သေပြီးသူကို သင်္ကန်းဝတ်​​ပေးလို့ ရ.မရ

☀ ရူးမှန်းသိရင်ကောင်းနိုင်သေးတယ်
═══════════════════════════════

❖ တစ်နေ့
ရွာထဲတွင် အသုဘတစ်ခု ရှိသဖြင့် ဘုန်းကြီးပင့်ရန် ဒကာသုံးဦး ကျောင်းသို့ရောက်လာလေ၏။

ဆရာတော်ကိုတွေ့သောအခါ ဦးသုံးကြိမ်ချပြီး – – – –

❖ “ဆရာတော်ဘုရား ၊ တပည့်တော်တို့ ဘုန်းကြီးလာပင့်တာပါဘုရား ၊ နောက်ပြီး သိချင်တာလေးလဲ မေးခွင့်ပြုပါဘုရား´´

“ဒကာတို့က ဘာများသိချင်လို့လဲ´´

❖ “မှန်ပါဆရာတော် ၊ အခု ဆုံးတဲ့ကလေးက အသက်က (၁၃)နှစ်ဘဲ ရှိပါသေးတယ်ဘုရား၊ တစ်ခါမှလဲ ကိုရင်မ၀တ်ဖူးပါဘုရား´´

“အဲတော့´´

❖ “မိဘတွေက သေသွားတဲ့ သူ့သားလေးကို သင်္ကန်းဝတ်ပေးချင်လို့ပါတဲ့ဘုရား´´

“ဒကာတို့ ၊ ဘယ်လို ၊ သေတဲ့လူကို သင်္ကန်းဝတ်ပေးမယ်ဟုတ်လား´´

❖ “ဒီလိုပါဘုရား ၊ သေသူရဲ့ ဘေးနားမှာ ပရိက္ခရာလေးတွေထားလိုက်ရင် ဖြစ်တယ်လို့ ပြောကြလို့ပါ ဘုရား´´

❖ “ဟာ ၊ ဒီအရှုးတွေနဲ့တော့ ဒုက္ခပါဘဲ၊ ခင်ဗျားတို့ ထေရ၀ါဒနဲ့ ဆန့်ကျင်တဲ့အယူအဆတွေ ခုထိ လက်ကိုင်ထားတုန်းပါဘဲလား၊ ဘုရားသာသနာဒီလောက်ထွန်းကားနေတာတောင် ဒါတွေကရှိနေသေးတယ်´´

❖ `အေး ၊ ဘုန်းကြီးပြောမယ် ၊ သေချာနားထောင် ´

“တင်ပါ့ ဘုရား ၊ အမိန့်ရှိပါဆရာတော်´´

❖ “လွယ်လွယ်နဲ့သင်္ကန်းဝတ်လို့ရတယ်မထင်နဲ့ ကွ ၊ ဘုရားရှင်ကိုယ်တိုင်ကတောင်မှ ကိလေသာအာသဝေါကုန်ခန်းသွားတဲ့ရဟန္တာ အရှင်မြတ်ကြီး ဗာဟိယဒါရုစီရိယကိုတောင် သင်္ကန်းဝတ်ရမယ့်ကံမပါလို့ ၀တ်မပေးခဲ့ဘူး၊ ဒါ့ကြောင့်လူဝတ်နဲ့ ပျံ့တော်မူခဲ့ရတယ်။ ဒီတော့ ရှင်ရဟန်းဝတ်တယ်ဆိုတာ အတိတ်ဘ၀က ဖြည့်ကျင့်ခဲ့တဲ့ပါရမီ ပြုလုပ်ခဲ့တဲ့ကံ လိုအပ်တယ်ဆိုတာ အရင်မှတ်ထား´´

“တင်ပါ့ဘုရား ´´

❖ “အေး ၊ မင်းတို့ပြောသလိုသာ လုပ်လို့ရရင် ဘုရားဟောခဲ့တဲ့ ` ရဟန်းအဖြစ်ကို ရခဲတယ်´ ဆိုတဲ့ ဒုလ္လဘငါးပါးတရားတော်ကို ပျက်ရယ်ပြုသလိုဖြစ်သွားမှာပေါ့ ၊ ဘုရားကို အားနာဘို့ကောင်းတယ်နော့် တကာတို့´´

“မှန်ပါဆရာတော် ၊ အဲသလောက်ထိမသိလို့ပါဘုရား´´

❖ “အေး ၊ နောက်တစ်ခုက – – – – –

❖ ရှင်ပြုတယ်ဆိုတာ (၃) မျိုးရှိတယ်။

(၁) ခေါင်းရိတ်တာရယ် ၊

(၂) သင်္ကန်းဝတ်တာရယ် ၊

(၃) သရဏဂုံသုံးပါးခံယူရွတ်ဆိုတာရယ် ၊
ဆိုပြီးသုံးမျိုးရှိတယ်။´´

“တင်ပါဘုရား´´

❖ “ကဲ ၊ အဲသလိုဆို သေသွားတဲ့သူက ဒီသုံးမျိုးထဲက ဘယ်ဟာကိုများတိတိကျကျ လုပ်နိုင်တာရှိလဲ ၊ ပြောစမ်း တကာတို့´´

“တစ်ခုမှ မရှိပါဘုရား´´

❖ “ဒါဆို သင်္ကန်းဝတ်လို့ရော ၊
ဘာအကျိုးထူးလာမလဲ´´

“ဘာမှမထူးပါဘူး ဘုရား´´

❖ “ဘာမှ အဓိပ္ပါယ်မရှိတာတွေလုပ်တာ
ဘယ်သူတွေလဲ´´

“အရှုးတွေပါဘုရား´´

❖ “အေး ၊ ရှုးမှန်းသိရင် လူကောင်းဖြစ်နိုင်သေးတယ် ၊ ကြိုးစားကြ ၊ ကဲ သွားကြတော့´´

❖ ထိုနောက်ဆရာတော်သည် ရွာသူရွာသားများကို အားမရလေဟန်ဖြင့် – – – – တစ်ခုခုကို တွေးတောလျှက်……..။ ။ ။

#credit – Ashin Rsein
(ဓမ္မပန်းခင်း)

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

37 Shares

Add a Comment

Your email address will not be published. Required fields are marked *