက်မြင့်လာတာပါ။ ဘ၀မှာ စိတ်ဓာတ်အင်အားတွေ မြင့်တက်လာဖို့ အခက်အခဲများများလိုအပ်ပါတယ်။ စိတ်ဓာတ်ရင့်ကျက် သန်မာနေသူသာ ဒုက္ခတွေကို အမှန်အတိုင်း နားလည်လက်ခံနိုင်တာပါ။ ဒုက္ခဆိုတာ သူ့ကိုနားလည်မှ သူ့ကိုကျော်လွှားနိုင်တာပါ။ ဒါကြောင့် အခက်အခဲတစ်ခု ကြုံတွေ့လာလျှင် ဒုက္ခရောက်ပြီလို့ မမြင်လိုက်ပါနဲ့။ အောင်မြင်မှု ရဖို့အတွက် အင်အားတစ်ခုပေါ်ထွက်လာပြီလို့ သတ်မှတ်လိုက်ပါ။

ကဲ ဒုက္ခတွေကို စိန်ခေါ်လိုက်ကြပါစို့ ။ ။

Crd:Original Uploader

34 Shares

Add a Comment

Your email address will not be published. Required fields are marked *