သင့်​ကျန်းမာ​ရေးအတွက်​ အသီးအရွက်​ အစားစာ

ရာသီ အလိုက် စားသုံး သင့်သော အသီးအနှံ၊ အသားငါးများ ။
*****************************************************************

လူတိုင်းသည် မိမိတို့နေ့စဉ် စားသုံး နေကြသော အစာ အဟာရ များအနက် အပူစာ၊ အအေးစာနှင့် ရာသီ အလိုက် စားသုံး သင့်သော အစာ အာဟာရများကို သိထား သင့်ကြပြီး ရာသီဥတုနှင့် လိုက်လျောညီစွာ ပြောင်းလဲ စားသုံးကြရမည် ဖြစ်သည်။

သို့မှသာ ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်များကို အချိန်မှန်မှန် ရရှိနိုင်စေ မည်ဖြစ်သည်။ ထို့အတွက် အပူစာ၊ အအေးစာနှင့် ရာသီအလိုက် စားသုံးသင့်သော အစာ အာဟာရ များနှင့် ပတ်သက်ပြီး မှတ်သားမိသမျှ ဝေငှလိုပါသည်။

အပူစာ
*******
မြန်မာ့ တိုင်းရင်း ဆေးပညာ အလိုအရ ဥဏှဓာတ် ပါဝင်သော အပူစာအဟာရ များသည် ဝမ်းမီးကို တောက်လွယ် စေသည်။ အစာကို ကြေလွယ်စေသည်။ နှုတ်ကို မြိန်စေသည်။ ချွေးကို ထွက်စေသည်။ ပိုးနာ၊ ယားနာတို့ကို ပျောက်စေသည်။ အဆီကို ပြေစေသည်။ သွေးကြော လေကြောတို့ကို ပွင့်စေသည်။ သလိပ်ကို နိုင်စေသည်။
သို့ရာတွင် အလွန် အကျွံစားပါက ရေငတ်ရောဂါ၊ အရေပြား၌ အနာ အမျိုးမျိုး ပေါက်သော ရောဂါ၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်း၊ အရေတွန့်ခြင်း၊ အဖျားရောဂါ၊ မူးဝေခြင်း၊ ပိန်ကျုံ့ခြင်း၊ အသားအရေ ခြောက်ခန်းခြင်း၊ လျှာ၊ နှုတ်ခမ်းကွဲခြင်း၊ လည်ချောင်းကွဲ လည်ချောင်းနာ၊ နှလုံးတုန် ရင်တုန်၊ မောဟိုက်ခြင်း၊ အသည်းရောင်၊ အသားဝါ၊ အစာအိမ် အပူလောင်၊ ကျောက်ကတ်၊ မီးယပ် သွေးလွန်၊ စမြင်းထိုး၊ လိပ်ခေါင်း၊ သွေးဝမ်း စသော ရောဂါ တို့ဖြစ်စေနိုင်သည်။

အသားနှင့် ဥများ
******************
အပူစာနှင့် ပတ်သက်သည် များကို လက်လှမ်းမီသမျှ ဖော်ပြရပါက ကြက်သား – ကြက်ဥ၊ ဆိတ်သား၊ အမဲသား၊ ချေသား၊ ယုန်သား၊ ငုံးသား – ငုံးဥ စသည် တို့သည် အပူစာများ ဖြစ်ကြသည်။

