အလယ်တန်းကျောင်းနေဖက်တွေဖြစ်နေကြတဲ့ တရားခံနဲ့ တရားသူကြီးရဲ့ အဖြစ်

လတ်တလော ဆိုရှယ်မီဒီယာပေါ်မှာ ထူးခြားတဲ့ ဗီဒီယိုဖိုင်တစ်ခုတက်လာပါတယ်။ ဗီဒီယိုဟာ မီယာမီတရားသူကြီးတစ်ဦးက ဖောက်ထွင်းဝိဇ္ဇာတရားခံကို အလယ်တန်းတက်ခဲ့တုန်းက ခင်မင်ဖူးတဲ့ အတန်းဖော်မှန်း မှတ်မိသွားတဲ့ အကြောင်းပါ။ တရားသူကြီးအမည်က မင်ဒီဂလာဇာဆိုသူပါ။ သူမဟာ လိမ္မော်ရောင်အင်္ကျီဝတ်ထားတဲ့ တရားခံ အာသာဘုသ်ကို ကြည့်လိုက်ပြီး “အလယ်တန်းတုန်းက နော့တီးလက်စ်မှာ တက်ခဲ့တာ မဟုတ်လား…” လို့ မေးမြန်းတဲ့အခါ တရားခံဟာ အရမ်းအံ့အားသင့်သွားခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး မင်ဒီဟာ အာသာကို ကြည့်ပြီး ပြုံးနေတဲ့အခိုက်မှာ အာသာကတော့ အတန်းဖော်ဟောင်းကို အခုလိုပုံစံနဲ့ တွေ့မြင်ရတာကြောင့် သူ့ကိုယ်သူ အားငယ်ပြီး မချိတင်ကဲ ငိုနေခဲ့ပါတယ်။ မင်ဒီက “ကျွန်မတို့ အလယ်တန်းတုန်းက သူက တစ်ကျောင်းလုံးမှာ အတော်ဆုံးပဲ။ ကျွန်မလည်း သူနဲ့ ဘောလုံးကစားဖူးပါတယ်။ ခုကျတော့မှ ဘယ်လိုဖြစ်ရတာလဲ…” လို့ ဆိုခဲ့ပါတယ်။

အာသာရဲ့ မိသားစုကတော့ အာသာဟာ လူတော်တစ်ဦးဖြစ်ခဲ့ပေမယ့် အလားအလာရှိတဲ့ သူ့ဘ၀ကို သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြောင်း ပြောပြပါတယ်။ တစ်ချိန်တုန်းက ကျောင်းဂုဏ်ထူးဆောင်တစ်ဦးဖြစ်ခဲ့ပြီး စပိန်စကားကို မိမိဘာသာ လေ့လာသင်ယူနိုင်တဲ့အထိ ဥာဏ်ထက်မြက်လှတဲ့ အာသာဟာ မူးယစ်ဆေးစွဲပြီးနောက်ပိုင်း အထက်တန်းနောက်ဆုံးနှစ်မှာ ကျောင်းထွက်တဲ့အထိ ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ မူးယစ်ဆေး မဖြတ်နိုင်တာကြောင့် ရတဲ့နေရာကနေ ပိုက်ဆံကို ရသလိုရှာရင်း ဘ၀ရဲ့ အသက်အပိုင်းအခြား တော်တော်များများကို ထောင်ထဲမှာပဲ အာသာက အချိန်ဖြုန်းပစ်ခဲ့ကြောင်း မိသားစုက ဆိုပါတယ်။

“အာသာက စိတ်ကြမ်းကိုယ်ကြမ်း ရှိတဲ့သူ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်း နာကျင်အောင် မလုပ်ဖူးဘူး။ ဒါပေမယ့် ဆေးစွဲပြီးတဲ့ နောက်ပိုင်း ဘ၀ပျက်တာပဲ။ ဆေးသုံးဖို့ ပိုက်ဆံက အမြဲလိုနေတော့ နောက်ပိုင်းလိုက်ခိုးတော့တာပဲ…” လို့ အာသာရဲ့ ၀မ်းကွဲညီမဖြစ်သူ မယ်လစ်ဆာက ပြောပါတယ်။

ဒီလိုနဲ့ တရားသူကြီးမင်ဒီဟာ အာသာကို ခိုးမှုနဲ့ ထောင်ဒဏ်(၁၀) လ ချလိုက်ပါတယ်။ အခုတွေ့ရတဲ့ ဗီဒီယိုဖိုင်လေးကတော့ ထောင်ထဲကနေ စိတ်သစ်လူသစ်နဲ့ လွတ်မြောက်လာတဲ့ အာသာပဲ ဖြစ်ပါတယ်။ အာသာကို သူ့ရဲ့ မိသားစုဝင်တွေ အပြင် တရားသူကြီး မင်ဒီကလည်း လာရောက် ကြိုဆိုခဲ့ပါတယ်။ တစ်ချိန်တုန်းက အလယ်တန်းအတူတက်ခဲ့ပြီး အတူစာသင်ခဲ့ဖူးတဲ့ အတန်းဖော်က တရားသူကြီးဖြစ်နေပေမယ့် ကိုယ်တိုင်ကတော့ သူများပစ္စည်းလိုက်ခိုးရင်း မူးယစ်ဆေးရဲ့ သားကောင်ဖြစ်ခဲ့တဲ့ အဖြစ်ကို အာသာဟာ အကြီးအကျယ်နောင်တတွေရခဲ့ပါပြီ။ မင်ဒီရဲ့ ကျောင်းနေဖက် သူငယ်ချင်းအပေါ် ဖေးမကူညီလိုတဲ့စိတ်နဲ့ ကိုယ်တိုင်အမှားကို သိမြင်ပြီး ဘ၀သစ်ဆီ ဦးတည်ဖို့ ပြင်ဆင်တည်ဆောက်မယ်တော့မယ်လို့အာသာကဆိုပါတယ်။

လင်းလင်း (ShweMom)

Ref: shared, dailymail

66 Shares

Add a Comment

Your email address will not be published. Required fields are marked *