တက္ကသိုလ်ပညာ မြန်မာလိုသင်ပါမှ “ဘွဲ့ရပညာမတတ်” ဇာတ်လမ်းဆုံးမည်

တက္ကသိုလ်ပညာ မြန်မာလိုသင်ပါမှ
“ဘွဲ့ရပညာမတတ်” ဇာတ်လမ်းဆုံးမည်
ရေးသူ..
မောင်ခင်မင် (ဓနုဖြု)
🍀🌹🍀🌹

ပညာရေးဝန်ကြီးဌာနက
တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်သော
ဆရာ ဒေါက်တာညီညီ၏
“တက္ကသိုလ်ပညာ မြန်မာလိုသင်မည်”
ဟူသော ကြွေးကြော်သံ ဆောင်းပါးနှင့်အတူ
၁၉၆၆ ခု မတ်လတွင်
“တက္ကသိုလ်ပညာပဒေသာစာစောင်” ဟု
ခေါ်သော ပညာရပ်စာစောင်
စတင် ပေါ်ထွက်လာသည်။
တက္ကသိုလ်ပညာရပ်များကို
မြန်မာလို သင်ကြားရန် တိုင်းသိပြည်သိ
စတင် ကြေညာလိုက်ခြင်း ဖြစ်သည်။

ထိုဆောင်းပါးတွင်
တက္ကသိုလ်ပညာ မြန်မာလိုသင်ရသည့်
အကြောင်းရင်းကို ဖော်ညွှန်းထားသည်။
ပညာရပ်တစ်ခုကို မိခင်ဘာသာစကားဖြင့်
သင်ကြားလျှင် ဘာသာစကား
အခက်အခဲ မရှိသဖြင့်
ပိုင်ပိုင်နိုင်နိုင် တတ်မြောက်မည်။
စစ်ပြီးခေတ်တွင် ကျောင်းသားများမှာ
အင်္ဂလိပ်စာ အားနည်းလာသောကြောင့်
မြန်မာလိုသင်ကြားဖို့ ပို၍ သင့်လျော်သည်။

သို့သော် အင်္ဂလိပ်စာအဆင့်ကို
မနိမ့်ကျစေဘဲ
အဆင့်မြှင့်၍ သင်ကြားပေးခြင်းဖြင့်
ကမ္ဘာသုံးဘာသာ ဖြစ်သော
အင်္ဂလိပ်စာကိုလည်း
အဆင့်မီမီ တတ်မြောက်အောင်
စီစဉ်ဆောင်ရွက်မည် ဟူသော အယူအဆကို
ထိုဆောင်းပါးတွင် တွေ့ရသည်။

တက္ကသိုလ်ပညာကို မြန်မာလိုသင်ရာတွင်
အထောက်အကူ ဖြစ်စေရန်
‘တက္ကသိုလ်ပညာပဒေသာစာစောင်’ကို
ထုတ်ဝေခြင်း ဖြစ်ကြောင်း ၊
တက္ကသိုလ်ဆရာကြီး၊ ဆရာမကြီးများ
အပါအဝင် ပညာရှင်များက
ဘာသာရပ်အသီးသီးအတွက်
သုတေသနဆောင်းပါးများ
ပါဝင် ရေးသားမည် ဖြစ်ကြောင်းလည်း
သိရသည်။

ဤသို့ဖြင့် ဘာသာတွဲစနစ်မှ
အဓိကဘာသာစနစ်ကို ပြောင်းလဲလိုက်သော
ထိုကာလ ပညာရေးစနစ်သစ်တွင်
တက္ကသိုလ်ပညာ မြန်မာလိုသင်ကြားရေးကို
အရှိန်အဟုန်ဖြင့်
အကောင်အထည် ဖော်ခဲ့ကြပါသည်။

