တစ်​​ခေါက်​​လောက်​မှမ​ရောက်​ဖူးရင်​ ​နောင်​တရသွား​စေမဲ့​နေရာ​လေးတစ်​ခု

သာယာလှပ အင်းတော်ကြီးဒေသ
————————————-
ကချင်ပြည်နယ်ရဲ့ နာမည်ကျော် အင်းတော်ကြီးအိုင်ကို လူတိုင်း ကြားဖူးကြမယ်
ထင်ပါတယ်နော်။ တော်တော်များများကတော့ နာမည် ကြားဖူးကြပေမဲ့ အခြားသော
နာမည်ကျော် ဒေသများနဲ့စာရင် ရောက်ဖူးကြသူကတော့ နည်းပါးလှပါသေးတယ်။
အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး မချောမွေ့တာကြောင့် ဖြစ်ပါတယ်။ တစ်နှစ်
တစ်ခါ ကျင်းပလေ့ ကျင်းပမြဲ အင်းတော်ကြီးထဲက ရွှေမဉ္ဇူ ရေလယ်စေတီတော်ရဲ့
ဘုရားပွဲဟာဆိုရင်လည်း ကချင်ပြည်နယ်မှာ အစည်ကားဆုံး ဘုရားပွဲလို့ ဆိုရလောက်
အောင် ကြက်ပျံမကျ စည်ကားလှပါတယ်။ အဲဒီလို လူတွေ စည်ကားလွန်းတဲ့အတွက်
ကျွန်မကတော့ ပွဲတော်ရက်တွေထက်စာရင် အေးအေးလူလူ ဘုရားဖူးပြီး သဘာဝ
အလှ ရှုခင်းတွေ ကောင်းကောင်းမြင်တွေ့ရတဲ့ ဘုရားပွဲတော် မဟုတ်တဲ့အချိန်မျိုးကို
သွားရတာ ပိုပြီး နှစ်သက် သဘောကျပါတယ်။

ဒီနှစ် အင်းတော်ကြီးထဲကို ကျွန်မ ရောက်သွားတဲ့အချိန်ဟာ ဘုရားပွဲတော်မစခင်
ဖေဖော်ဝါရီ လဆန်းပိုင်းလောက်မှာ ဖြစ်ပါတယ်။ အဲဒီလဟာ ဆောင်းရာသီလည်း
မကုန်တတ်သေးတာကြောင့် ချမ်းချမ်းအေးအေးနဲ့ ငွေနှင်းမှုန် လွမ်းခြုံရစ်သိုင်းဆဲ
ကာလဖြစ်ပါတယ်။ အင်းတော်ကြီးဟာ ကျွန်မ တစ်သက်တာမှာ လွန်ခဲ့တဲ့ ၁၅နှစ်
လောက်က တစ်ကြိမ်နဲ့ ယခုတစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်သာ ရောက်ဖူးသေးတာမို့
ရောက်ခဲလှတဲ့အတွက် ဒီတစ်ကြိမ်မှာတော့ ဓာတ်ပုံရိုက်ရင်း အေးအေးလူလူ အချိန်
ယူပြီး နေဖို့ဆိုပြီး အင်းတော်ကြီးမှာ တစ်ညအိပ်ဖြစ်ခဲ့ပါတယ်။ မနက်စောစော နှင်းမှုန်
တွေကြားမှာ ရွှေမဉ္ဇူဘုရားဆီ စက်လှေနဲ့သွားပြီး ဆွမ်းတော်ကပ်ရတာဟာ အလွန်ကို
စိတ်ကြည်နူးဖို့ကောင်းလှပါတယ်။