အသီး အရွက်များ
*******************
ကမာရွက်၊ သင်္ဘောရွက် – ပွင့် – အသီးစိမ်း၊ ကြောင်လျှာသီး – အရွက်၊ ပင်စိမ်းရွက်၊ နံနံပင်၊ စပါးလင်၊ မဆလာ၊ မိဿလင်၊ နနွင်းစိမ်း၊ ရဲယိုရွက် – သီး၊ သရက်ကင်းဥ၊ ပျဉ်းတော်သိမ်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုပ်သီးမျိုးစုံ၊ ငရုပ်ကောင်း၊ ဒန့် သလွန်သီး – ရွက်၊ ဥသျှစ်သီး – ရွက်၊ ရှောက်ရွက်၊ ပူစီနန်၊ မျှစ်၊ မျှစ်ချဉ်၊ ကြောင်ပန်းရွက်၊ ခွေးတောက်ရွက်၊ သက်ရင်းကြီးရွက်၊ မုယားကြီးရွက်၊ ခံတက်ချဉ်၊ ဟင်းဂလာချဉ်၊ စောင်းချမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲစင်းငုံ၊ ပဲနောက်စသည့် ပဲများ၊ အရက် အမျိုးမျိုး၊ ဒူးရင်းသီး – ယို စသည်တို့သည် အပူစာများ ဖြစ်ကြသည်။ အကြေးခွံရှိသော ငါး၊ ပုစွန်တို့သည် အပူစာ တိုက်ရိုက် မဟုတ်သော်လည်း အပူစာ အဟာရအဖြစ် ကြက်သွန်ဖြူ၊ ချင်း၊ ရဲယိုရွက်၊ ဒန့်သလွန်ရွက် စသည်တို့ဖြင့် ရောနှောချက်ပြုတ် စားသောက်ပါက အပူစာ အဟာရကဲ့သို့ အကျိုး သက်ရောက် စေသည်ဟု မှတ်သား ဖူးပါသည်။

အအေးစာ
***********
တိုင်းရင်း ဆေးဝါးများတွင် ဖော်ပြလေ့ရှိသော သီသဓာတ် ပါဝင်သည့် အအေးအစာ အဟာရများသည် ခွန်အားကို တိုးပွား စေသည်။ သွေး၊ အသား၊ အဆီ၊ အရိုး၊ ချဉ်ဆီ၊ စသည်တို့ကို တိုးပွား ကြီးထွားစေသည်။ နို့ရည်ကို တိုးပွားစေသည်။ ရေငတ်ခြင်း၊ မူးဝေခြင်း၊ အပူရောဂါ အမျိုးမျိုး၊ ချွေးလွန်ခြင်း စသော ရောဂါတို့ကို ပျောက်ကင်း စေသည်။ ဆီး၊ ဝမ်း၊ လေ တို့ကိုမှန်စသည်။ သို့ရာတွင် အလွန်အကျွံ စားသုံးပါက သလိပ်ပွားသော ရောဂါ၊ ပန်းနာရင်ကျပ်၊ ချောင်းဆိုးခြင်း၊ သွေးကြော၊ လေကြောတို့၌ အဆီ ပိတ်သော ရောဂါ၊ အဆီ တိုးပွားသော ရောဂါ၊ အဆုတ်နာ၊ သွေးတိုး၊ နှလုံး သွေးကြောကျဉ်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်၊ ဝမ်းဖော ဝမ်းရောင်၊ ဝမ်းပျက်၊ ထုံကျဉ်ခြင်း၊ ကိုယ်လက် လေးလံခြင်း၊ သွက်ချာပါဒခေါ် ကိုယ်တစ်ခြမ်းသေ ရောဂါ၊ မီးယပ် သွေးချုပ်၊ သွေးကျန်၊ အခိုးပိတ် ချွေးငုပ်၊ ခေါင်းအုံ ဇက်လေး၊ ငိုက်မည်းခြင်း စသော ရောဂါများကို ဖြစ်စေ နိုင်ပါသည်။

အသားနှင့် ဥများ
******************
အအေးစာ အဟာရများနှင့် ပတ်သက်၍ ဝက်သား၊ ရေကြက်၊ လိပ်သား၊ ဖားသား၊ ငါးအမျိုးမျိုး၊ ငါးရှဥ့်၊ ပုစွန် အမျိုးမျိုး၊ ဘဲဥ၊ လိပ်ဥ၊ ငါးဥများ၊ အင်ဥ၊ ပိန်းဥ၊ ကန်းစွန်းဥ၊ မှိုဥ၊ ပဲမြစ်၊ အာတာလွတ်ဥ၊ အာလူး၊ ထန်းမြစ်၊ မျောက်ဥ၊ ပြောင်းဖူး၊ ထောပတ်၊ မြေပဲ စသည်တို့သည် အအေးစာ စာရင်းတွင် ပါဝင်ပါသည်။