တက္ကသိုလ်ဘာသာရပ်
အသီးသီးအတွက်လည်း
ပြဋ္ဌာန်းစာအုပ်များကို
မြန်မာဘာသာဖြင့် ပြုစုကြသည်။
တက္ကသိုလ်ဘာသာပြန်နှင့်
စာအုပ်ထုတ်ဝေရေးဌာနက
ထိုစာအုပ်များ၏ မြန်မာစာအရေးအသားကို
တည်းဖြတ်ပေးသည်။
ကော်မတီများဖွဲ့၍ ပညာရပ်ဝေါဟာရများကို
မြန်မာဘာသာပြန်ဆို ပြုစုကြသည်။
ဘာသာရပ်များကို
မြန်မာလို သင်ကြားကြသည်။
မြန်မာလိုရေးသားသော
ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊
ရုက္ခဗေဒ၊ ဘူမိဗေဒ စသည့် ပြဋ္ဌာန်းစာအုပ်များ
တစ်အုပ်ပြီးတစ်အုပ် ထွက်လာသည်။

အခြားအခြားသော
အသက်မွေးဝမ်းကြောင်း ဘာသာရပ်ဆိုင်ရာ
မြန်မာလိုစာအုပ်များလည်း ထွက်လာသည်။
ဆရာ၊ ဆရာမများက ဘာသာရပ်များကို
မြန်မာလို ပြောဆိုရှင်းလင်း သင်ကြားကြသည်။
ကျောင်းသားကျောင်းသူများ
ကောင်းစွာ နားလည်ကြသည်။

၁၉၈၀ ကျော်ကာလတွင် မြန်မာလိုသင်ကြားမှု
အရှိန်ရနေပြီ ဖြစ်သည်။ ထိုအချိန်ကျမှ
တက္ကသိုလ်ဘာသာရပ်အားလုံးကို
အင်္ဂလိပ်လိုသင်ရမည် ဟူသော မူဝါဒကို
ရုတ်တရက် ပြောင်းလိုက်ရာ
အရှိန်နှင့်သွားနေသောကားကို ဖြုန်းခနဲ
ဘရိတ်အုပ်ပြီး နောက်ပြန်လှည့်လိုက်သလို
တက္ကသိုလ်သင်ကြားရေးခွင်ကြီး တစ်ခုလုံး
ဆန့်ငင်ဆန့်ငင် ဖြစ်သွားပါတော့သည်။

ဗြုန်းစားကြီး ပြန်ပြောင်းလိုက်ခြင်းမှာ
‘တစ်မိန့်တစ်အာဏာဖြင့်’ ပြောင်းလိုက်ခြင်း
ဖြစ်ကြောင်း အများ သိကြသည်။
နှစ်နှင့်ချီ၍ အချိန်ယူ
အကောင်အထည်ဖော်နေသော
တစ်နိုင်ငံလုံးနှင့်ဆိုင်သော ပညာရေးမူဝါဒကို
တစ်ဦးတစ်ယောက် အမိန့်အာဏာဖြင့်
လွှမ်းမိုး ပြောင်းလဲခဲ့ခြင်း ဖြစ်သည့်အတွက်
ထိုအချိန်ကစပြီး ယခုအချိန်ထိ
တည်မြဲနေသော
တက္ကသိုလ်ပညာ အင်္ဂလိပ်လိုသင်ကြားရေး
မူဝါဒသည် စတင်ကတည်းက
သမိုင်းကြောင်း မကောင်းခဲ့ပါ။

