အရမ်း​ကောင်းတဲ့သုံးသပ်​ချက်​​လေးပါ

35 Shares

Capernaum သို့မဟုတ် တွေးစရာတွေ အများကြီးပေးတဲ့
ရုပ်ရှင်တစ်ခု

Capernaum (Capharnaüm) ရဲ့အဓိပ္ပါယ်ကတော့
ရုပ်ရှင်မှာ Chaosဆိုပြီး သုံးထားတယ်။ ဒုက္ခတွေ တစ်ပုံ
တပင်နဲ့ ကမောက်ကမ ဖြစ်ခြင်းပေါ့။ တကယ်လည်း
ဒီရုပ်ရှင်ကြည့်ရတာ စိတ်မချမ်းသာပါဘူး။ ဒါပေမယ့်
Reality မှာဖြစ်နေတာတွေကို ရိုက်ပြထားတာဖြစ်ပြီး
မြန်မာနိုင်ငံမှာရှိတဲ့ အနေအထား အချို့နဲ့လည်း တူညီ
နေတာကို တွေ့ရပါတယ်။ ဒီရုပ်ရှင်ဟာ လက်ဘနွန်ရုပ်ရှင်
ဖြစ်ပြီး ဇာတ်လမ်း အကျဉ်းကိုပြောပြရရင်တော့ ဇိန်းဆိုတဲ့
၁၂နှစ်အရွယ် ကောင်လေးက သူ့မိဘတွေကို တရားပြန်စွဲ
တာပါ။ သူ့မိဘတွေက သားသမီးတွေတစ်ပုံကြီးမွေးပြီး
သားသမီးကို ပြန်ခိုင်းစားတဲ့ မိဘမျိုးတွေပါ။ ဇိန်းက မိဘ
တွေကို တရားပြန်စွဲရခြင်း အကြောင်းအရင်းက သူ့ကို
မွေးခဲ့လို့ပါ။ သူ့ဘဝဟာ မွေးထဲက စုတ်ပြတ်သတ်နေခဲ့
တာပါ။ တကယ်တော့ ဇိန်းရဲ့ အသက် ၁၂ နှစ်ဆိုတာ
ဆရာဝန်က ခန့်မှန်းပြောတာပါ။ ဇိန်း အသက်ဘယ်လောက်
လဲဆိုတာ သူ့မိဘတွေလည်း မသိပါဘူး။ ဇိန်းကိုယ်တိုင်
လည်း မသိပါဘူး။ ဇိန်းမှာ Birth Certificate လည်း မရှိ
ပါဘူး။ တစ်နေ့တော့ ဇိန်းရဲ့ ညီမ ဖြစ်တဲ့ ဆာဟာဆိုတဲ့
ကောင်မလေးဟာ အပျိုဖော်ဝင်လာပြီး ဓမ္မတာလာခဲ့ပါ
တယ်။ (စာကြွင်း- ညီမလို့ သုံးခဲ့ပေမယ့် အစ်မလည်း
ဖြစ်နိုင်ပါတယ်။ Sister လို့ သုံးသွားတဲ့အတွက် ညီမလား၊
အစ်မလား ဘာသာပြန်ရခက်ပါတယ်။ ဒါ့အပြင် သူတို့
မောင်နှမတွေရဲ့ အသက်တွေကိုလည်း ဘယ်သူမှ
မသိကြပါဘူး။ မိဘတွေလည်း မသိပါဘူး။အရွယ်ကတော့
မတိမ်းမယိမ်းပါပဲ။ ညီမလို့ပဲ ဆက်သုံးသွားပါမယ်)။
ညီမဖြစ်သူရဲ့ သွေးပေနေတဲ့ အတွင်းခံနဲ့ ဘောင်းဘီ
ကို ဇိန်းက လျှော်ပေးပါတယ်။ ညီမဖြစ်သူ အပျိုဖော်
ဝင်နေတာ သိရင် အိမ်က မိဘတွေက ညီမဖြစ်သူကို
တိုက်ခန်းပိုင်ရှင် အာဆက်ဆိုတဲ့သူဆီ အပ်တော့မှာ
သိနေလို့ပါ။

