ဂျပန်​ကိုအနိုင်​ကန်​မည်​ဟု ယူ ၂၃နည်းပြကြုံးဝါး

45 Shares

ဂျပန်နှင့် အဆင့်ကွာသော်လည်း ရလဒ်ကောင်းရန် ကြိုးစားမည်ဟု မြန်မာယူ-၂၃ဘောလုံးအသင်းနည်းပြချုပ်ဆို
______________________________
အာရှယူ-၂၃ခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် ဂျပန်အသင်းနှင့် အဆင့်ကွာခြားသော်လည်း ရလဒ်ကောင်းရရှိရန် ကြိုးပမ်းမည်ဟု မြန်မာယူ-၂၃နည်းပြချုပ် ပိုပေါ့ကပြောသည်။

မတ်လ၂၄ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုက်သည့် အာရှ ယူ-၂၃ခြေစစ်ပွဲ အုပ်စု(ဈ) ဒုတိယရက်ပွဲများ၌ ဂျပန်က တီမောကို
၆ – ၀ ဂိုး၊ အိမ်ရှင်မြန်မာက မကာအိုအသင်းကို ၄ – ၀ ဂိုးဖြင့် အသီးသီး အနိုင်ရရှိသည်။

အာရှယူ-၂၃ခြေစစ်ပွဲ အုပ်စု(ဈ) ဒုတိယရက်ပွဲများအပြီးတွင် နှစ်ပွဲစီ နိုင်ပွဲရထားသည့် ဂျပန်နှင့် မြန်မာအသင်းတို့ ရမှတ်ခြောက်မှတ်စီ ရရှိ ထားသော်လည်း ဂိုးကွာခြားချက်သာသည့် ဂျပန်အသင်းက အုပ်စုပထမ နှင့် မြန်မာအသင်းက ဒုတိယနေရာ၌ ရပ်တည်နေသည်။ ဂျပန်နှင့် မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင် ထိပ်တိုက်တွေ့ဆုံပြီး အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်ကာ ကွင်းအတွင်းသို့ ပရိတ်သတ်များ လာရောက်အားပေးရန် မြန်မာယူ-၂၃ အသင်းနည်းပြချုပ်က ဖိတ်ခေါ်ထားသည်။

“ဂျပန်အသင်းနဲ့ မြန်မာအသင်းကို နှိုင်းယှဉ်လို့မရပါဘူး။ ဂျပန်က အာရှ ထိပ်သီးဖြစ်တဲ့အပြင် ကစားသမားတိုင်းက အရည်အချင်းရှိတယ်။ ဥပမာ ဂျပန်က ပရီးမီးယားလိဂ်အဆင့်၊ မြန်မာက ချန်ပီယံရှစ်လောက်ပဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ နောက်ဆုံးပွဲမှာ အစွမ်းကုန် ကြိုးစားမယ်။ ပရိတ်သတ်တွေ လာအားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ပိုပေါ့က မကာအိုအသင်းနှင့် ပွဲအပြီးတွင်ပြောသည်။

၂၀၂၀အာရှယူ-၂၃ခြေစစ်ပွဲကို ခြေစစ်ပွဲ အုပ်စု၁၁ခုခွဲ၍ ကျင်းပနေပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး၁၁သင်းနှင့် အကောင်းဆုံးဒုတိယလေးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အကောင်းဆုံးအုပ်စုဒုတိယအသင်း များ ရွေးချယ်ရာတွင် အုပ်စုအောက်ဆုံးအသင်းနှင့် တွေ့ဆုံသည့်ရလဒ် ကို ထည့်တွက်မည်မဟုတ်ဘဲ အုပ်စုပထမနှင့် တတိယနေရာရသည့် အသင်းများနှင့် တွေ့ဆုံသည့် ရလဒ်ပေါ်မူတည်၍ ဆုံးဖြတ်မည် ဖြစ်သည်။

ထို့ကြောင့် မြန်မာယူ-၂၃အသင်းအနေဖြင့် အုပ်စုပထမနေရာဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်ရန် ဂျပန်အသင်းနှင့်ပွဲတွင် နိုင်ပွဲရရန် လိုအပ် နေသည်။ ဂျပန်အသင်းကမူ သရေကျရုံဖြင့် အုပ်စုပထမနေရာဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

ဂျပန်ယူ-၂၃နည်းပြချုပ် ယိုကိုချီကမူ မြန်မာအသင်းနှင့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို အနိုင်သုံးမှတ်ရရှိအောင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ ပွဲတိုင်းအနိုင်ရဖို့ ပြင်ဆင်ထားတယ်။ မြန်မာအသင်းနဲ့ပွဲ မှာ သရေတစ်မှတ်ရရုံနဲ့ တက်မယ်ဆိုပေမယ့်လည်း သုံးမှတ်ရဖို့ ကြိုးစားသွားမယ်။ မြန်မာအသင်းက အိမ်ရှင်ဖြစ်ပေမယ့်လည်း အနိုင်ရ အောင် ကြိုးစားသွားပါမယ်” ဟု ၄င်းကဆိုသည်။

အာရှယူ-၂၃ခြေစစ်ပွဲ အုပ်စု(ဈ) နောက်ဆုံးပွဲများကို မတ်လ၂၆ရက် (ယနေ့)တွင် ကျင်းပမည်ဖြစ်ပြီး ညနေ၃နာရီ၌ တီမောနှင့် မကာအို၊ ညနေ၆နာရီ၌ အိမ်ရှင်မြန်မာနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

Credit ©
▪သတင်း – ရွှေဘုတ် (7Day News)
▪ဓာတ်ပုံ – မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်
#MSNM့

45 Shares

Add a Comment

Your email address will not be published. Required fields are marked *