အသီး အရွက်များ
*******************
အအေးစာ အသီး အရွက်များမှာ ဘူးသီး – ရွက်၊ ကျောက်ဖရုံသီး – ရွက်၊ ရွှေဖရုံသီး – ရွက်၊ သခွားသီး၊ ရုံးပတီသီး၊ ခရမ်းချဉ်သီး၊ စောင်လျားသီး၊ ခဝဲသီး၊ ခရမ်းသီး၊ ဆီးဖြူသီး၊ ကြက်ဟင်းခါးသီး – ရွက်၊ ကင်းပုံသီး – ရွက်၊ ကြက်သွန်နီ၊ ဖရဲသီး၊ အုန်းသီး၊ ငှက်ပျောသီး၊ သရက်သီးမှည့်၊ မရန်းသီးမှည့် ၊ မင်းကွတ်သီး၊ ပိန္နဲသီး၊ ပန်းသီး၊ သင်္ဘောသီးမှည့်၊ သပြေသီး၊ သစ်တော်သီး၊ နာနတ်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ သံပရာသီး၊ မာလကာသီး၊ သြဇာသီး၊ သလဲသီး၊ ဆီးသီး၊ ဂွေးသီး၊ သခွားမွှေး၊ ထောပတ်သီး၊ စတော်ဘယ်ရီသီး၊ ကြက်မောက်သီး၊ စပျစ်သီး၊ မက်မန်းသီး၊ မန်ကျည်းသီးမှည့်၊ သီးသီး စသည်တို့အပြင် ကန်စွန်းရွက်၊ မန်ကျဉ်းရွက်၊ ညံရွက်၊ ပြည်ပန်း ညိုရွက်၊ မုန်ညင်းရွက်၊ ချဉ်ပေါင်ရွက်၊ ဆလက်ရွက်၊ ဂေါ်ဖီထုပ်၊ ဟင်းနုနယ်၊ ဇရစ်၊ ပဲကတ္တီပါ၊ ပဲလွန်းရွက်၊ မြင်းခွာရွက်၊ ကြံရည်၊ လက်ဖက်၊ ပျားရည်စသည်တို့ကို အအေးစာ အသီးအရွက်များ စာရင်းတွင် ထည့်သွင်း ရမည်ဖြစ်သည်။

စားသုံးသူများ အနေဖြင့် မိမိတို့ ဘာသာရာသီအလိုက် ချင့်ချိန် စားသုံး သင့်သည့် အသီးအနှံ အစာ အဟာရများ အကြောင်းကို သေသေချာချာ သိရှိနားလည် ထားသင့်ပေသည်။ သို့မှသာ ငွေကုန်သမျှ အရာထင်ကာ သက်ရှည် ကျန်းမာရေး အတွက် အကျိုးရှိမည်။

ရာသီအလိုက်
***************
ထို့ကြောင့် နွေရာသီ၌ နွားနို့၊ ထောပတ်၊ ထန်းလျက်၊ ပျားရည်၊ ကြက်သား၊ ဆိတ်သား၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ငုံးဥစသည်ဖြင့် အချိုအရသာရှိသော အစာများကို ဦးစားပေး စားသုံးသင့်ပြီး မိုးရာသီ၌ ခွေးတောက်ရွက်၊ ရဲယိုရွက်၊ တမာရွက်၊ ကြက်ဟင်းခါးသီး စသည်ဖြင့် ခါးသော အရသာရှိသော အစာများကို ပိုမိုစားသုံး သင့်တာ ဆောင်းရာသီ၌ ရှောက်သီး၊ မန်ကျဉ်းသီး၊ ကင်ပွန်းချဉ်၊ ဆီးဖြူသီး၊ မရန်းသီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ ခရမ်းချဉ်သီး စသည်ဖြင့် အချဉ်အရသာ ဦးဆောင်သော အစာများကို စားသုံး သင့်ကြောင်း ဖတ်ရှုမိသမျှ ဆေးပညာ ဗဟုသုတ ဆောင်းပါးများမှ မှတ်စုထုတ်နုတ် ဝေမျှလိုက်ရပါသည်။

Credit – http://moigovnews.blogspot.com/2014/01/blog-post_9567.html

😊😊😊

5 Shares

Add a Comment

Your email address will not be published. Required fields are marked *