ဇိန်းက ငယ်ပေမယ့် ဘဝက အရွယ်နဲ့ မလိုက်အောင်
ပေးခဲ့တဲ့ ဒုက္ခတွေကြောင့် လူကြီးလေး တစ်ယောက်လို
ဖြစ်နေပါတယ်။ အာဆက်ဆိုတဲ့သူဆီမှာ ဇိန်းက အလုပ်
လုပ်နေတာ ဖြစ်တဲ့အတွက် အာဆက်ဆိုတဲ့သူ
ဘယ်လောက် အကြံပက်စက်ကြောင်း သူသိပါတယ်။
ဒီတော့ သူ့ညီမကို အာဆက်နဲ့ ဘယ်လိုမှ မပေးစားချင်
ပါဘူး။ သူ့ညီမကလည်း ငယ်ငယ်လေး ရှိပါသေးတယ်။
သူ့ညီမနဲ့ အတူတူ အိမ်ကနေထွက်ပြေးဖို့ ကြံစည်ခဲ့ပေ
မယ့် နောက်ဆုံးတော့ အိမ်က မိဘတွေက သူ့ညီမကို
အာဆက်လက်ထဲ ထည့်လိုက်ပါတယ်။ ညီမဖြစ်သူဟာ
ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်မှုဆိုင်ရာ ကျူးလွန်ခြင်းခံခဲ့ရပြီး
ကိုယ်ဝန်ရကာ နောက်ဆုံးမှာ ဆုံးပါးသွားခဲ့ပါတယ်။ ဇိန်းက
နောက်ဆုံးမှာ အာဆက်ကို ဓားနဲ့ထိုးပြီး ထောင်ဒဏ်(၅)
နှစ်ကျခဲ့ပါတယ်။ ဇိန်းကို သူ့အမေက ဘယ်လိုနှစ်သိမ့်
လဲဆိုတော့ “ဘုရားသခင်က ကိုယ့်ဆီက တစ်ခုခုယူသွား
ရင် တစ်ခုခု ပြန်ပေးတတ်ပါတယ်။ အခု အမေ့ဆီမှာ ကိုယ်
ဝန် ထပ်ရနေပြီ။ သမီးလေးဆိုရင် ဆာဟာလို့ နာမည်ပေး
မယ်”ဆိုပြီး ဂျင်းထပ်ထည့်ပါတယ်။ မိဘတွေကို စိတ်နာ
သွားတဲ့ ဇိန်းဟာ မီဒီယာတွေရဲ့ အကူအညီနဲ့အတူ မိဘ
တွေကို တရားစွဲပါတော့တယ်။ ဒါက ဇာတ်လမ်းကို အကျဉ်း
ချုံးပြောလိုက်တာပါ။ ကြားထဲမှာ ဒုက္ခသည် သားအမိနဲ့
တွေ့တာတွေ ထည့်မပြောထားသေးပါဘူး။ မကြည့်ရသေး
ရင် ဒီရုပ်ရှင်ကို ကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ကြည့်ပြီးမှ
အရင်ထဲက ပြောချင်ခဲ့တဲ့ စကားတွေကို ပိုပြီးပြောချင်
လာခဲ့ပါတယ်။ ဒီရုပ်ရှင်ကြည့်မှ ရခဲ့တဲ့အတွေးသစ်တွေ
တော့မဟုတ်ပါဘူး။ ဒီအတွေးတွေဟာ ကျွန်တော့်မှာ အမြဲ
ရှိနေခဲ့ပြီး စာအဖြစ် မရေးခဲ့တာပဲ ရှိတာပါ။ ဒါပေမယ့် ဒီရုပ်ရှင်
ဟာ ဒီစာကိုရေးဖို့ တွန်းအား တစ်ခု ဖြစ်လာစေခဲ့ပါတယ်။

