ရွှေရင်​​အေး ဘယ်​လိုလုပ်​ကြမလဲ??

ရွှေရင်အေး

မြန်မာမှန်လျှင် ရွှေရင်အေးမကြိုက်သူမရှိ၊ သင်္ကြန်ဆိုလျှင် ရွှေရင်အေး မပါလျှင်မဖြစ်ဘူးဆိုတော့ နှစ်ကူးလက်ဆောင် ရွှေရင်အေးလုပ်နည်းလေးပါရှင်..။ မမီးရဲ့ ရက်စပီမှာ အလွယ်ရတဲ့ အုန်းနို့ဗူးကို အသုံးပြုထားပေမဲ့ မြန်မာမှာနေသူတွေအဘို့ အုန်းသီးကိုခြစ်ညှစ်လို့ရလာတဲ့ အုန်းနို့ရည်ကို အသုံးပြုရင် ပိုစားကောင်းမှာသေချာပါတယ်..။ အုန်းနို့ရှောင်လိုသူများကလည်း နို့စိမ်းဗူး ကို အစားထိုးအသုံးပြုနိုင်ပါတယ်..။ ရွှေရင်အေးရဲ့ အဓိက အရသာက ချို့ဆိမ့်မွှေးအီတဲ့ အုန်းနို့၊ သကြားနဲ့ ရေခဲ အေးအေးတို့အပေါ်မှာမူတည်တာမို့.. သကြားခိုပီး ဆေးသကြားထိုးတာမျိုး ..အုန်းနို့နည်းတာမျိုး၊ ရေခဲများများအသုံးမပြုနိုင်တာမျိုးဆိုရင် ရွှေရင်အေးရဲ့အရသာကို လျှော့ပါးစေပါတယ်..။ နွေနေက ပူပီဆိုတော့ သကြားရည်၊ အုန်းနို့တို့ကိုရောပီးဖျော်ထားတာက သိုးလွယ်တယ်၊ သီးသန့်စီဖျော်ထားပီး စိတ်ကြိုက်အရသာထွက်အောင်ရောစပ်ပေးတာက ကတီးကတီး ထစားတတ်သူတို့အတွက် အဆင်ပြေပါတယ်ရှင်..။

ပါဝင်ပစ္စည်းများ ( ၁၀ ပွဲစာ)
1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ

2. သာကူ ၂၅ ကျပ်သား ကျို ထားပါ

3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ

4. ပေါင်မုန့် ၁၀ ချပ်

5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။

6. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)

7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

8. ရေခဲ လိုသလောက်

9. ဆား သင့်ရုံ

ပြုလုပ်နည်း
1. မုန့်လက်ဆောင်းဖတ် ပြုလုပ်နည်း၊ အုန်းနို့ကျောက်ကျောကျိုနည်းနဲ့ သာကူကျိုနည်းတို့ကို သီးသန့် ရေးပေးထားလို့ ဒီနေရာမှာ ကောက်ညှင်းချက်နည်း/ပေါင်းနည်းကိုဘဲ ရေးပေးလိုက်ပါတယ်..။

2. ကောက်ညှင်းကို ချက်ချက် ပေါင်းပေါင်း အလုံးဆန်မပျက် မာမာ အိအိလေးဖြစ်ဘို့က အဓိကျပါတယ်..။

3. ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊

4. ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်၊

5. တချို့ rice cooker တွေမှာ ကောက်ညှင်းဆန်ချက်တဲ့ setting သီးသန့်ပါရှိပါတယ်၊ ၊ ကောက်ညှင်းဆန် rice cooker ခွက် ၃ ခွက်အတွက် ရေ rice cooker ခွက် ၁ ခွက်ခွဲ ထည့်ပီး ချက်နိုင်ပါတယ်..၊

6. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။

7. သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

8. ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းစားနိုင်ပါပီရှင်၊

29 Shares

Add a Comment

Your email address will not be published. Required fields are marked *