စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၈၄၀၀ ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေ မန်းမှာဖမ်းမိ

24 Shares

စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၈၄၀၀ ကျော်ရှိတဲ့ မူးယစ်ဆေးဝါးတွေ မန်းမှာဖမ်းမိ

မန္တလေး မတ် ၁

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ကဒေါနဘွားကားကြီးကွင်းအတွင်း မသင်္ကာဖွယ်ရာစက္ကူပုံးတွေဆာလာအိတ်တွေနဲ့အတူတွေ့ရတဲ့လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့ကရှာဖွေစစ်ဆေးခဲ့တာမှာ စုစုပေါင်း ကာလတန်ဖိုးကျပ်သိန်း ၈၄၀၀ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိလိုက်တယ်လို့ သတင်းရရှိပါတယ်။

ကားကြီးကွင်းအလယ်မှာရှိတဲ့ ကုက္ကိုပင်အောက်မှာ စက္ကူဂျပ်ဖာတစ်လုံး၊ ဆာလာအိတ် ၄ လုံးနဲ့အတူ အသက်နှစ်ဆယ်ဝန်းကျင်လူငယ်အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတို့ကို မသင်္ကာဖွယ်ရာတွေ့ရလို့ ရဲတပ်ဖွဲ့ကသက်သေတွေနဲ့အတူ ရှာဖွေစစ်ဆေးရင်း စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ဘိန်းဖြူလို့ယူဆရတဲ့အမှုန့်တွေဖမ်းဆီးရမိခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာမှာ မနေ့က(ဖေဖော်ဝါရီ ၂၈ ရက်)မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်အချိန်က နယ်မြေခံရဲတပ်ဖွဲ့၊ မန္တလေးမြောက်ပိုင်းမူးယစ်တပ်ဖွဲ့စု(၁၇)၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့တို့ပူးပေါင်းပါဝင်တဲ့တပ်ဖွဲ့ဝင်တွေဟာ သက်သေရပ်ကွက်တာဝန်ရှိသူတွေနဲ့အတူ ဒေါနဘွားကားကြီးကွင်းအလယ်၊ ကုက္ကိုပင်အောက်က စက္ကူပုံးတွေဆာလာအိတ်တွေနဲ့လူငယ်နှစ်ဦးကို ရှာဖွေစစ်ဆေးတာမှာ ၄င်းတို့နဲ့အတူတွေ့ရတဲ့စက္ကူပုံးတွေနဲ့ဆာလာအိတ်တွေအတွင်း မှာ ပဲပြားခြောက်တွေ၊ လက်ဖက်ခြောက်တွေနဲ့အတူရောဝှက်ထားတဲ့ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀၀၀ ပြား နဲ့ ဆပ်ပြာခွက်တစ်ခွက်လျှင် ဘိန်းဖြူလို့ယူဆရတဲ့အဖြူ/အ၀ါရောင်အမှုန့် ပလပ်စတစ်နဲ့ထုပ်ပိုးလျက် ၉ ဂရမ်ခန့်စီပါ၊ ဆပ်ပြာခွက် ၁၁ ခွက်ပါကတ် ၉ ကတ်(ဆာလာအိတ်အတွင်း လက်ဖက်ခြောက်တွေနဲ့ရောဝှက်ထား) တို့တွေ့ရှိကြောင်း၊ လူငယ်အမျိုးသားမှာ သားငယ်(အသက် ၁၉ နှစ်၊ နောင်ကိုင်တော်ရပ်ကွက်၊ မိုးကောင်းမြို့ ကချင်ပြည်နယ်) ဖြစ်ပြီး လူငယ်အမျိုးသမီးမှာ မထိပ်ထား(ခ)မအေးမွန်(အသက် ၂၁ နှစ်၊ မိုးမိတ်မြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း) တို့ဖြစ်ကြောင်း၊ ၄င်းတို့ကို ၄င်းတို့ကိုင်ဆောင်ထားတဲ့နိုင်ငံသားအသိအမှတ်ပြုကတ်ပြားတစ်ခုစီနဲ့အတူ တွေ့ရတာဖြစ်ကြောင်း၊ မြန်မာငွေကျပ်သုံးသိန်းခြောက်သောင်းနဲ့ဟန်းဖုန်းတစ်လုံးပါအတူတွေ့ရကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိခဲ့တဲ့ ၄င်းတို့ကို အောင်မြေသာစံမြို့နယ် အမှတ် ၁ နယ်မြေရဲစခန်းက (ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)နဲ့လည်းကောင်း၊ ၂၀(က)နဲ့လည်းကောင်း၊ ၂၁ နဲ့လည်းကောင်း အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Credit
စောထွေး
Photo – CCDAC Myanmar

24 Shares

Add a Comment

Your email address will not be published. Required fields are marked *