(၁) မွေးပြီးရုံနဲ့မိဘတွေဟာ ကျေးဇူးရှင်တွေ ဖြစ်လာတာလား…

မိဘကို တရားစွဲတယ်ဆိုတဲ့ စကားကြားရုံနဲ့ အယူအဆ
ဟောင်းနဲ့လူအချို့က ဒီကလေးတော့ အပယ်လားတော့မှာ
ပဲလို့ တန်းပြီးတွေးကြမှာ သေချာပါတယ်။ ဒီကလေး
ဘယ်လောက်ခံစားရလဲဆိုတာကို ရုပ်ရှင် အရင်ကြည့်လိုက်
ပါ။ ဒီကလေးလို ကလေးတွေဟာ ပြင်ပလောကမှာလည်း
အများကြီးရှိပါတယ်။ ကိုယ်တိုင်လည်း မြင်ဖူးခဲ့ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ မိဘကောင်းနဲ့ ဆုံခဲ့ရလို့
ဝမ်းသာပေမယ့် ဇိန်းလို ကလေးတွေကတော့ မိဘဆိုးတွေ
နဲ့ ကြုံတွေ့ခဲ့ရလို့ လူ့ဘဝကိုမကျေနပ်နိုင်ပါဘူး။ လူ့ဘဝဟာ
သူတို့အတွက် ငရဲပါပဲ။ လူ့ဘဝဟာ ရခဲပါတယ်ဆိုတဲ့
စကားကို သူတို့ကိုသွားပြောရင် သူတို့က နားလည်မှာ
မဟုတ်ပါဘူး။ နားလည်ရအောင်လည်း လူ့ဘဝက သူတို့
အတွက် ကောင်းတဲ့အရာတွေ တစ်ခုမှ မပေးခဲ့ပါဘူး။ မွေး
ထဲက မသေရုံတမယ် ရုန်းကန်ခဲ့ရတယ်။ သားသမီးတွေ
တပြုံတပြွတ်မွေးပြီး ခိုင်းစားတဲ့မိဘတွေ လက်အောက်မှာ
ကြီးပြင်းခဲ့ရတယ်။ သားသမီးမွေးတာကို နွားမွေးမြူသလို
သဘောထားနေတဲ့ မိဘတွေလက်အောက်မှာ ကြီးပျင်း
ခဲ့ရတယ်။ တာဝန်ယူမှုဆိုတာ မရှိဘူး။ ခိုင်းစားချင်တာပဲ
သိတယ်။ ဒါမျိုး မိသားစုတွေကို ကျွန်တော်ငယ်စဉ်က
ကိုယ်တိုင်တွေ့ဖူးခဲ့တယ်။

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ မိဘဆိုတာ မွေးကျေးဇူး
ရှိတယ်။ သူတို့မမွေးရင် နင်တို့လူ့ဘဝထဲ ရောက်လာမှာ
မဟုတ်ဘူးဆိုတာတွေပဲ အထပ်ထပ် ကြားခဲ့ရတယ်။
ကောင်းမွန်တဲ့ဘဝမှာ နေနေရတဲ့ကလေးတွေအတွက်
တော့ လူ့ဘဝဟာ ပျော်စရာကောင်းချင်ကောင်းလိမ့်မယ်။
မွေးဖွားချိန်ကနေ သေတဲ့အထိ ရုန်းကန်ခဲ့ရတဲ့ကလေးတွေ
အတွက်ရော…လူ့ဘဝကြီးက ပျော်စရာကောင်းပါ့မလား။
အဲ့ဒီလို ငရဲနဲ့ ဘာမှ မထူးတဲ့ ဘဝကြီးထဲကို ခေါ်သွင်းခဲ့တဲ့
မိဘတွေကို ကျေးဇူးတင်ရမှာလား။ မိဘဖြစ်ရုံနဲ့ သားသမီး
ကို ကျွန်လုပ်ခွင့်ရှိပြီလား။ လူဖြစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့
သားသမီးဆိုတာ ရှိခဲ့လား။ လူတွေ ဝန်မခံချင်တဲ့ အရာတစ်
ခုရှိတယ်။ အဲ့ဒါက သားသမီးမွေးခြင်းမှာ အတ္တရောစပ်နေ
တယ်ဆိုတဲ့ အရာပဲ။ အချို့က အိမ်ထောင်ရေးစိုပြေဖို့ ကလေး
ယူကြတယ်။ အချို့က ချစ်စရာ ကိုယ်ပိုင်လူသားလေး တစ်
ယောက် ပိုင်ဆိုင်ဖို့ မွေးကြတယ်။ အတ္တဆိုတဲ့အရာဟာ
နူးနူးညံ့ညံ့ပါဝင်နေတယ်။ ကိုယ့်အတွက် မစဉ်းစားပဲ
ကလေးချစ်လို့ ယူတာဆိုရင် မွေးစားစရာ မိဘမဲ့ကလေး
တွေ အများကြီးရှိပါတယ်။ လူဆိုတာ အတ္တရှိပါတယ်။
ငါ့မျိုးဆက်၊ ငါ့မိသားစု၊ ငါ့သွေးသား၊ ငါ့အိမ်ထောင်ရေး၊
ငါ့စိတ်ချမ်းသာမှု၊ ဒါတွေအားလုံးဟာ ကလေးယူခြင်းမှာ
ပါဝင်နေပါတယ်။ ဒါကို အပြစ်ပြောနေခြင်း မဟုတ်ပါဘူး။
ဒီအချက်ကိုလက်ခံဖို့ ပြောနေခြင်း ဖြစ်ပါတယ်။ ကိုယ်က
ကလေး တစ်ယောက်မွေးလိုက်ရုံနဲ့ အဲ့ဒီကလေးရဲ့ ကျေးဇူး
ရှင်ဖြစ်သွားပြီဆိုတဲ့ အယူအဆကြီးကို ကျွန်တော်ကတော့
လုံးဝ လက်မခံချင်ပါဘူး။ မိဘကောင်းဆိုတာ တာဝန်ယူမှု
ကောင်းတဲ့ မိဘပါ။ ကလေးတစ်ယောက်လောက်ပဲ
သူကျွေးမွေးနိုင်မယ်ထင်ရင် တစ်ယောက်လောက်ပဲ
သူယူလိမ့်မယ်။ တစ်ယောက်မှ မကျွေးမွေးနိုင်ဘူးထင်ရင်
သူ ကလေးယူမှာ မဟုတ်ဘူး။ မကျွေးမွေးနိုင်ပဲ ကလေး
တွေ တပြုံတစ်ပြွတ်ကြီးမွေးတာဟာ ကျေးဇူးရှိတာ မဟုတ်
ပါဘူး။ ဒုက္ခတွင်းထဲ ကလေးတွေကို အပါခေါ်တာပါ။

