ပါကစ္စတန်​တို့ အိန္ဒိယ​လေယာဉ်​ကို အမှန်​တကယ်​ပြစ်​ချနိုင်​ခဲ့သလား

ရန်သူ့လေယာဉ်ပစ်ချနိုင်မှု (Confirmed Kill) အား အတည်ပြုခြင်း
=====================================

အိန္ဒိယနဲ့ ပါကစ္စတန် လေကြောင်းတိုက်ပွဲဖြစ်စဉ်မှာ အိန္ဒိယရဲ့ MiG 21Bison တစ်စီးကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့တာက confirmed kill ဖြစ်ပါတယ်။

လေသူရဲကို POW အဖြစ် ဖမ်းမိပြီး အပျက်အစီး အပိုင်းအစတွေကိုလည်း ပြနိုင်ခဲ့လို့ confirmed kill လို့ သတ်မှတ်နိုင်ပါတယ်။

ပါကစ္စတန် F 16 ကို အိန္ဒိယက ပစ်ချခဲ့တယ်ဆိုတာနဲ့ အိန္ဒိယရဲ့ Su 30MKI သို့မဟုတ် MiG 21 Bison ၁ စီးကို ပါကစ္စတန်က ပစ်ချခဲ့တယ်ဆိုတဲ့ ပြောကြားချက်တွေကတော့ သက်ဆိုင်ရာ လေတပ်ဦးစီးချုပ်တွေ ကိုယ်တိုင်က ပြောကြားစေခဲ့ဦးတော့ confirmed kill အဖြစ်လုံးဝ မသတ်မှတ်နိုင်ပါဘူး။

Confirmed kill အဖြစ် သတ်မှတ်နိုင်ဖို့ လုံလောက်တဲ့ အထောက်အထားကို ၂ ဘက်လုံးက မပြနိုင်ပါဘူး။

ပါကစ္စတန်ဘက်က overclaim လုပ်ပြီး ပိုပြောတာလို့ ယူဆရကာ အိန္ဒိယဘက်ကလည်း သိက္ခာဆည်ဖို့ story ဖန်တီး ပြောကြားတယ်လို့ပဲ ယူဆရမှာ ဖြစ်ပါတယ်။

Confirmed kill ဆိုတဲ့အဓိပ္ပါယ်ကို ရှင်းပြလိုပါတယ်။

Confirmed Kill
===========

တိုက်လေယာဉ်လေသူရဲတွေအတွက် ဂုဏ်ယူစရာအကောင်းဆုံး ဖြစ်ရပ်ဟာ ရန်သူ့လေယာဉ်ကို ဝေဟင်ထဲမှာ ပစ်ချနိုင်မှုပဲ ဖြစ်ပါတယ်။

ရန်သူ့လေယာဉ် အများအပြားကို ပစ်ချနိုင်သူကိုတော့ fighter ace လို့ခေါ်ကြပါတယ်။

တချို့နိုင်ငံတွေမှာဆိုရင် ပစ်ချခဲ့ရန်သူ့လေယာဉ် အရေအတွက်ကို ကိုယ့်လေယာဉ်မှာ အမှတ်အသားတွေ လုပ်ထားလေ့ရှိကြပါတယ်။ (ပုံမှာပြထားပါတယ်)

တချို့နိုင်ငံတွေက ရန်သူ့လေယာဉ် ၅ စီးပစ်ချနိုင်ရင် ace လို့ သတ်မှတ်ပြီး တချို့ကလည်း ၃ စီးနဲ့ သတ်မှတ်ပါတယ်။ များသောအားဖြင့် ၅ စီး ပစ်ချနိုင်သူကို သတ်မှတ်တာ များပါတယ်။

Fighter ace တစ်ယောက်ဟာ သက်ဆိုင်ရာနိုင်ငံမှာသာမက ရန်သူ့ဘက်ရဲ့ လေးစားမှုကိုပါ ရရှိလေ့ရှိကြပါတယ်။

ဒါကြောင့်လည်း လေကြောင်းတိုက်ပွဲတွေမှာ ရန်သူ့လေယာဉ်ဘယ်နှစီးကို ပစ်ချနိုင်တယ်ဆိုပြီး လေသူရဲတွေက ကြွေးကြော်ကြလေ့ရှိပါတယ်။

