သီလဆိုတာ

သီလဟူသည်… ကိုယ်ချင်းစာ တရား
————————————–

သီလဆိုတာ ကိုယ်ချင်းစာတရား အပေါ်မှာ
အခြေခံပြီး တည်ဆောက်ရတာပါ။
အဓိကအားဖြင့် ကိုယ်မကြိုက်တဲ့ အမှုကို
သူတစ်ပါးအပေါ်မှာ မပြုမိဖို့ပါပဲ။

မိမိရဲ့အသက်ကို သူတစ်ပါး သတ်ဖြတ်တာ
မိမိမကြိုက်ဘူးဆိုရင် –

သူတစ်ပါးလဲ ငါ့လိုရှိမှာပဲလို့
ကိုယ်ချင်းစာစိတ်ထားပြီး
သူတစ်ပါးရဲ့ အသက်ကို
သတ်ဖြတ်ခြင်း မပြုတော့တဲ့အခါ
ပါဏာတိပါတ သိက္ခာပုဒ် သီလကို
ကျင့်ဆောင်ပြီး ဖြစ်သွားပါတယ်။

တကယ်ကိုယ်ချင်းစာတတ်ရင် မသတ်ရုံသာမက
နာကျင်အောင်လဲ မနှိပ်စက် မညှင်းပန်းပါဘူး။
ကိုယ်ကာယ နာကျင်မှုကိုသာမက
စိတ်ဓာတ်နာကျင်မှုကိုပါ မပြုတော့ပါဘူး။

သူတစ်ပါး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်မယ့်
အပြုအမူ၊ အပြောအဆိုတွေကို …
လုံးဝ ပြုလုပ်တော့မှာ မဟုတ်တော့ပါဘူး။

လူအချင်းချင်း မဆိုထားနဲ့ ပိုးမွှားတိရိစ္ဆာန်လေးများကိုပင်
နာကျင်ထိခိုက်စေလိုတဲ့ စေတနာ မရှိတဲ့အတွက်
စိတ်ကောင်းလေးတွေ ဖြစ်ပေါ်ပြီး …
ကောင်းသောကံ၊ ကောင်းတဲ့ကုသိုလ်တွေ
ဖြစ်ပေါ် ရရှိလာပါတော့တယ်။

မိမိပျော်ရွှင်မှုအတွက် တစ်ဖက်သား
စိတ်အနှာင့်အယှက်၊ ထိခိုက်နစ်နာစေမယ့်
ကျီစယ်နောက်ပြောင်ခြင်းများပင် …
ပြုလုပ်ဖြစ်တော့မည် မဟုတ်ပေ။

ထိုအခါ လူသည် ကြည်ညိုဖွယ် ဣနြေ္ဒရှင်
သိက္ခာရှင် အသွင် ဆောင်လာပါတော့တယ်။

ယင်းကဲ့သို့ သူတစ်ပါး စိတ်ဆင်းရဲကိုယ်ဆင်းရဲ
ဖြစ်စေမယ့် အပြုအမူမျိုး၊ အပြောအဆိုမျိုးကို
ရှောင်ကြဉ်တာဖြစ်လို့ …
“ဝါရိတ္တ သီလ” လို့ ခေါ်ရပါတယ်။

ဒါတင်မက သူတစ်ပါး…
စိတ်ချမ်းသာကိုယ်ချမ်းသာအောင်
ကူညီလုပ်ကိုင်ပေးခြင်း ဆိုတဲ့ …
“စာရိတ္တ သီလ” ကိုလဲ ပူးတွဲဆောင်ရွက်ရပါတယ်။

ဒီသီလ နှစ်မျိုးဟာ သရက်စေ့ ထက်ခြမ်းခွဲကို
နှစ်ခြမ်းပေါင်းမှ သရက်တစ်စေ့ ဖြစ်သလိုပဲ
“ဝါရိတ္တ သီလ” နဲ့ “စာရိတ္တ သီလ” နှစ်မျိုးပေါင်းမှ
ပြည့်စုံတဲ့ သီလ ဖြစ်နိုင်ပါတယ်။

“စာရိတ္တသီလ” ဆိုတာ ဆောင်ရွက်ရန် သီလဖြစ်ပြီး
“ဝါရိတ္တသီလ” ဆိုတာ ရှောင်ကြဉ်ရန် သီလဖြစ်ပါတယ်။