(၂) ကလေးမယူကြသေးဘူးလားဆိုတဲ့ မေးခွန်း….

မြန်မာပြည်မှာ လင်မယား၂ယောက် ကလေးမယူရင်
မြုံနေကြတာလားဆိုပြီး အထင်သေးမယ့်သူတွေ ရှိပါ
တယ်။ အမျိုးသမီးတစ်ယောက်က သူတာဝန်မယူနိုင်လို့
သူတစ်သက်လုံး ကလေး မယူပါဘူးလို့ ပြောရင် ဝိုင်းပြီး
ကဲ့ရဲ့ကြမယ့် လူတစ်စု ရှိပါတယ်။ တကယ်တော့ အဲ့ဒီ
အမျိုးသမီးကမှ အထင်ကြီးစရာကောင်းတာပါ။ သူတာဝန်
မယူနိုင်တာကို သူသိတယ်။ အဲ့ဒီတော့ သူကလေးမယူဘူး။
သူ့ကိုသူ ရိုးသားတယ်။ ဒါပေမယ့် အဲ့ဒီလိုလူမျိုးကို ကျွန်တော်
တို့လူမှုအသိုင်းအဝိုင်းက အထင်သေးကြပါတယ်။ တာဝန်
မယူနိုင်ပဲကလေးမွေးတဲ့သူကိုတော့ မိခင်စိတ်ရှိသူဆိုပြီး
ချီးကျူးကြပါတယ်။ ကလေးယူခြင်း မယူခြင်းက လူတွေရဲ့
ကိုယ်ပိုင်လွတ်လပ်ခွင့်ပါ။ လင်မယား နှစ်ယောက် ကလေး
မယူကြပဲသနားစရာကောင်းတဲ့မိဘမဲ့ကလေးတွေကို မွေးစားဖို့
အစီအစဉ်ရှိတာလည်း ဖြစ်နိုင်တယ်။ သူတို့ လင်မယား
နှစ်ယောက်ထဲ အေးအေးဆေးဆေး လူ့ဘဝကို ဖြတ်သန်း
ချင်လို့ မယူကြတာလည်း ရှိမယ်။ ဒါကိုတွေ့တိုင်း ကလေး
မယူကြသေးဘူးလားဆိုပြီး Soft Pressure ပေးတာ
မကောင်းပါဘူး။ အဲ့ဒီလို မေးတဲ့သူတွေကို ကြည့်လိုက်
တော့လည်း ကလေးတစ်ဖက်နဲ့ ဒုက္ခရောက်နေသူတွေ
များပါတယ်။ အဲ့ဒီဒုက္ခကို သူတို့အဆင်ပြေလို့ ကလေးယူ
နိုင်ကြပေမယ့် အဲ့ဒီဒုက္ခကို မခံစားနိုင်သူတွေလည်း ရှိပါ
တယ်။ ဒီနေရာမှာ ဘယ်သူက မှန်ပြီး ဘယ်သူက မှားတယ်
လို့ ပြောနေခြင်း မဟုတ်ပါ။ ကိုယ်ပျော်ရာ ကိုယ်လုပ်ပါဆို
တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