သမိုင်းကြောင်းမကောင်းသည့်အတွက်
အကျိုးရလဒ်လည်း မကောင်းခဲ့ပါ။

အလွန် ဆိုးဝါးသော အခြေအနေတစ်ခုမှာ
ဘာသာရပ်တွေကို မြန်မာလိုသင်နေရာမှ
ရုတ်တရက် အင်္ဂလိပ်လို ပြန်သင်ရချိန်တွင်
ဆရာ၊ ဆရာမများ၏
အင်္ဂလိပ်စာ အခြေအနေမှာ အတော်ကြီး
နိမ့်ကျ ညံဖျင်းနေခြင်း ဖြစ်သည်။
ထိုဆရာ၊ ဆရာမများ၏ အပြစ်တော့
မဟုတ်ရပါ။
ထိုကာလတွင် တက္ကသိုလ်မှာ သင်သည့်
အင်္ဂလိပ်စာကို အောက်ဆုံးရောက်ခါနီးအထိ
နှိမ့်ချပစ်လိုက်သည့်အတွက်
ကျောင်းသားများမှာ “နံကြားထောက်ပြီး
အေ၊ ဘီ၊ စီ ရမ်းထည့်ရုံနဲ့
အောင်မှတ်ရတယ်”ဟု
အလှောင်အပြောင် ခံနေရချိန် ဖြစ်သည်။
အင်္ဂလိပ်လို ဟုတ်တိပတ်တိ ရေးစရာ ဖတ်စရာ
မလိုဘဲ ကွက်လပ်ဖြည့်ရုံ မှန်၊မှားရွေးရုံနှင့်
အမှတ်တွေရနေသော စနစ်မျိုး ဖြစ်နေသည်။

၁၉၆၅ ခုနှစ်ကစ၍ ရန်ကုန်တက္ကသိုလ်မှာ
အင်္ဂလိပ်စာကို အဓိကဘာသာအဖြစ်မှ
ပယ်ဖျက်လိုက်သည်။
ထိုစနစ်ဒဏ်ကို ခံလိုက်ရသော
ကျောင်းသူကျောင်းသားများ တက္ကသိုလ်မှာ
ဆရာ၊ ဆရာမ ဖြစ်လာတော့
အဘယ်မှာလျှင် အင်္ဂလိပ်စာ ကျွမ်းကျင်သော
ဆရာ၊ ဆရာမ ဖြစ်လာပါအံ့နည်း။
ရာထူးတွေသာ တက်လာပြီး
သရုပ်ပြမှ ပါမောက္ခအဆင့်အထိသာ
ရောက်လာရော
အင်္ဂလိပ်စာ ကောင်းကောင်းမတတ်သူတွေက
အများစု ဖြစ်နေပါသည်။
အင်္ဂလိပ်စာကို ဖတ်ဖို့ရေးဖို့ မဆိုထားနှင့်
အသံထွက်ပြီး ရဲရဲ မဖတ်ဝံ့သည့်
အခြေအနေသို့ပင် ရောက်ကုန်ကြသည်။
ယခင် ရေးဖူးသလို ပါမောက္ခရင့်မကြီးတွေ
ပါးစပ်က serial ကို senior ဟု
မှားပြောလိုပြော၊
bias ကို virus ဟု မှားပြောလိုပြော
ဖြစ်ကုန်ကြသည်။

တစ်ခါက
မြန်မာနိုင်ငံတက္ကသိုလ်တစ်ခုနှင့်
ပူးပေါင်းဆောင်ရွက်ဖို့
ပြည်ပတက္ကသိုလ်တစ်ခုမှ ရောက်လာသော
ပညာရှင်အဖွဲ့နှင့် မြန်မာတက္ကသိုလ်မှ
ပါမောက္ခတွေ တွေ့ကြသည်။
သူတို့နှင့် ဆွေးနွေးဖို့ ခဏထား၊
ဆွေးနွေးမည့် အစီအစဉ် စာရွက်ကိုပင်
အဓိပ္ပါယ် သေသေချာချာ
နားမလည်သည့်အတွက်
ချွေးပြန်ရသည့် အခြေအနေနှင့် ကြုံရသည်ဟု
ကာယကံရှင်များထံမှ ကြားလိုက်ရသည်။
ဆရာ၊ ဆရာမအားလုံး ဤပုံစံဖြစ်နေသည်ဟု
ဆိုလိုခြင်း မဟုတ်ပါ။
အင်္ဂလိပ်စာကျွမ်းကျင်သော၊
စာကိုယ်ခံကောင်းသော
ဆရာ၊ ဆရာမများလည်း ရှိပါလိမ့်မည်။
အများစုကတော့
အင်္ဂလိပ်စာ နှိမ့်ထားသည့်ကာလကို
ဖြတ်သန်းခဲ့ရသူများ ဖြစ်သည့်အတွက်
အင်္ဂလိပ်စာကိုယ်ခံ နည်းကြပါသည်။