သီလစောင့်ထိန်းသူ တစ်ဦးဟာ …
သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း
ညှင်းဆဲခြင်းအမှုကိုတော့ ရှောင်ကြဉ်ပါတယ်။

ဒါပေမယ့် မိမိရှေ့မှာ ဒုက္ခရောက်နေသူတစ်ဦးကို
တတ်နိုင်ပါလျက် ဘာအကူအညီမှ မပေးဘူးဆိုရင်
ဒီပုဂ္ဂိုလ်ရဲ့သီလဟာ မပြည့်စုံသေးဘူးလို့ ဆိုရမှာပါ။

အဲဒီမှာလဲ ကိုယ်ချင်းစာစိတ်ရှိခဲ့ရင်
မိမိလဲ သူ့လို ဒုက္ခရောက်နေခဲ့သော်
ကူညီသူကို အလိုရှိမှာပဲလို့ …
ကိုယ်ချင်းစာတရားနဲ့ ကူညီချင်မှာပါပဲ။

“ဝါရိတ္တသီလ” ဖြင့် ရှောင်ကြဉ်ရုံသာမကပဲ
“စာရိတ္တသီလ” ဖြင့် …
သူတစ်ပါး ကောင်းကျိုးချမ်းသာဖြစ်မယ့်
အလုပ်မျိုးကို လုပ်ဆောင်ကြရမှာဖြစ်တယ်။

ကာယကံ အနေဖြင့် ကိုယ့်ရှေ့မှာ
မနိုင်ဝန် သယ်လာသူကို –

ကူညီဖေးမ ပင့်ချသယ်ယူပေးခြင်း၊
ဝန်လေးထမ်းရွက်လာသူကို လမ်းဖယ်ပေးခြင်း။

လမ်းပေါ်မှ ဆူးငြောင့်ခလုတ် ဖယ်ရှားခြင်း၊
ကျင်းချိုင့် ရွှံ့ ဗွက်ဖြစ်နေတဲ့လမ်းကို မြေဖို့ပေးခြင်း။

အမှိုက်လှည်းခြင်း၊ တံတားခင်းခြင်း
ရေတွင်းရေကန်တူးခြင်း၊ ဇရပ်ဆောက်ခြင်း။

ရေအိုးစင် ထားပေးခြင်း၊ အရိပ်ရသစ်ပင်,
အသီးစားရတဲ့ သစ်ပင်များကို အများအတွက်
စိုက်ပျိုးခြင်း။

မရှိဆင်းရဲသူများကို ထောက်ပံ့ပေးကမ်း ဝေငှခြင်း၊
ရောဂါဝေဒနာ ခံစားနေရသူတွေအတွက်
ဆေးဝါးပစ္စည်း လှူဒါန်းခြင်း။

လူနာရဲ့ အညစ်အကြေးကို သုတ်သင်ပေးတဲ့
သူနာပြုလုပ်ငန်းတွေကို လုပ်ကိုင်ပေးခြင်း။

စတဲ့ မွန်မြတ်တဲ့ လုပ်ငန်းတွေကို
ပြုမူဆောင်ရွက်ပေးခြင်းဟာ …
“စာရိတ္တသီလ” ဆောက်တည်တာပါပဲ။

ဝစီကံ အနေဖြင့်လည်း သူတစ်ပါး အကျိုးရှိစေမယ့်
စကားမျိုး၊ တစ်ဖက်သား နားဝင်ချိုပြီး …
စိတ်ချမ်းသာစေမယ့် အပြောမျိုးကိုသာ ပြောရမှာပါ။

မိမိ မကြားချင်တဲ့စကားမျိုးကို သူတစ်ပါးကို
မပြောမိအောင်လဲ ရှောင်ကြဉ်ရမှာပါ။

မနောကံမှာလဲ သူတစ်ပါး အကျိုးစီးပွားကို
လိုလားနေရမယ်။ သတ္တဝါမှန်သမျှကို
မိမိနဲ့ထပ်တူ ချစ်ခင်မြတ်နိုးတတ်ရမယ်။

အားရှိ အားမဲ့ နိုင်လိုမင်းထက် လုပ်ရမှာကို
ရှက်တတ်ရပါမယ်။

တစ်ဦးတည်းသော သားငယ်ကို မိခင်က
ကြင်နာယုယသလို သတ္တဝါ အားလုံးအပေါ်
ကြင်နာယုယနိုင်တဲ့ စိတ်မျိုး မွေးမြူထားရမှာဖြစ်တယ်။