(၃) အကြောင်းအရင်းက ဘာလဲ…

ဒီရုပ်ရှင်ကြည့်ပြီးသွားရင် ဇိန်းရဲ့ မိဘတွေကို အမြင်ကတ်
ကြမှာ သေချာပါတယ်။ ဟုတ်ပါတယ် ဇိန်းရဲ့မိဘတွေမှာ
အပြစ်ရှိပါတယ်။ ဒါပေမယ့် ဇိန်းရဲ့မိဘတွေ ဘာလို့ အဲ့ဒီလို
ဖြစ်လာတာလဲ တွေးမိကြလား…။ ဇိန်းရဲ့ မိဘတွေလို
လူမျိုးတွေကို တရားသွားချရင် သူတို့ပြင်မယ်လို့ရော
ထင်လား…။ ဇိန်းရဲ့ မိဘတွေ အဲ့ဒီလို အဆင်အခြင်မဲ့
ကလေးယူတာရော ဘယ်က စဖြစ်လာတာလဲ။ ဇိန်းလို
ကလေးတွေ နည်းသွားဖို့၊ ဇိန်းရဲ့မိဘလို မိဘတွေနည်းသွား
ဖို့ဆိုရင် ပညာရေးဟာ အဓိကကျပါတယ်။ ပညာမတတ်
တဲ့အတွက် စဉ်းစားချင့်ချိန်နိုင်စွမ်းနည်းကြပါတယ်။
Generation အသစ်တွေ ကျောင်းတက်ခွင့် များများ
ရမှ ဇိန်းရဲ့ မိဘလို လူမျိုးတွေ မပွားလာမှာ ဖြစ်ပါတယ်။
ဒါမှ ဇိန်းလို အရှင်လတ်လတ် ငရဲကျရတဲ့ ကလေးတွေ
လည်း နည်းလာမှာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကျွန်တော်
တို့ ပတ်ဝန်းကျင်က ကလေးတွေကို ကျောင်းနေခွင့်ရအောင်
ကျွန်တော်တို့ ကူညီရမယ်။ ခဲတံတစ်ချောင်းပဲ တတ်နိုင်ရင်
လည်း ခဲတံတစ်ချောင်းလောက် ကူညီဖို့ လိုမယ်။ အစိုးရက
အဓိက ဦးဆောင်လုပ်ရမှာ ဆိုပေမယ့် ကျွန်တော်တို့ အားလုံး
လည်း ဝိုင်းဝန်း ဖေးမဖို့ လိုမယ်။ Capernaum ဟာ
လက်ဘနွန်ရုပ်ရှင်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေကို
အများကြီး ထင်ဟပ်နေတယ်။ ကလေးတွေကို ဖေးမတဲ့
အလုပ်ကိုယ်တိုင် မလုပ်နိုင်ရင် လုပ်နေတဲ့သူတွေအကြောင်း
သတင်းစကား ဖြန့်ပေးဖို့ လိုမယ်။ Youth Integrate Society -YIS က လုပ်တဲ့ “ပိုဝယ်ခဲ့ပါ”ဆိုတဲ့ BUY MORE Campaign မျိုးကို
ကျွန်တော် သဘောကျမိတယ်။ သူတို့ရဲ့ “ပိုဝယ်ခဲ့ပါ”
အကြောင်း ဖတ်ချင်ရင် အောက်က လင့်မှာဖတ်ပါ။

