ဂျနီဖာလိုပက်ဇ်ရဲ့ ၁၅၃ သန်းတန် ဈေးဝယ်ထွက်ဖက်ရှင်

နာမည်ကျော်အဆိုတော် ဂျနီဖာလိုပက်ဇ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က H&M ဆိုင်ကို သမီးငယ်နဲ့အတူ သွားရောက်ဈေးဝယ်ထွက်ခဲ့ရာမှာ သူမရဲ့ ဖက်ရှင်ဟာ ကြွယ်ဝမှုကို ချပြနေပြီး စတားတစ်ယောက်ဖြစ်ကြောင်းကို ကြွေးကြော်နေသလို ဆင်ယင်သွားခဲ့ပါတယ်။

အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ သမီးငယ် အမ်မီ နဲ့အတူ ဈေးဝယ်ထွက်ခဲ့ရာမှာ သူမရဲ့ ဆင်ယင်မှုဟာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ တစ်သိန်းကျော် (မြန်မာငွေနဲ့ဆိုရင် ၁၅၃ သန်းကျော်) တန်ကြေးရှိနေတာကြောင့် ပါပါရာဇီတွေကိုယ်တိုင် ရင်သပ်ရှုမော ဖြစ်သွားခဲ့ရပါတယ်။

ပေါ့ပ်စတားရဲ့ မိကျောင်းသားရေအစစ်နဲ့ Himalayan Croc Birkin လက်ကိုင်အိတ်တစ်လုံးထဲကကို အမေရိကန်ဒေါ်လာ တစ်သိန်းကျော် တန်ကြေးရှိတာပါ။ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ ကင်မ်ကာဒါရှန် တို့လို ဟောလိဝုဒ် အေလစ်စာရင်းဝင်တွေသာ ကိုင်နိုင်တဲ့ ဒီလက်ကိုင်အိတ်အပြင် မြန်မာငွေဆယ်သိန်းကျော် တန်ကြေးရှိတဲ့ အပြာဖျော့ရောင် သိုးမွေးကုတ်အင်္ကျီကိုလည်း ဝတ်ဆင်လာပါသေးတယ်။

နွေးထွေးမယ့် ဈေးကြီးသိုးမွေးကုတ်ရဲ့ အောက်ခြေမှာတော့ သူ့အရောင်နဲ့လိုက်ဖက်တဲ့ အပြာဖျော့ဖျော့ ဂျင်းဘောင်းဘီနဲ့ မိတ်ကပ်ရောင် ဆွယ်တာတို့ကို ဝတ်ဆင်ထားတယ်။ မြန်မာကျပ်ငွေ ခုနစ်သိန်းခွဲတန်တဲ့ အဖြူရောင် Alexander McQueen ဖိနပ်ကို စီးထားတဲ့ လိုပက်ဇ်ဟာ သူမ ပိုင်ဆိုင်တဲ့ Quay အမှတ်တံဆိပ်ထဲက ဒေါ်လာ ၆၀ တန် နေကာမျက်မှန်ကို တပ်ထားခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိပြီဖြစ်ပေမယ့် မပျက်စီးသေးတဲ့ လိုပက်ဇ်ဟာ အခုလို အထာကျကျဖက်ရှင်ကို တမင်ဝတ်ဆင်လာခဲ့တာလို့ ယူဆရပြီး သူမ ရှော့ပင်ထွက်ခဲ့တဲ့နေ့မှာပဲ လိုပက်ဇ်နဲ့ ချစ်သူ အဲလက်စ်ရိုဒရီဂွက်ဇ် တို့ရဲ့ Quay Australia အရောင်းမြှင့်တင်ရေးကိုလည်း စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့မှာ ဂျနီဖာလိုပက်ဇ်ဟာ ချစ်သူ အဲလက်စ်ရဲ့ လက်ထပ်ခွင့်တောင်းခံမှုကို လက်ခံခဲ့ပြီး စေ့စပ်ခဲ့ကြပါတယ်။ ဒါကြောင့် အခုလို အများမှင်သက်သွားစေမယ့် ဒီဇိုင်းအလန်းစားနဲ့ လူရှေ့ကို ထွက်ချလာတာဟာ သူမရဲ့ နေကာမျက်မှန်အမှတ်တံဆိပ်က အခြားဈေးကြီးအဝတ်အစားတွေနဲ့လည်း လိုက်ဖက်ကြောင်း ကြေငြာနည်းတစ်ခု ဖြစ်နိုင်ပါတယ်။

35 Shares

Add a Comment

Your email address will not be published. Required fields are marked *