ဒီလိုပဲ စာရိတ္တသီလကို …
ကာယကံ ဝစီကံ မနောကံတွေဖြစ်တဲ့
မွန်မြတ်တဲ့ အပြုအမူ အပြောအဆို
အကြံအစည်များနဲ့ ဆောက်တည်ရမှာပါ။

ကိုယ်ချင်းစာတရား ရှိတဲ့သူဟာ ကိုယ့်ပစ္စည်းကို
ခိုးဝှက် လုယက် ယူငင်တာ မကြိုက်သလို
သူတစ်ပါးပစ္စည်းကိုလဲ …
ခိုးမှု၊ လုယက်မှု၊ အနိုင်ကျင့်ပြီး ရယူမှု
လိမ်ညာပြီး ရယူမှုများ မပြုတော့ပါဘူး။

ကိုယ့် သားမယားကို …
ဖျက်ဆီး စော်ကားတာမကြိုက်သလို
သူတစ်ပါးသားမယားကိုလဲ ကိုယ်ချင်းစာပြီး
မစော်ကား မဖျက်ဆီးဖြစ်တော့ပါဘူး …။

ကိုယ့်အပေါ် လိမ်ညာလှည့်ဖြားတာ မကြိုက်သလို
သူတစ်ပါးကို လိမ်ညာလှည့်ပတ်ခြင်း
အလျဉ်းမပြုတော့ပါ …။

မိမိရဲ့ မိတ်ဆွေနဲ့ ကွဲပြားအောင်
ကုန်းတိုက်စကားပြောခြင်း၊
မိမိအပေါ် ကြမ်းတမ်းရိုင်းပြစွာ
ဆဲရေးတိုင်းထွာ ပြောဆိုခြင်း များကို
မိမိမကြိုက်သလိုပဲ သူတစ်ပါးတို့လဲ
မကြိုက်ဘူးဆိုတာ ကိုယ်ချင်းစာမိရင်
မပြောဆိုဖြစ်တော့ပါဘူး …။

ထိုနည်းအတူပါပဲ မိမိလိုလားနှစ်သက်တဲ့
အပြုအမူ အပြောအဆိုတွေကို
သူတစ်ပါးတို့လဲ …
ကြိုက်နှစ်သက်မှာပဲ ဆိုတာ ကိုယ်ချင်းစာပြီး
သူတစ်ပါးအတွက် နှစ်သက်နိုင်မယ့်
အပြောအဆို အပြုအမူတွေကို …
ပြောဆိုပြုမူဖြစ်တော့မှာပဲ ဖြစ်ပါတယ်။

သည့်အတွက် လူတွေဟာ ကိုယ်ချင်းစာတရား
လက်ကိုင်ထားကြမယ်ဆိုရင် သီလတွေလုံခြုံ ပြီး
လက်ငင်း ပစ္စုပ္ပန်ဘဝမှာလည်း …
လူသားထုတစ်ရပ်လုံး ချမ်းသာကြမယ်
သေပြီးတဲ့နောက်လဲ နတ်ပြည်မှာ
နတ်ချမ်းသာ ခံစားကြရမှာဖြစ်တယ်။

ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားပြီး
အရာရာ ပြုမူပြောဆို နေထိုင်ကျင့်ကြံ ကြမယ်ဆိုရင်
ယခုဘဝသာမက သံသရာချမ်းသာကို
ရရှိခံစားနိုင်ကြောင်း မြတ်စွာဘုရားရှင်က –

“ဝေဠုဒွါရေယျသုတ်” မှာ အတိအလင်း
ဟောကြား မိန့်မှာထားခဲ့ပါတယ် …။

ဒါကြောင့် ဘယ်သူတရားပျက်ပျက်
ကိုယ်မပျက်စေရန် …
ကိုယ်ချင်းစာတရား မွေးမြူကြပါလို့
စေတနာမေတ္တာဖြင့် …
တိုက်တွန်းနှိုးဆော်လိုက်ပါတယ်
သူတော်ကောင်း အပေါင်းတို့ …။

#ဓမ္မဒါန

120 Shares

Add a Comment

Your email address will not be published. Required fields are marked *