လူ တွေ မေး နေ တဲ့ ပို ဝယ် ခဲ့ ပါ နေ ရာ လေး တွေ …ဒီ နေ ရာ လေး တွေ မှာ ပို ဝယ် ခဲ့ ပါ ။🙏🙏🙏👇👇👇မြောက်​ ဥ က္က လာ ပ…

Posted by BUY MORE on Wednesday, April 3, 2019

ကိုယ့်သားသမီးအတွက် စာရေးကိရိယာလေးတွေဝယ်ရင်း
ခဲတံတစ်ချောင်းဖြစ်ဖြစ်၊ ဘောပင်တစ်ချောင်းဖြစ်ဖြစ်
ပိုဝယ်ပီး အဲ့ဒီဆိုင်က ‘ပိုဝယ်ခဲ့ပါ’ ပုံးလေးထဲ လှူခဲ့လို့
ရပါတယ်။ ဆင်းရဲနွမ်းပါးကလေးတွေအတွက် ခဲတံ
တစ်ချောင်း၊ ဘောပင်တစ်ချောင်းဟာ အလွန်အကျိုး
ရှိပါတယ်။ ကျွန်တော်ကတော့ မနေ့ကမှ သိတဲ့အတွက်
မလှူရသေးပါဘူး။ ဒီစာလေးနဲ့ပဲ သူတို့အကြောင်း သတင်း
စကားကို ဝေမျှလိုက်ပါတယ်။ နောက်လည်း တတ်နိုင်
သလောက် ကူညီဖို့ရှိပါတယ်။

ဒီစာဟာ ‘ပိုဝယ်ခဲ့ပါ’ အကြောင်း ရေးတာမဟုတ်သလို၊
မိဘတွေကို စော်ကားတဲ့စာလည်း မဟုတ်ပါဘူး။ လူဆို
တာ ရောက်တဲ့ နေရာမှာ တာဝန်ကျေမှ တန်ဖိုးရှိတာပါ။
အလိုလျောက် တန်ဖိုးရှိပြီးသား ဖြစ်လာတာ မဟုတ်ပါ
ဘူး။ မိဘဆိုလည်း မိဘတာဝန်ကျေမှ၊ ဆရာဆိုလည်း
ဆရာတာဝန်ကျေမှ၊ သားသမီးဆိုလည်း သားသမီးတာဝန်
ကျေမှ၊ ခေါင်းဆောင်ဆိုလည်း ခေါင်းဆောင်တာဝန်ကျေမှ၊
နောက်လိုက်ဆိုလည်း နောက်လိုက်တာဝန်ကျေမှ တန်ဖိုး
ရှိတာပါ။ ကျွန်တော်ဟာ တာဝန်ကျေတဲ့မိဘတွေနဲ့ ဆုံတွေ့
ခွင့်ရခဲ့ပါတယ်။ အဲ့ဒီအတွက် ဂုဏ်ယူသလို ကျွန်တော်မိဘ
တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တာဝန်
မကျေတဲ့၊ တာဝန်မသိတဲ့ မိဘတွေကြောင့် ဒုက္ခရောက်နေ
ကြတဲ့ကလေးတွေလည်း အများကြီးရှိပါတယ်။ အဲ့ဒီလို
ကလေးတွေ ပပျောက်ဖို့ ဆိုရင် ပညာတတ်ကလေးတွေ
အများကြီး ပေါ်ထွန်းလာဖို့ လိုပါတယ်။ အဲ့ဒီလို ဖြစ်လာဖို့
ကျွန်တော် တတ်နိုင်တာလေးနဲ့ ကူညီဖေးမကြပါစို့။
နောက်တစ်ခု တိုက်တွန်းချင်တာကတော့ အလှူအတန်း
လုပ်တဲ့အခါ ကုသိုလ်ဘယ်လောက်ရပြီး နောက်ဘဝ
ဘာဖြစ်မယ်ဆိုတာကို ခဏမေ့ထားပြီး လူသားအချင်းချင်း
ဖေးမတဲ့ အလှူမျိုးတွေ ပိုလုပ်စေချင်မိပါတယ်။ လူလူချင်း
ကူညီတာကို မကြိုက်တဲ့ဘုရား မရှိလောက်ပါဘူး။

#မိုးရှင်း (I.M.T)

35 Shares

Add a Comment

Your email address will not be published. Required fields are marked *