ဦးနုပြန်ပြောပြတဲ့ ကုလအတွင်းရေးမှူးချုပ် ဦးသန့်အကြောင်း ~~~~~~~~~~~~~~~~~~~~~~~~

~~~
မျိုးသန့်ထွန်း (စစ်ကိုင်း)

ကမ္ဘာ့လူပုဂ္ဂိုလ်တိုင်းဟာ ကိုယ့်နိုင်ငံကောင်းကျိုးသာမက တစ်ကမ္ဘာလုံးကိုတောင် ကောင်းကျိုးပြုသွားခဲ့သူများ ရှိပါသည်။ ထိုပုဂ္ဂိုလ်များထဲမှာ တစ်ဦးဟာ မြန်မာနိုင်ငံသား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ပင်ဖြစ်သည်။ ဦးသန့်ကို တစ်ကမ္ဘာလုံးက လေးစားချီးကျူးရသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြုခဲ့ကြပေသည်။ ထိုသို့ ချီးကျူးဂုဏ်ပြုကြသူများအထဲမှာ သူ့ရဲ့ ကျေးဇူးရှင်လည်းဖြစ်၊ မိတ်ဆွေသူငယ်ချင်းလည်း ဖြစ်ခဲ့တဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုလည်း ပါဝင်ခဲ့ပါသည်။ အဲဒီအချိန်က ဦးနုဟာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ပါသည်။

ဦးသန့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံး ဝန်ကြီးချုပ်ဦးနုနဲ့အတူ ၁၉၂၉ ခုနှစ်လောက်က ပန်းတနော်မြို့ အမျိုးသားအထက်တန်းကျောင်းမှာ ကျောင်းဆရာအဖြစ် အတူတူ လုပ်ကိုင်ခဲ့ကြသည်။ ပန်းတနော်သား ဦးသန့်ဟာ အသက်အား ဖြင့် ဦးနုထက် နှစ်နှစ်ငယ်ပါသည်။ သူတို့ နှစ်ဦးဟာ အဲဒီအချိန်ကတည်းက တစ်ဦးအကြောင်းတစ်ဦး သိခဲ့ကြပါသည်။ ထို့ကြောင့် စာရေး ဝါသနာပါသော၊ စာအလွန်ဖတ်သော ဦးသန့်ကို နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနုက အစိုးရ ပြန်ကြားရေးဌာနမှာ ဒုညွှန်ကြားရေးဝန်အဖြစ် တိုက်ရိုက်ခန့်ခဲ့ပြီး နောက်ပိုင်းတွင် အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် ၁၉၅၇ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းသံအမတ်ကြီး ဘဝသို့ ရောက်ရှိခဲ့သည်။ ထိုမှ ၁၉၆၁ ခု နိုဝင်ဘာလတွင် ကုလသမဂ္ဂ အတွင်းဝန်ချုပ်အဖြစ် ရွေးချယ်ခဲ့ကြသည်။ ဦးသန့် အကြောင်း အနည်းငယ်တင်ပြရလျှင် ဦးသန့်သည် စာအလွန်ဖတ်သူပီပီ ”မြန်မာနိုင်ငံ စီးပွားရေး စစ်တမ်း”ကို ညလုံးပေါက်ဖတ်ခဲ့သူဟု သိရသည်။ ထို့ပြင် (၁၉၅၄-၅၈)ခုလောက်က ဦးသန့်ရေးသည့် ”ပြည်တော်သာခရီး” ကျမ်းစာအုပ်သည် မြန်မာနိုင်ငံ အမျိုးသားရေးသမိုင်းအတွက် တစ်ထောင့်တစ်နေရာ၌ အလွန်သုံးဝင်ခဲ့သော စာအုပ်ဖြစ်ခဲ့သည်။ ထိုစာအုပ်ကို (ပထမပိုင်း၊ ဒုတိယပိုင်း၊ တတိယ ပိုင်း) မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းမှ ၁၉၆၁ ခုလောက်က ထုတ်ဝေခဲ့ဖူးသည်။ ¤င်းစာအုပ်ကို အဲဒီအချိန်က နိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်တဲ့ ဦးနု၏ တိုက်တွန်းချက်ကြောင့် အလုပ်များသည့်ကြားက ရေးသားပြုစုနိုင်ခဲ့ပေသည်။ ဆရာကြီး ဦးသော်ကောင်းနှင့် မောင်ဇေယျာတို့ စီစဉ်သော”ဦးသန့် လက်ရွေးစင်စာများ (၂ဝဝ၉)” စာအုပ်မှာလည်း ဦးသန့် လက်ရွေးစင် ဆောင်း ပါးများဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားပညာ ရေးအတွက်သာမက လူတိုင်းဖတ်သင့်သော၊ မှတ်သားသင့်သော စာအုပ်ကောင်းတစ်အုပ် လို့ ညွှန်လိုက်ရပါသည်။ ဦးနုနဲ့ ဦးသန့်တို့ သည် စာရေးစာဖတ် အလွန် ဝါသနာချင်း တူညီကြပါသည်။

၁၉၆၁ ခု နိုဝင်ဘာလ ၅ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးရှိ ပြည်ထောင်စု ကလပ်တွင် ပန်းတနော် ကျောင်းသူ ကျောင်းသားများက ဆရာဟောင်းများကို ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပခဲ့ ကြသည်။ ထိုအခမ်းအနားမှာ ဆရာဟောင်း ဖြစ်သည့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကကျောင်းသား ကျောင်းသူ ဟောင်းများကို ဆုံးမ သြဝါဒပေးခဲ့သည်။ ဝန်ကြီးချုပ်ဦးနုက သြဝါဒပေးရာတွင်– ”တပည့်တို့ ယခုခေတ် ဘယ်နေရာ မှာပဲကြည့်ကြည့် ကျေးဇူးသိတတ်သူက ရှားတယ်။ ကျေးဇူးသိတတ်သူတွေဟာ တိုး တက်ကြီးပွားနေကြတယ်” လို့ ဦးသန့်ကို ရည်ရွယ်ပြောခဲ့သည်။ ထို့နောက် ဆရာတပည့် ဆက်ဆံရေးအတွက် ပြောကြားရာ ”ငယ်စဉ်က ဆရာတို့ရဲ့ ရိုက်နှက်ဆုံးမမှုတွေလည်း အာဃာတ မထားကြဖို့ လိုတယ်၊ အာဃာတတရားဟာ သံသရာအထိ လိုက် ဒုက္ခပေးတတ်တယ်” လို့ ဆိုပါ၏။

ဝန်ကြီးချုပ်ဦးနုက ဦးသန့် နည်းကို ယူပါတဲ့။ ”ကျောင်းသူ ကျောင်းသားတွေဟာ ကနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တင်မြှောက်ခံရတဲ့ ဦးသန့်ကိုအတုခိုး နည်းယူတတ်ဖို့လိုကြောင်း- ဦးသန့် ဟာ ပန်းတနော်သား ဆရာကောင်းတစ်ဦး လည်းဖြစ်တယ်။ ဦးသန့်ဟာ ငယ်ငယ်တုန်း က ထည်ထည်ဝါဝါ ကျောင်းမနေခဲ့ရဘူး။ ဒါပေမဲ့ သူ့ရဲ့ လုံ့လဝီရိယကြောင့် ဒီကနေ့ ရခဲ့တဲ့ ရာထူး (ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်)ကို ရတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီနိုင်ငံရဲ့လူထုက ကြည်ညိုမှုရရင် ဝန်ကြီးချုပ်ဖြစ်ဖို့ လွယ်သလောက် ကုလသမဂ္ဂမှာ အတွင်းဝန်ချုပ်ဖြစ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုရင် တစ်ကမ္ဘာလုံးက ကြည်ညိုမှ ဒီရာထူးရနိုင်တာမို့ပဲ” အဲဒီအချိန်က ကမ္ဘာ့နိုင်ငံရေး အခြေအနေကို