ဒေဝဒတ်ရဲ့နောက်ဆုံးခရီး

ဒေဝဒတ်ရဲ့နောက်ဆုံးခရီး
➖➖➖➖➖➖➖

ဒေဝဒတ်ကို ဖနောင့်နဲ့ ပေါက်တဲ့သူက “ကောကာလိက” တဲ့။

ရှင်ဒေဝဒတ်ကို ဖနောင့်နဲ့ ကောက်ပေါက်လိုက်တာ သွေးပွက်ပွက် အံသတဲ့။ ကောကာလိကဆိုတာ အားခွန်ဗလ အလွန်ကြီးသူဖြစ်ရမယ်။

သံဃာကို ဂိုဏ်းခွဲတုန်းက အားကိုးတကြီးနဲ့ ရှင်ဒေဝဒတ်နောက်ကို ရှင်ကောကာလိက လိုက်ခဲ့တယ်။ ဒေဝဒတ်ကလည်း ဘုရားကိုပြိုင် နိုင်ရင်ပြီးရောဆိုပြီးတော့ သူယုတ်က သူတော်ကောင်းယောင်ဆောင်၊ ခေါင်းပါးသောအကျင့် ကျင့်သယောင်နဲ့ တိုက်ခဲ့တယ်။

“သူတော်ကောင်းဆိုတာ တောမှာပဲနေမယ်။ ဆွမ်းလည်းစားလောက်ရုံပဲခံမယ်။ သင်္ကန်းကို လာမလှူနဲ့ လမ်းဘေးက ရတဲ့အဝတ်ကိုဝတ်မယ်။ သစ်ပင်အောက်မှာပဲနေမယ်။ အမဲ သားငါး မစားဘူး” တဲ့။

ဒေဝဒတ်ကြီးက ဘုရားကိုဆန့်ကျင် ထွင်လိုက်တဲ့ ကျင့်စဉ်တွေလေ။ သူတော်ကောင်းအနေနဲ့ ဒီလို နေထိုင်တာကို ဘုရားက မကြိုက်၊ မလိုက်လျောဘူးဆိုရင် ဂိုဏ်းခွဲမယ်တဲ့။

ဘုရားရှင်ဝါဒက မဇ္ဈိမပဋိပဒါ။ အယုတ်အလွန်နှစ်ပါးကို မဖြစ်ပွားစေတဲ့ အလယ်အလတ်လမ်း။ ဒါကြောင့် ဒေဝဒတ်လမ်းစဉ်ကို သဘောမတူဘူး။ ဒီမှာ ဒေဝဒတ်က လက်ပမ်းပေါက်ထခတ်တယ်။ ဒီလောက်ကောင်းတဲ့ အကျင့်ကို လိုက်မလုပ်နိုင်ရင် လမ်းခွဲမယ်ဆိုပြီး ရဟန်းငယ် ၅၀၀ ကိုခေါ်ကာ ဂယာသီသကို ထွက်သွားတယ်။

ဒေဝဒတ်ဂိုဏ်းခွဲပြီကြားတော့ ဘုရားရှင်က ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့ကို လိုက်ခေါ်ခိုင်းတယ်။ အားလုံးကို သွားပြန်ခေါ်လိုက်ပေါ့။ သာသနာတော်မှာ ဒီလို မဖြစ်သင့်ဘူးဆိုပြီးတော့။

ဘုရားရှင်ရဲ့ အမိန့်တော်နဲ့ ကိုယ်တော်ကြီးနှစ်ပါးက ဒေဝဒတ်နောက်လိုက်တယ်။ ဂယာသီသကိုရောက်တော့ ဒေဝဒတ်က “အလို … ငါ့အကျင့်ကို ကြိုက်လို့ ဘုရားရဲ့တပည့်ကြီးတွေ လိုက်လာပြီ” ဆိုပြီး ပီတိတွေဖြစ်တယ်။