တချို့ကလည်း အမှန်ပြောသလို တချို့ကလည်း အရေအတွက် ပိုပြောကြတာတွေရှိပါတယ်။

ဒါကို overclaim လုပ်တယ်လို့ ပြောလေ့ရှိပါတယ်။

ဗြိတိန်တိုက်ပွဲကာလမှာဆို ဗြိတိသျှလေသူရဲတွေဟာ တကယ်ပစ်ချနိုင်တာထက် ၂ ဆလောက် ပိုပြောခဲ့တာ တွေ့ရပါတယ်။

တခြားနိုင်ငံတွေမှာလည်း ဒီလိုပါပဲ။

၁၉၄၃ အောက်တိုဘာလ ၃ ရက်မှာ အမေရိကန် B-17 Flying Fortresses ဗုံးကြဲလေယာဉ်တွေဟာ ဂျာမနီကို ဗုံးကြဲခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ B-17 Flying Fortresses စက်သေနတ်သမားတွေက ဂျာမန်လေယာဉ် ၁၃၈ စီးကို ပစ်ချခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။

ဒါပေမဲ့ပြန်စီစစ်တော့ ၃၈ စီးကိုပဲ ပစ်ချနိုင်ပြီး ၂၀ စီး ထိခိုက်ခဲ့တာ တွေ့ရပါတယ်။

ဒီတိုက်ပွဲမှာပဲ ဂျာမန်တိုက်လေယာဉ်တွေကလည်း အမေရိကန်လေယာဉ် ၁၂၁ စီးကို ပစ်ချခဲ့ကြောင်း ကြွေးကြော်ခဲ့ပါတယ်။

ဒါပေမဲ့ အမှန်က အမေရိကန်လေယာဉ် ၆၁ စီးပဲ ပစ်ချခံရပြီး ၁၃၈ စီး ထိခိုက်ခဲ့တာ တွေ့ရပါတယ်။

ကိုရီယားစစ်ပွဲမှာဆိုရင် အမေရိကန်ရော တရုတ်ရော နှစ်ဘက်စလုံးဟာ မိမိ ရန်သူ ဆုံးရှုံးမှုအချိုး ၁:၁၀ ရှိတယ်လို့ ကြွေးကြော်ခဲ့ကြလို့ ဘယ်ဟာအမှန်မှန်း ဆုံးဖြတ်ရခက်ခဲ့ပါတယ်။

ရယ်စရာအကောင်းဆုံး overclaim ဖြစ်စဉ်ကတော့ ဒုတိယကမ္ဘာစစ်ကာလ မြန်မာပြည်တိုက်ပွဲစဉ်အတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။

၁၉၄၄ အေပြီလရဲ့ တစ်ခုသောရက်မှာ အမေရိကန် B-25 Mitchell တစ်စီးဟာ ဂျပန် တိုက်လေယာဉ် ၂ စီးကို ပစ်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အမှန်ကတော့ သူတို့ပစ်ခဲ့တာဟာ ဗြိတိသျှ RAF ရဲ့ စပစ်ဖိုင်းယားတိုက်လေယာဉ် ၂ စီး ဖြစ်ပြီး လေသူရဲ ၂ ယောက်ထဲက ၁ ယောက်ဟာ နယူးဇီလန် fighter ace ဖြစ်တဲ့ Alan Peart ဖြစ်ပါတယ်။

RAF လေယာဉ်တွေဟာ အပစ်ခံရကတည်းက မှားပစ်မှန်းသိလို့ ရေဒီယိုကနေလည်း ground ကို လှမ်းသတင်းပို့တယ်၊ evasive လုပ်ပြီးလဲ ရှောင်ခဲ့ပါတယ်။ အနည်းငယ်ထိမှန်တာကလွဲလို့ ပျက်မကျခဲ့ပါဘူး။

အချင်းချင်းမှားပစ်ပြီး ပျက်မကျတဲ့လေယာဉ် RAF လေယာဉ် ၂ စီးကို ဂျပန်လေယာဉ် ၂ စီး confirmed kill လို့ overclaimed လုပ်ခဲ့တာ ဖြစ်ပါတယ်။