ဤသို့သော အခြေအနေမှာ ဘာသာရပ်ကို
နားလည် သဘောပေါက်မြောက်အောင်
အင်္ဂလိပ်လို မည်သို့ သင်နိုင်ပါမည်နည်း။
အင်္ဂလိပ်လို ကျောင်းသား နားလည်အောင်
ရေရေလည်လည် ရှင်းပြနိုင်စွမ်း မရှိတော့
မှတ်စု ခေါ်ပေးပြီး
အလွတ် ကျက်ခိုင်းပါလေရော။
ဆရာ၊ဆရာမများက
မှတ်စုပေးသူ အဆင့်အတန်းသို့
လျှောသွားသည့်နည်းတူ
ကျောင်းသားကျောင်းသူများက
အဓိပ္ပါယ်နားမလည်ဘဲ အင်္ဂလိပ်လို မှတ်စုတွေ
အလွတ်ကျက်ပြီး ပြန်ဖြေရင်း
ဘွဲ့ရသည့်အဆင့်သို့ ရောက်ကာ
“ဘွဲ့ရပညာမတတ်များ”ဟု
အခေါ်ခံရသည်အထိ တန်းလျှောသွားပါသည်။

ဤအခြေအနေမျိုးမှာ တက္ကသိုလ်ပညာကို
မြန်မာလိုပြန်သင်ဖို့ တတ်သိနားလည်သော
ပညာရှင်များက အကြံပေးကြသည်။
တက္ကသိုလ်ပညာကို မိခင်ဘာသာစကားဖြင့်
အောင်အောင်မြင်မြင် သင်ကြားနေသော
နိုင်ငံများကို သာဓကဆောင်ပြီး
မြန်မာလိုသင်ဖို့ အကြံပေးကြသည်။
ဆွေးနွေးကြသည်။

ထိုအခါ အချို့က
အင်္ဂလိပ်လို သင်သည့်စနစ်ကို
တစ်ပြားမှ မလျှော့စတမ်း
ကျားကုတ်ကျားခဲ ဖက်တွယ်နေကြသည်ဟု
ကြားရသည်။

ဆွေးနွေးပွဲများမှာ တစ်ဖက်က
တက္ကသိုလ်ပညာ မြန်မာလိုသင်ဖို့
ဆွေးနွေးသောအခါ အထူးသဖြင့်
သိပ္ပံဘာသာရပ်များကို သင်နေသော
ဆရာ၊ ဆရာမအချို့က
“အင်္ဂလိပ်လိုပဲ သင်မယ်၊ မလျော့နိုင်”ဟု
ခါးခါးသီးသီး တုံ့ပြန်ကြသည်ဟု ကြားရသည်။
တက္ကသိုလ်ပညာရပ်များကို
မြန်မာလိုဘာသာပြန်သင်ဖို့ မဖြစ်နိုင်ကြောင်း
ပြဋ္ဌာန်းစာအုပ်များမှာ အင်္ဂလိပ်လိုသင်မှ
အဆင့်မီမည် ဖြစ်ကြောင်း၊
ဘာကြောင်းညာကြောင်း ပြောဆိုကြသည်ဟု
ကြားရသည်။

ထိုဆရာ၊ ဆရာမများသည်
အင်္ဂလန်ပြည်မှာ မွေးဖွားပြီး အင်္ဂလန်ပြည်မှာ
ကြီးပြင်းလာသော အင်္ဂလိပ်များ
မဟုတ်တာတော့ သေချာသည်။
မြန်မာမိဘများမှ မွေးဖွားပြီး မြန်မာ့ဆန်ကို စား၊
မြန်မာ့ရေကို သောက်ပြီး ကြီးလာသော
မြန်မာစစ်စစ်များ ဖြစ်ကြပါသည်။