ကိုယ်တော်ကြီးနှစ်ပါးက သံဃာတွေကို တရားဟောမယ်ဆိုတော့ ဒေဝဒတ်က ခွင့်ပြုတယ်။ ဟောပေါ့။ ကောကာလိကကိုယ်တော်က တားတယ်။ နားယောင်ပြီး ပြန်ပါသွားမှာ စိုးရိမ်လို့။

တစ်ဂိုဏ်းတစ်စင်ထောင်ပြီး ဘုရားရှင်လို ဟောရပြောရလွန်းလို့ မောနေ တဲ့ ဒေဝဒတ် နားဦးမယ်ဆိုပြီး သစ်ပင်အောက်မှာ လှဲရင်း အိပ်ပျော်သွားတယ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့က ရဟန်းငယ်တွေကို တရားပြတယ်။ အားလုံး ပြန်ပါသွားတယ်။

ကောကာလိက စိတ်ဆိုးရပြီ။ သူ့အားကိုးနဲ့ ဆရာတွေလုပ်မယ်ဆိုပြီး ဂိုဏ်းခွဲလာတယ်။ သူကတော့ သစ်ပင် အောက်မှာ အိပ်ပျော်နေတယ်ဆိုပြီး ဒေါသနဲ့ ဒေဝဒတ်ရင်ဝတည့်တည့် ဖနောင့်နဲ့ ကောက်ပေါက်လိုက်တာ။

ကောကာလိကရဲ့ ဖနောင့်ဒဏ်ကို ဒေဝဒတ် ကိုးလလောက်ခံစားရတယ်။ နောက်ဆုံးရောဂါသည်းထန်ပြီး နေချိန်မှာ ဘုရားရှင်ကို တမ်းတတယ်။ ငါမှားပြီ။ သူတော်ကောင်းကို ပြစ်မှားမိပြီ။ မသေမီ နောက်ဆုံး ဖူးတွေ့ သွားချင်သည်ဆိုပြီး အနီးမှာရှိတဲ့ တပည့်လက်ကျန်လေးတွေကို ဘုရားရှင်ထံ ပြန်ပို့ခိုင်းတယ်။

ဒေဝဒတ်ကို တပည့်တွေက ညောင်စောင်းပေါ်တင်ပြီး ထမ်းလာရတယ်။ ဇေတဝန်ကျောင်းရောက်ခါနီးမှာ တပည့်တွေက ဘုရားရှင်နဲ့တွေ့ဖို့ သန့်ရှင်းအောင်လုပ်မယ်ဆိုပြီး ကန်တစ်ကန်မှာ ရေဆင်းချိုးတယ်။ တပည့်တွေက ဒေဝဒတ်ညောင်စောင်းကို ကန်စောင်းမှာချခဲ့တယ်။ ဒေဝဒတ် ညောင်စောင်းကနေ အောက်ကို ဆင်းဖို့ ခြေနှစ်ဖက်ချလိုက်တယ်။

ဒေဝဒတ်ဟာ သူရပ်နေတဲ့ နေရာမှာပဲ မြေထဲကို တဖြည်းဖြည်းနစ်ဝင်သွားတယ်။ နောက်ဆုံး ပါးစပ်မမြုပ်မီ လက်အစုံကိုမြှောက်ပြီး ပြောသွားတာက

“တရားမင်းဘုရားကို အကျွန်ုပ်သည် ဤအရိုး၊ ဤအသက်တို့ဖြင့် လက်ယှက်တင်မိုး ဦးညွတ်လျှိုးကာ ရှိခိုးပါ၏ ဘုရား” တဲ့။

(ရည်ညွှန်း – ဓမ္မပဒဝတ္ထုတော် ရှင်ဒေဝဒတ်ဝတ္ထု)

credit မူရင်းရေးသားသူ
#PhyoeMayOo

71 Shares

Add a Comment

Your email address will not be published. Required fields are marked *