အင်းတော်ကြီးကန်ဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တည်ရှိပြီး အလျား ၁၆မိုင်
အနံ၈မိုင်ခန့်ကျယ်ဝန်းပြီး မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှမှာ အကျယ်ဆုံးအင်းကြီး
ဖြစ်ပါတယ်။ အင်းပတ်ပတ်လည်မှာ ရွာပေါင်း ၃၆ ရွာ တည်ရှိပါတယ်။ အင်းတော်ကြီး
တစ်ဝိုက် နေထိုင်ကြသူများဟာ အများအားဖြင့် ရှမ်းလူမျိုးများ ဖြစ်ကြပါတယ်။
အင်းတော်ကြီးနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင်များဟာလည်း ရှမ်းလူမျိုးတို့ အဆက်ဆက်
လက်ဆင့် ကမ်းလာကြတဲ့ ပါးစပ်ရာဇဝင်များ ဖြစ်ပါတယ်။ အင်းတော်ကြီးဟာ
ငါးအလွန်ပေါလှပြီး အင်းတော်ကြီး ငါးချဉ်နဲ့ ငါးရံ့ခြောက်တို့ဟာ နာမည်ကျော်လှပါ
တယ်။ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားပွဲတော်ဟာ တပေါင်းလဆန်း ၈ရက်နေ့မှ လပြည့်
ကျော်တစ်ရက်နေ့အထိ ကျင်းပလေ့ရှိပါတယ်။ ကျွန်မတို့သွားတဲ့အချိန်ဟာ ဘုရားဆီ
သွားတဲ့လမ်း မပေါ်သေးတဲ့အချိန် ဖြစ်တာကြောင့် စက်လှေနဲ့သွားရပါတယ်။ ဘုရားပွဲ
အချိန်အခါများမှာတော့ ဘုရားဆီသွားဖို့အတွက် လူသွားလမ်းကလေး ပေါ်လာတတ်
ပါတယ်။ အဲဒီလမ်းကို နတ်တွေခင်းပေးတဲ့လမ်းလို့ ဆိုစမှတ်ရှိပါတယ်။ ဘုရားပွဲကာလ
မဟုတ်သော်လည်း အင်းတော်ကြီး ကမ်းစပ်မှာ စားသောက်စရာတွေ ရောင်းချတဲ့
ဈေးဆိုင်တွေ ရှိပြီးတော့ တည်းခိုခန်း မရှိသော်လည်း ဘုရားဖူးတွေ တည်းခိုဖို့
ဆောက်လုပ်ထားတဲ့ ဇရပ်တွေ အများကြီးရှိတာကြောင့် အဲဒီ ဇရပ်တွေမှာ ညအိပ်
တည်းခိုနိုင်ပါတယ်။ တည်းခိုဆောင်တွေဟာ သော့ခတ်ထားပေမဲ့ ဈေးဆိုင်တွေမှာ
သော့တောင်းယူပြီး တည်းခိုနိုင်သလို၊ ညအိပ်စရာ စောင်၊ ဘာညာ မပါရင်လည်း
အဲဒီဆိုင်တွေမှာ ငှားလို့ရနိုင်တာကြောင့် အလွန်ကို အဆင်ပြေပါတယ်။

အခြားသော ပြည်နယ်များကနေ အင်းတော်ကြီးကို လာမယ်ဆိုရင် မန္တလေးကနေ
ရထားစီးပြီး မိုးညှင်း (သို့မဟုတ်) ဟိုပင်မှာ ဆင်းပြီး အဲဒီ မြို့များကနေ ကားနဲ့
အင်းတော်ကြီးဆီကို သွားနိုင်ပါတယ်။ အင်းတော်ကြီးသွားတဲ့ ကားဂိတ်တွေကို ဘူတာ
အထွက်မှာ အလွယ်တကူ စုံစမ်းနိုင်ပါတယ်။ ပါဂျရိုကားများကို ခရီးသည်ပို့ဆောင်တဲ့
ယာဉ်တွေအဖြစ် အသုံးပြုတာကြောင့် ယခင်ကထက် စာရင် သက်တောင့်သက်သာ
သွားလာနိုင်သော်လည်း ကားလမ်းဟာ မိုးရာသီများမှာတော့ ရွံ့ဗွက်တွေ ထူထပ်ဆိုးဝါး
လှပါတယ်။ နွေအခါနဲ့ ဆောင်းရာသီများမှာတော့ ဖုံတထောင်းထောင်းထနေတဲ့
မြေသားလမ်းတွေ ဖြစ်ပါတယ်။ အင်းဘေးပတ်လည်က ရွာတွေကလည်း သာသာယာ
ယာ အေးအေးချမ်းချမ်း ရှိပြီး အင်းတော်ကြီး ပတ်လည်မှာ လှပတဲ့ တောတောင်
သဘာဝ ရှုခင်းတွေ ဝိုင်းရံလို့နေပါတယ်။ ရွာကလေးတွေဆီကိုတော့ စက်လှေငှားပြီး
အလည်အပတ် သွားနိုင်ပါတယ်။ အင်းရေပြင်မှာ ပျော်ပါး မြူးတူးနေကြတဲ့ ဇင်ယော်၊
တင်ကျီးငှက်၊ ရေဘဲ၊ ရေကြက် ၊ (နာမည် မသိတဲ့ အခြားသော ငှက်များလည်းရှိပါသေး
တယ်) စသဖြင့် ငှက်ပေါင်းစုံလင်ကိုလည်း တွေ့ရှိနိုင်ပါတယ်။ နေ့လည် ၁၂နာရီ
လောက်မှာ ဘုရားရှိရာ ရေကန်အစပ်ဆီ ရောက်သွားတဲ့ကျွန်မဟာ ဘုရားဖူးပြီးတာနဲ့
စက်လှေတစ်စီးနဲ့အတူ အင်းစပ်တွေမှာရှိတဲ့ ရွာကလေးတွေဆီ အလည်ထွက်ရင်း
အင်းတော်ကြီးရဲ့ အလှအပတို့ကို ဓာတ်ပုံရိုက်ထွက်ပါတယ်။ ကျွန်မရောက်သွားတဲ့
အချိန်ဟာ အင်းထဲမှာ ဇင်ယော်တွေ အသည်းယားစရာကောင်းလှအောင်ကို များများ
စားစား တွေ့ရပါတယ်။ အင်းရေပြင်ဟာ ကြည်လင်လွန်းလို့ အောက်က ရေမှော် ရေညှိ
ပင်တွေ၊ အုပ်စုဖွဲ့ သွားလာနေတဲ့ ငါးအုပ်တွေကို အတိုင်းသား မြင်တွေ့နေရပါတယ်။

