ဒေါသကို အနိုင်ယူနည်း

ဒေါသကို အနိုင်ယူနည်း
===============
ဒေါသ မရှိတဲ့သူ ဆိုတာ လောကမှာ မရှိပါဘူး။ အဲလိုပဲ ဒေါသကို
မထိန်းချုပ်နိုင်တဲ့ သူ၊ ဒေါသကို အရှုံးပေးရတဲ့သူဆိုတာကတော့ အများကြီးပါပဲ။

ဒေါသ ကို အရှုံးပေးရတဲ့အတွက် ဒေါသကြီးတဲ့ သူ ၊ ပူလောင်တဲ့သူ၊ အမှားများတဲ့သူ ၊ နောင်တတွေကိုပဲ လက်ခံရရှိတဲ့သူ အဖြစ် ရှင်သန်ကြရပါတယ်။

ဒေါသကြီး ရင်မကောင်းဘူးဆိုတာကိုလည်း လူတိုင်း နားလည်ကြတယ်။ ဒေါသ မထွက်မိအောင်လည်း ထိန်းချုပ်ကြပါတယ်။ ဒါပေမဲ့ ၁၀၀% ပြည့် ထိန်းချုပ်နိုင်တဲ့ သူဆိုတာကတော့ရှားပါးလှပါတယ်။ ဒါပေမဲ့ မထိန်းတာထက် စာရင်တော့ ထိမ်းသိမ်းတယ်ဆိုတာက ပိုကောင်းတယ်လို့နားလည်မိတယ်။

ကျွန်မလည်း ဒေါသကြီးတဲ့ ထဲမှာ ပါဝင်ပါတယ်။ ၀ုန်းခနဲ ထွက်တတတ်တဲ့ ဒေါသ၊ တစိမ့်စိမ့် တွေးရင်းနဲ့ပေါ်လာတဲ့ ဒေါသ၊ တဖြည်းဖြည်းခြင်း စိမ့်ဝင်တာကို ထိန်းရင်းထိန်းရင်းနဲ့ပေါက်ကွဲရတဲ့ ဒေါသ ဆိုပြီး အမျိုးမျိုး ရှိတဲ့ထဲမှာ။ အဲဒီ ဒေါသ သုံးမျိုးစလုံးနဲ့လည်း ကြုံဖူးခဲ့တယ်။

ဒေါသထွက်အောင် လှု့ဆော်တဲ့ အရာတွေထဲမှာ ဖိအားလို့ခေါ်တဲ့ Stress တွေလည်း ပါတယ်။ အလုပ်၊ မိသားစု၊ ပတ်ဝန်းကျင် စတဲ့ ဖိအားတွေက လူတွေအပေါ်ကို သက်ရောက်လာတဲ့အခါ ဖိအားနည်းရင် သည်းခံနိုင်တယ်၊ စိတ်ရှည်ပေးနိုင်တယ်။ နားလည်နိုင်စွမ်းရှိတယ်။ဖိအားများနေတဲ့ အချိန်မှာ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ၊ ရုပိပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုခုနဲ့ ကြုံတဲ့အခါ ဒေါသဆိုတာ ၀ုန်းကနဲကိုယ့်ကို စွဲကပ်တော့တာပါပဲ။

အဲဒီ ၀ုန်းခနဲ့ကပ်လာတဲ့ဒေါသကို လွှတ်ပေးလိုက်ရင်တော့… အသိစိတ်ပျောက်ပြီး နောင်တရစ၇ာတွေချည်း ဖြစ်တော့တာပါပဲ။

ကျွန်မဘ၀မှာ ဒေါသစိတ်ကြောင့် စီးပွားရေးကိုလည်း ထိခိုက်ဖူးတယ်။ မိသားစုရေးနဲ့လူမှုရေးတွေကိုလည်း ထိခိုက်ခဲ့ဖူးတယ်။ နောင်တ ရစရာတွေလည်း လုပ်ခဲ့မိပါတယ်။

ဘ၀နဲ့သံသယာမှာ နောင်တတရားတွေနဲ့ မရှင်သန်ချင်တဲ့အခါမှာ ဒေါသစိတ်နဲ့ အလုပ်မလုပ်မိအောင်၊ ဒေါသစိတ်နဲ့ မပြောဆိုမိအောင်၊ ဒေါသ စိတ်နဲ့ မတုန့်ပြန်မိအောင် ကျွန်မကြိုးစားချင်လာတယ်။

အဲဒီါအချိန်ကစပြီး ဒေါသကို ထိန်းချုပ်နိုင်ဖို့စတင်ကြိုးစားမိပါတယ်။ ဒါပေမဲ့ ဒေါသစိတ်ကို ထိန်းချုပ်ဖို့ ဆိုတာ မလွယ်လှပါဘူး။ တစ်ခါတစ်လေ ဒေါသနဲ့ တုန့်ပြန်ပြီးမှ သွားပြီ၊ ငါ ဒေါသနဲ့လုပ်လိုက်မိပြန်ပြီဆိုပြီး နောင်တရတယ်။