အာရပ် – အစ္စရေးစစ်ပွဲတွေမှာလည်း အာရပ်နိုင်ငံတွေဟာ သူတို့ရဲ့ လေသူရဲတွေထဲက ace တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဂုဏ်ပြုခံရတဲ့ အာရပ် ace တွေ ပစ်ချခဲ့တယ်ဆိုတဲ့တိုက်လေယာဉ်အရေအတွက် စုစုပေါင်းလိုက်ရင် အစ္စရေးက ဆုံးရှုံးပါတယ်လို့ ၀န်ခံထားတဲ့ လေယာဉ်အရေအတွက်ထက် ပိုများနေပြန်ပါတယ်။

ဒါတောင် ace မရဘဲ တစ်စီး ၂ စီးပဲ ပစ်ချနိုင်တဲ့ လေသူရဲတွေရဲ့ အရေအတွက်မပါသေးပါဘူး။

အာရပ်တွေအမှန်လား၊ အစ္စရေးတွေအမှန်လားကတော့ သူတို့ပဲ သိပါလိမ့်မယ်။

ရန်သူ့လေယာဉ်ပစ်ချနိုငတဲ့အရေအတွက်တွေ ပိုပြောတာဟာ အမှန်တကယ်အမှတ်မှားတာ ဖြစ်နိုင်သလို လေသူရဲ့ကြွားဝါလိုမှုလဲဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ပစ်ချတဲ့နိုင်ငံကပဲ ရည်ရွယ်ချက်ရှိရှိ ပိုပြောတာလဲ ဖြစ်နိုင်ပါသေးတယ်။

ပစ်ချခံရတဲ့ဘက်လျော့ပြောတာလဲရှိပါတယ်။ ဒါပေမဲ့ confirmed kill ကိုတော့ ရန်သူ့ဘက်ကပြောတဲ့အရေအတွက်ကို အတည်ပြုလေ့မရှိပါဘူး။
.
.
Confirmed kill ကို ဘယ်လိုအတည်ပြုလဲ
===========================
နိုင်ငံတော်တော်များများမှာတော့ confirmed kill သတ်မှတ်ဖို့ တိကျတဲ့ regulations တွေ ရှိတတ်ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်လေတပ် Luftwaffe ကတော့ မျက်မြင်သက်သေမရှိရင် confirmed kill မပေးဘဲ probable killed ပဲ သတ်မှတ်ပါတယ်။

နိုင်ငံအများစုမှာတော့ ရန်သူလေယာဉ်ကို ပစ်ချလိုက်ကြောင်း အတည်ပြုနိုင်ဖို့ မျက်မြင်သက်သေ ဒါမှမဟုတ် gun camera ကနေ အတည်ပြုပေးဖို့ လိုတယ်လို့ သတ်မှတ်ပါတယ်။

ဒါပေမဲ့ မျက်မြင်သက်သေဟာ အမြဲမရှိနိုင်သလို gun camera ကလဲ အမြဲတပ်နိုင်ချင်မှ တပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အတည်ပြုရင် မြေပြင်ကအပျက်အစီးကိုပဲ မူတည်ကြရပြန်ပါတယ်။

လေကြောင်းတိုက်ပွဲ ဖြစ်တဲ့နေရာကိုပိုင်တဲ့ နိုင်ငံရဲ့ မြေပြင်တွေ့ရှိချက်ဟာ confirmed kill သတ်မှတ်ဖို့ အရေးပါပါတယ်။

၂ နိုင်ငံလုံးက အပြိုင်အဆိုင် overclaim လုပ်ကြရင် တိုက်ပွဲဖြစ်တဲ့နိုင်ငံရဲ့ အပြောကို ပိုပြီးနီးစပ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဘာလို့လဲဆိုရင် သူက အပျက်အစီးအပိုင်းအစတွေကို ရှာဖွေမြင်တွေ့နိုင်လို့ဖြစ်ပါတယ်။

ဒါကြောင့် အိန္ဒိရဲ့ MiG 21Bison ၁ စီးကို ပစ်ချခဲ့တဲ့ ပါကစ္စတန်ကိုသာ သာ confirmed kill လို့ သတ်မှတ်နိုင်ပါတယ်။

17 Shares

Add a Comment

Your email address will not be published. Required fields are marked *