အင်းတော်ကြီးပတ်ဝန်းကျင်က ရွာတွေဟာ သာသာယာယာရှိပြီးတော့ ချစ်စရာ
ကောင်းတဲ့ ရေချိုးဆိပ်ကလေးတွေကို အင်းစပ်မှာ သစ်သားစင်လေးတွေနဲ့ ပြုလုပ်
ထားကြပြီး သူသူငါငါ လူကြီးလူငယ်မရွေး ပျော်ပျော်ပါးပါး ရေချိုးကြတာကို တွေ့ရပါ
တယ်။ အင်းရေပြင်စပ်တစ်လျှောက်မှာ ပေါက်နေတဲ့ အပင်တွေကိုလည်း လှလှပပ
တွေ့မြင်ခဲ့ရပြီး ဒေသခံတွေကို မေးကြည့်တဲ့အခါ ကြီးပင်လို့ ခေါ်ကြောင်း ရှင်းပြပါတယ်။
ထို့အပြင် အင်းတော်ကြီး ရေရှည် တည်တံ့နိုင်ရန်အတွက် ကန်စပ် ပတ်ဝန်းကျင်
တစ်ဝိုက်က အဲဒီ အပင်တွေကို ခုတ်ထွင်ခြင်း မပြုလုပ်ဖို့ တားမြစ်ထားတယ်လို့
သိရပါတယ်။ ဒေသခံတွေအားလုံး စနစ်တကျ လိုက်နာကြမယ်ဆိုရင် အင်းတော်ကြီး
အလှဟာ ရေရှည်တည်တံ့ခိုင်မြဲနေမှာပါ။ အင်းတော်ကြီးထဲကို မြစ်ချောင်းကြီးငယ်များ
စွာ စီးဆင်းဝင်ရောက်ကြပေမဲ့ အင်းထဲကနေ ပြန်စီးထွက်တဲ့ ချောင်းဟာ အင်းတော်ကြီး
ပေါက်ဝ ချောင်းတစ်ချောင်းသာ ရှိတယ်လို့ သိရပါတယ်။

မိုးအခါမှာ အင်းရေပြင်ဟာ ပိုပြီး ကျယ်ဝန်းပါတယ်။ အင်းတော်ကြီးနဲ့ ပတ်သက်တဲ့
စိတ်ဝင်စားစရာ ရာဇဝင်တွေများစွာကိုလည်း အင်းတော်ကြီးရောက်တဲ့အခါ ဒေသခံ
တွေနဲ့ စကားစမြည်ပြောရင်းဖြစ်ဖြစ် ဘုရားမှာ ရောင်းချတဲ့ အင်းတော်ကြီး သမိုင်း
စာအုပ်ကိုဖြစ်ဖြစ် ဝယ်ယူဖတ်ရှုရင်း ကြားနိုင် သိနိုင်ပါတယ်။ လှပသာယာတဲ့ သဘာဝ
ရှုခင်းများနဲ့ ကြည်ညိုဖွယ် ဘုရားစေတီများရှိရာ ကချင်ပြည်နယ် အင်းတော်ကြီး
ဒေသကို မရောက်ဖူးသေးရင် ခါတစ်ခေါက်တော့ဖြင့် မရောက်ရောက်အောင် သွားခဲ့
ကြပါဦးလို့ အားလုံးသော စာဖတ်သူ မိတ်ဆွေများကို တိုက်တွန်းလိုက်ရပါတယ်။
ခရီးသွားခါနီးဖြစ်တာမို့ ဓာတ်ပုံနဲ့စာတွေကို အားလုံး ပြည့်စုံအောင် မတင်နိုင်ခဲ့ပါဘူး။
ဖြည့်စွက်စရာတွေ အများကြီး ကျန်ခဲ့ပါတယ်။ ဓာတ်ပုံတွေ အများကြီး ရိုက်ခဲ့ပေမဲ့
အချိန် မရတာကြောင့် စိတ်တိုင်းကျ မတင်ပေးနိုင်ခဲ့ပါဘူး။ အင်းတော်ကြီးဒေသ
အကြောင်းကို နောက်တော့မှ ဓာတ်ပုံတွေနဲ့ စာတွေထပ်ရေးပြီး တင်ပေးပါမယ်နော်။

မိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ ငြိမ်းချမ်းကြပါစေ…
Credit
ချစ်ခင်စွာဖြင့်
ချော (အစိမ်းရောင်လွင်ပြင်)

10 Shares

Add a Comment

Your email address will not be published. Required fields are marked *