ဒါနဲ့ ကိုယ့်ရဲ့စိတ်ကို သိဖို့အကောင်းဆုံးနည်းလမ်းကတော့သမထပါပဲ။ သမထအဆင့်ကနေ ၀ိပသနာ အဆင့်ထိ မလုပ်နိုင်သေးပေမဲ့လည်း သမထကို နေ့စဉ်နဲ့အမျှ ကျင့်လာတဲ့အခါ ကိုယ့်စိတ်ကိုယ် ကိုယ်သိလာပါတယ်။ ဒေါသထွက်နေပြီဆိုရင်လည်း ကိုယ်က သိလာပါတယ်။

ဒေါသ ဖြစ်လာတဲ့အခါ စိတ်ထဲ တင်းကျပ်လာတယ်။ ပေါက်ကွဲချင်လာတယ်။ ဒါကို သိတယ်ဆိုရင် ကိုယ့်ရဲ့ဒေါသစိတ် ဖြစ်လာပြီဆိုတာကို သိလိုက်ပါတယ်။

အဲလို သိပြီဆိုရင်ပဲ ကိုယ့်ရဲ့စိတ်နဲ့ဒေါသကို ထိန်းချုပ်ဖိုြို့ကုးစားနိုင်ပါပြီ။ ဒီလို သိတဲ့အခါ ဒေါသနဲ့ မတုန့်ပြန်မိအောင်လည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်လာနိုင်ပါတယ်။

ကောင်းပြီ၊ ဒေါသတော့ထွက်နေပြီ။ အသက်ပြင်းပြင်းရှုလိုက်ပါ။ ပြီးရင် ပြုံးပြပါ။
အဲဒီလို မပြုံးနိုင်ခင် အဆင့်မှာပဲ အံကြိတ်ပြီး နေနေခဲ့ရတယ်။ အံကြိတ်ရင်းနဲ့အပြုံးနဲ့ တုန့်ပြန်နိုင်အောင်ကြိုးစားခဲ့ရတာကိုက မနည်းလှပါဘူး။

ကိုယ့်ကိုယ်ကို နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးပါ၊ ဒေါသကို အနိုင်ယူနိုင်တဲ့ အပြုံးပါပဲ။

ပြီးတော့ကိုယ့်ကို ဒေါသ ထွက်စေတဲ့သူကို ခပ်တည်တည်ကြည့်ပါ၊ သူ့ကိုလည်း ပြုံးပြပါ၊ အဲဒီအချိန်ထိ ကိုယ့်ဒေါသက ရှိနေတုန်းပါပဲ။ ဒါကို သိနေပေမဲ့
ကိုယ့်ရဲ့ဒေါသစိတ်နဲ့ မတုန့်ပြန်မိအောင် သူ့ကို ပြုံးပြရတာပါ.

အဲလို ပြုံးပြနေရင်းနဲ့ ဒါကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို စဉ်းစားပါ။ ချက်ခြင်း ဆုံးဖြတ်စရာ မလိုအောင် အချိန်ဆွဲပါ။

နောက်မှ ပြောရအောင်၊ နောက်မှ ဆွေးနွေးတာပေါ့ ဆိုတာမျိုးနဲ့ အချိန်ဆွဲလိုက်ပါ။. နောက်ဆုံး အချိန်ဆွဲလို့မရတဲ့ အနေအထားဆိုရင်တောင်မှ ခဏနော် ရေသောက်လိုက်ဦးမယ်ဆိုတာမျိုးနဲ့ အချိန်ဆွဲလိုက်ပါ။

အချိန်များများရလေ ကိုယ့်ရဲ့စိတ်ဖြေလျော့မှုအတွက် အချိန်ပိုရလေပါပဲ။ ပြီးရင် ဒေါသ ထွက်စေတဲ့သူကို နားလည်နိုင်အောင် ကြိုးစားပါ၊ အဲဒီလို နားလည်နိုင်အောင် ကြိုးစားရင်းနဲကပဲ သူ့အပေါ်ကို ဒေါသစိတ်တွေ လျော့ကျသွားတတ်ပါတယ်။

ဒါဆို ကိုယ်က သူ့ကို ဒေါသနဲ့ မတုန့်ပြန်မိတော့ဘူး။ ဒေါသနဲ့ မဆုံးဖြတ်မိတော့ဘူး။
စိတ်အေးလက်အေးနဲ့ တည်ငြိမ်အေးဆေးစွာနဲ့ ပြောဆို တုန့်ပြန်နို်င်တာဟာ ဒေါသကို အနိုင်ရလိုက်တာပါပဲ။ အဲလို အနိုင်ရလိုက်တဲ့အအတွက် ကိုယ့်အတွက် နောင်တရ စရာတွေကိုလည်း မလုပ်မိတော့ပါဘူး။

အဲဒီလို ကိုယ့်စိတ်ကို အောင်မြင်ခြင်းဟာ ဘ၀အောင်မြင်ခြင်းတွေထဲမှာ အရေးကြီးဆုံး အောင်မြင်ခြင်းတစ်ခုပဲ လို့ကျွန်မကတော့နားလည်လိုက်ခံထားပါတယ်ရှင်။

ကိုယ့်စီမှာ မကြာခဏ၀င်လာတတ်တဲ့မကောင်းတဲ့စိတ်တွေကိုလည်း သိနေတယ်ဆိုရင် မကျူးလွန်မိအောင် ကိုယ့်စိတ်ကိုယ်ကို ထိန်းချုပ်လို့ရပါတယ်။

မတူတဲ့ အမြင်များကိုလည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

6 Shares

Add a Comment

Your email address will not be published. Required fields are marked *