တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေတဲ့
|ယနေ့ ကျိုက်ထီးရိုးမှ ရန်ကုန်သို့အပြန် ပဲခူးတိုးဂိတ် အဝင်တွင် အင်္ကျီအပြာ ဘောင်းဘီအပြာနှင့် လူသုံးဦးမှ လာသမျှကား အကုန် အသည်းအသန် ဝီစီမှုတ်၍ တားလေသည်
ကျွန်တော့်ကားလည်း အပါအဝင် တားသဖြင့် ရပ်ပေးလိုက်လေသည် ထိုအခါ တားသောသူမှ ငါးရာ ငါးရာဟု အော်၍တောင်းသဖြင့် ဘာအတွက်လဲဟုမေးလေရာ တိုင်းဒေသကြီး ဖွံ့ဖြိုးမှု့ ရန်ပုံငွေအတွက် ကောက်တာဟု ပြောလေဧ် ဘာလို့ပေးရမှာလဲ လမ်းကြေး တံတားကြေး မြို့ဝင်ကြေး အကုန် ပေးလာပြီးပြီ အကုန် ပြေစာလည်းရှိတယ် ပြောရော ခင်ဗျားတို့ကားတစ်စီးထဲ ကောက်တာမဟုတ်ဘူး လိုက်ထရပ် နံပါတ်အနီ ကားကြီးကားသေး အကုန်ကောက်တာဆိုပြီး ခက်ထန်သောမျက်နှာနှင့် ပြန်ပြောလေဧ် မပေးဘူးကွာဆိုပြီး ကားလည်း မောင်းထွက်ရော နံပါတ်ပြားကိုရှေ့မှ အသည်းအသန်ငုံ့ကြည့်သဖြင့် ဓါတ်ပုံပါရိုက်ထားလိုက် ဆိုပြီး ပြောခဲ့လေ၏
ကျွန်တော်တစ်ခု သိချင်သည်မှာ မြို့ဝင်ကြေးဆိုပြီးကောက်ထားသော ဝင်ငွေသည် ဘယ်နေရာတွင်သုံးသနည်း
ပဲခူးတိုင်းဒေသကြီး ဖွံ့ဖြိုးရန်အတွက် လာသမျှကားထံမှ ပိုက်ဆံကောက်မှ ဖွံ့ဖြိုးလာမှာလား ?
ထိုကိစ္စများအား သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုထားလေသလား ? သို့မဟုတ် နားလည်မှု့နှင့် လွှတ်ပေးထားလေရော့သလား မသိပေ
စာကြွင်း – ကျောက်ပန်းတောင်းမှ ပုဂံအသွား ညောင်ဦးတိုးလ်ဂိတ်အကျော် ဘူတာမီးပွိုင့်ထိပ်တွင်လည်း မထသ ကြီးကြပ်ခ ဆိုပြီးကောက်လေ၏
ပခုက္ကူမြို့မှ ဆင်ဖြူရှင်တံတားအသွား ရေစကြိုလမ်းဆုံ အနီးတွင်လည်း ဓားပြတိုက်သကဲ့သို့ ငါးရာ ငါးရာဟု အတင်းအော်တောင်းလေ၏
Tun Tun