ပြောခဲ့တာက ”ကနေ့ ကမ္ဘာမှာ အရှေ့အနောက် အုပ်စု၊ အနောက် အုပ်စု၊ ကြားနေအုပ်စု ဆိုတဲ့ အုပ်စုတွေဟာ ကြက်ခေါင်းဆိတ် မခံကြဘူး။ အားလုံး ကမ္ဘာ့ဗိုလ်တွေချည်းပဲ။ ဒီအထဲမှာ ဦးသန့်ဟာ ဗိုလ်တွေထဲမှာ အားလုံးအားလုံးအကြိုက်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဂုဏ်ယူရမယ်” လို့ ပြောပြီး ဦး သန့် စိတ်ဓာတ် ဆက်ပြောတာက- ”ဦးသန့် ဟာ သည်းခံမှုမှုရှိတယ်။ စကားတောင် ကြမ်းကြမ်းတမ်းတမ်း မပြောဘူး။ လုံ့လ ဝီရိယလည်း ရှိတယ်”လို့ ပြောခဲ့သည်။

နောက်တစ်ခါ ဦးနုက ဦးသန့်ဟာ ဘွဲ့ရသူတွေထက်တော်ကြောင်းကို ပြော ကြားရာတွင် ”ဦးသန့်ဟာ ကနေ့အထိ ဘီအေ မအောင်ပေမယ့် သူ့ရဲ့ လုံ့လဝီရိယကြောင့် ဘီအေ အောင်သူတွေထက် တော်နေလို့ ကမ္ဘာ့နိုင်ငံတွေက ဦးသန့်ကို တကယ် ကြီး ကျယ်တဲ့ တက္ကသိုလ်ကြီးတွေက ဘွဲ့ထူးကြီး တွေ ရထားတယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ကနေ့ ကမ္ဘာ့နိုင်ငံပေါင်း ၁ဝ၄ နိုင်ငံတို့ (၁၉၆၁ ခုက ကမ္ဘာ့ ကုလသမဂ္ဂ မှာ နိုင်ငံပေါင်းကို ဆိုလိုသည်) က သဘော ကွဲလွဲခြင်း မရှိဘဲ တင်မြှောက်ခြင်း ခံရတာ ပဲဖြစ်တယ်။ ဒါကြောင့် တပည့်တို့ဟာ ဦးသန့် ကို နည်းယူအတုခိုးပြီး ဦးသန့်လို ကြိုးစား ကြပါလို့” တိုက်တွန်း ပြောကြားသွားပုံကို ကြည့်ခြင်းအားဖြင့် ဝန်ကြီးချုပ်ဦးနုက ဦးသန့် လိုဖြစ်အောင် ကြိုးစားကြ။ နိုင်ငံတစ်နိုင်ငံမှာ သမ္မတ၊ ဝန်ကြီးချုပ်ဖြစ်ဖို့က လွယ်သော် လည်း ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်ရခြင်း မှာ ကြိုးစားမှု၊ သည်းခံတတ်မှု၊ ဝီရိယရှိမှုတို့ လိုအပ်ကြောင်း၊ လူငယ်များ၊ အထူးသဖြင့် ကျောင်းသူ ကျောင်းသားများ အထူး မှတ် သားသင့်ကြောင်း၊ နောင်တစ်ချိန်မှာ ဦးသန့် လိုလူမျိုး မြန်မာနိုင်ငံမှာ ထပ်မံပေါ်ပေါက် လာစေဖို့ တိုက်တွန်း ရေးသားလိုက်ရပါ သည်။

မျိုးသန့်ထွန်း(စစ်ကိုင်း)
၁၅-၁၂-၂ဝ၁၆
စာကိုး ၁။ သူတို့မြင်သောဦးသန့်။ ရွှေဥဒေါင်းနှင့် အခြား— (ဒု-ကြိမ်) ရန်ကုန်၊ နှစ်ကာလ များစာပေ၊ ၂ဝဝ၎
၂။ လက်ရွေးစင်စာများ။ ဦးသန့်။ ဂန့်ဂေါ် မြိုင်စာပေ၊ ရန်ကုန်၊ ၂ဝဝ၉။
၃။ ပြည်တော်သာခရီး (ပ၊ ဒု၊ တ) ။မြန်မာ နိုင်ငံဘာသာပြန်စာပေအသင်း။ ၁၉၆ဝ-၆၁။

The Speaker News Journal အတွဲ ၁၊ အမှတ် ၅
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၂-၂၈)

28 Shares

Add a Comment

Your email address will not be published. Required fields are marked *