မြေကြီးထဲက ခြေထောက် တစ်ဖက်ပေါ်လာတဲ့ အလောင်းကို မသင်္ကာလို့ စစ်ဆေးလိုက်တဲ့အခါ . . .

မြန်မာ – ထိုင်းနယ်စပ် ၊ တာချီလိတ်မြို့နယ် ၊ ၀မ်လုံးကျေးရွာအုပ်စု ၊ လွယ်စတုံ (အောက်) ကျေးရွာရှိ တောင်ယာအတွင်း ခွေးများဆွဲ၍ ပေါ်လာသည့် အလောင်းနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ၊ မတ်လ (၆) ရက်နေ့က တူးဖေါ် စစ်ဆေးပြီးနောက် သေဆုံးသူမှာ အမျိုးသားဖြစ်သည်ဟု မှုခင်းဆရာဝန်က အတည်ပြုကြောင်း သိရသည် ။

ဝမ်လုံကျေးရွာအုပ်စု ၊ လွယ်စတုံ (အောက်) ကျေးရွာ သင်္ချိုင်းအနီးရှိ ဦးလီဆာ၏ တောင်ယာတဲ အစပ်နားတွင် ခွေးများဆွဲ၍ မြေကြီးအတွင်းမှ ပေါ်လာသည့် လူသေ အလောင်း တစ်လောင်း တွေ့ရကြောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်က တာချီလိတ် မြို့မရဲတပ်ဖွဲ့ထံ မတ်လ (၅) ရက်နေ့ ညနေ (၃) နာရီက အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

သက်ဆိုင်ရာမှ ပူးပေါင်းအဖွဲ့ဖြင့် အခင်းဖြစ်နေရာအား မတ်လ (၅) ရက်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ မြေကြီးနှင့် သစ်ရွက်ခြောက်များ ဖုံးလျက် ခြေထောက်တစ်ဖက် မြေကြီးပေါ် ပေါ်နေသည့် အလောင်းအား တွေ့ရခြင်းဖြစ်ပြီး ကျား/မခွဲ၍ မရတော့ဘဲ အရိုးများကျနေပြီး Boss တံဆိပ်ပါ ခါးပတ်ဖြင့် ဘောင်းဘီရှည် ဝတ်ထားသည်ကို တွေ့ခဲ့ရကြောင်း သိရသည် ။

သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့ဖြင့် မတ်လ (၆) ရက်နေ့ နံနက် (၁၀) နာရီက အလောင်းအား တူးဖေါ်ပြီး သေဆုံးရခြင်း အကြောင်းရင်းကို အမှုဖွင့် စစ်ဆေးခဲ့ကြခြင်းဖြစ်သည် ။

“ မနေ့ ( မတ်လ (၅) ရက် ) နေ့လည်လောက်က သတင်း ၀င်တယ် ။ အလောင်းမြှုပ် ထားတယ်ပေါ့ ။ သင်္ချိုင်းနဲ့လည်း နီးတယ်ပေါ့ ။ အကြောင်းကြားလာတာနဲ့ သွားကြည့်ကြတယ် ။ ဒီနေ့မနက်မှာပဲ ဖော်ကြတာ ။ ဒီမနက် ( မတ်လ (၆) ရက် တူးဖော်ပြီး စစ်တာ (၄၅) မိနစ် (၁) နာရီလောက် ကြာတာပေါ့ ” ဟု တာချီလိတ် မြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည် ။

အဆိုပါ အလောင်းအား မှုခင်း ဆရာဝန်၏ ဆေးစစ်ချက် ရယူပြီးနောက် တောင်ယာ ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့် အဆိုပါ နေရာတွင် ပြန်လည် မြုပ်နှံလိုက်ကြောင်း နှင့် သေဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ် မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၉) ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း သိရသည် ။

Crd:original uploader

50 Shares

Add a Comment

Your email address will not be published. Required fields are marked *