နှစ်ပေါင်း ၁၆ဝ ကျော်က တိုင်ပေါင်း ၃ဝဝ ကျော်ဖြင့် တည်ဆောက်ထားသည့် မအူတံတား

နှစ်ပေါင်း ၁၆ဝ ကျော်က တိုင်ပေါင်း ၃ဝဝ ကျော်ဖြင့် တည်ဆောက်ထားသည့် မကွေးတိုင်း၊ပခုက္ကူခရိုင်ကမအူတံတား
==================================================
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်၌ တောင်သမန်အင်း အတွင်းတည်ဆောက်ထားသော ဦးပိန်တံတား သည် နေ့စဉ်နှင့် အမျှ ပြည်တွင်းပြည်ပ ခရီးသွားများဖြင့် စည်ကား လျက် ရှိပြီး မြန်မာပြည်တွင် ထင်ပေါ်ကျော်ကြားသော တံတားတစ်စင်းဖြစ်သည်။

အထူးသဖြင့် ပြည်ပခရီးသွားနိုင်ငံခြားသားများ အထူးသဘောကျနှစ်ခြိုက်ကြလျက် မြန်မာကိုကမ္ဘာက သိစေသော အကျော်ဇေယျ တံတားတစ်စင်း လည်း ဖြစ်သည်။ သို့အတွက် မြန်မာပြည်သူများ လူတိုင်းလူတိုင်းမရောက် ဖူးကြသော်လည်း လူတိုင်းလူတိုင်းတော့ ကြားဖူးကြ၊ သိရှိကြမည်။
.
သို့သော် လူတိုင်းလည်းမကြားဖူး၊ လူတိုင်းလည်း မရောက်ဖူးသော ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်အတွင်းမှ မအူအင်းကိုဖြတ်၍ မအူငယ်ရွာနှင့် မအူအလယ်ရွာကို ဆက်သွယ်တည်ဆောက်ထားသည့် ဦးပိန်တံတားကဲ့သို့သော တံတားတစ်စင်းတည်ရှိနေပါသည်။

အဆိုပါ မအူရွာတံတားသည် ဦးပိန်တံတားနှင့်မည်သည့်တံတားက စောသည်၊ မည်သည့်တံတားက နောက်ကျသည်ကိုတော့ စာရေးသူ လက်လှမ်းမမီ၍ မသိသော်ငြားလည်း ရေစကြိုမြို့နယ်အတွင်းမှ မအူအင်းကိုဖြတ်၍ တည်ဆောက် ထားသော မအူရွာတံတားမှာ လွန်ခဲ့သော နှစ်ပေါင်း ၁၆ဝ ကျော် က တည်ဆောက်ထားခဲ့သည့် သစ်သားတံတား တစ်စင်းဖြစ်ကြောင်း ကမ္ပည်းရေး ထိုးထားသော မှတ်တမ်းကျောက်တိုင်ပါ စာအရ သိရှိရသည်။
.
မအူရွာတံတားတည်ဆောက်ထားပုံမှာလည်း ဦးပိန်တံတားနှင့် ခပ်ဆင်ဆင် တူ၍ တံတားပေါ်တွင် ခေတ္တနားနေဆောင် သုံးဆောင်ကိုလည်း ထည့်သွင်း တည်ဆောက်ထားရှိပြီး တိုင်ပေါင်း ၃၄၄ တိုင်ဖြင့် တည်ဆောက်ထားကြောင်း၊ တံတားတိုင်အရေအတွက်ကို မှတ်သားထားသည့် တံတား တိုင်ပေါင်း”ညောင်ရေလောင်း” ဟူသော သင်္ချာနည်းဖြင့်ရေးသား ထားသော မှတ်တမ်းစာ အရ သိရှိရသည်။
.
အဆိုပါ မအူရွာက သစ်သားတံတား မှာ နှစ်ပေါင်းကြာ ညောင်းလာ သည်နှင့်အမျှ သဘာဝရာသီဥတု၏ ရေဒဏ်၊ လေဒဏ်၊ မိုးဒဏ်တို့နှင့်အတူ အခြားသောအကြောင်းများ ကြောင့် ၁၃၁ဝ ခုနှစ် ဒုတိယဝါဆိုလဆန်း ၆ ရက် (တနင်္ဂနွေနေ့)တွင် ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြောင်း မှတ်တမ်းကျောက်စာတိုင်ပါ ကမ္ပည်းစာအရ လေ့လာသိရှိရသည်။
.
ထို့နောက် ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ပြည်တော်သာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၂ဝ ဖြင့် တစ်ကြိမ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့လက်ထက် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးကြီး သိုက်ထွန်း(ငြိမ်း)က တံတားကြီးရေရှည် တည်တံ့ခိုင်မြဲစေရန် အတွက် ကျွန်းတိုင်များလှူဒါန်းမှုဖြင့် ဒေသခံများ ပူးပေါင်း၍ ပြုပြင် မွမ်းမံခဲ့ကြောင်း လေ့လာသိရှိရသည်။
.
မြန်မာနိုင်ငံကို အင်္ဂလိပ်များအုပ်စိုးခဲ့စဉ်ကာလက ပခုက္ကူတောင်တန်းဒေသပြည်နယ်၊မအူအလယ်ရွာတွင် အင်္ဂလိပ်ရုံးစိုက်ခဲ့ပြီး ရိက္ခာနှင့်လက်နက်များကို သင်္ဘောဖြင့်သယ်ယူ၍ မအူအလယ်ရွာဆိပ်ကမ်းမှ သယ်ယူသဖြင့် မအူအလယ်ရွာသည် သင်္ဘောဆိပ်ကမ်း လည်းဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် မအူရွာများသည် ရှေးယခင်က တည်ရှိခဲ့သော ရွာများဖြစ်ပြီး မဥ ဟူသော မိဖုရားအပိုင်စားရသော မအူလေးရွာဟု မှတ်သားရပါသည်။ ထိုမအူလေးရွာမှာ မအူ အလယ်ရွာ၊ မအူငယ်ရွာ(ယခုမအူအောက်ဆိပ်ရွာ)၊ မအူတောင်ရွာ၊ မအူမြောက်ရွာတို့ဖြစ်ကြသည်။
.
ချင်းတွင်းမြစ်ရေကြီးချိန်ကာလတွင် မအူအင်းကိုဖြတ်၍ တည်ဆောက်ထားသော တံတားကြီးမှာ မြစ်ရေနှင့်ပနံသင့်စွာ သာယာလှပသလို ချင်းတွင်းမြစ်ပြင် ကို ဖြတ်သန်းတိုက် ခတ်လာသော လေနုအေးကိုရှူရှိုက်ရင်း တံတားကြီးပေါ် ဖြတ်သန်း ရသည်မှာလည်း ကြည်နူးစရာကောင်းလှသည်မို့ တစ်ခါတစ်ခေါက် လာရောက်လာဖို့ ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။
#Crd

78 Shares

Add a Comment

Your email address will not be published. Required fields are marked *