စကားပြောတတ်စကတည်းက
မြန်မာလိုပြောပြီး မြန်မာစကားဖြင့်
တစ်သက်လုံး တွေးခေါ် စဉ်းစားလာကြသူများ
ဖြစ်ပါသည်။ မြန်မာများဖြစ်သည့်အတွက်
အသုံးပြုရသည့်ဘာသာစကားများတွင်
မြန်မာစကားမှာ အသုံးပြုရ အလွယ်ဆုံး
ဖြစ်နေသည်။

ငယ်စဉ်ကစ၍ အတွေးအကြံ၊ အပြောအဆို၊
အပြုအမူဟူသော ကံသုံးပါးစလုံးကို
မြန်မာဘာသာစကားဖြင့်
ပုံဖော်ခဲ့ကြသူများ ဖြစ်သည့်အတွက်
ဘယ်အကြောင်းအရာ ဘယ်ပညာရပ်ကို
မြန်မာလို ပြောနိုင်စွမ်းရှိသည်သာ
ဖြစ်ပါသည်။

ထို့ပြင် အခြားဘာသာစကားဖြင့်
ရေးထားသော အကြောင်းအရာများ၊
မည်မျှ နက်နဲပါစေ မြန်မာလို ဘာသာပြန်၍
ရသည်ချည်းသာ ဖြစ်ပါသည်။
စကားတစ်လုံးချင်း ဘာသာပြန်ရတာမျိုးလည်း
ရှိမည်။ စကားတစ်လုံးချင်းပြန်ဖို့
အဆင်သင့် မရှိ၍ ရှင်းလင်းဖွင့်ဆိုပြီး
ဘာသာပြန်ရတာမျိုးလည်း ရှိမည်။
ဘာသာစကား၏ အခြေခံသဘောသဘာဝအရ
ဘာသာစကားတစ်ခုမှ တစ်ခုသို့
ဘာသာပြန်၍ လုံးဝ မရနိုင်တာမျိုး
မရှိစကောင်းပါ။

သို့ဆိုလျှင် အင်္ဂလိပ်လို သင်နေသော
မြန်မာလူမျိုး ဆရာ၊ဆရာမများသည်
မိမိတတ်ကျွမ်းသော ပညာရပ်ကို
မြန်မာလို ပြန်ပြော၍ မရနိုင်စရာ မရှိပါ။
မရဟု ဆိုလျှင် သက်ဆိုင်ရာပညာရပ်ကို
မတတ်ကျွမ်းသောကြောင့်သော်လည်းကောင်း၊
အင်္ဂလိပ်စာ
မတတ်ကျွမ်းသောကြောင့်သော်လည်းကောင်း
ဖြစ်ပါလိမ့်မည်။

အင်္ဂလိပ်စာကို အလွန် လျှော့ချထားသော
ကာလကို ဖြတ်သန်းခဲ့ရသော
ဆရာ၊ ဆရာမများသည် အသက်အရွယ်အရ
ပါမောက္ခများပင် ဖြစ်နေပါပြီ။
သူတို့ကိုယ်တိုင် ကိုယ်ခံမကောင်းခဲ့သော
အင်္ဂလိပ်စာကို သုံးပြီး ကျောင်းသားများ
နားလည်အောင် ဘယ်လောက်
သင်နိုင်စွမ်းရှိသလဲဟု တွေးစရာ ဖြစ်ပါသည်။

ထို့ပြင် သူတို့ကိုယ်တိုင်
အင်္ဂလိပ်စာကိုယ်ခံ နည်းခဲ့သည့်အတွက်
အင်္ဂလိပ်လို သူတို့သင်ယူခဲ့သော
ဘာသာရပ်များကို
ဘယ်လောက် ပေါက်မြောက်တတ်ကျွမ်းခဲ့သလဲ
ဟုလည်း မေးစရာ ဖြစ်ပါသည်။

သို့ပါလျက် အင်္ဂလိပ်လိုသင်ရေးကို
ဖက်တွယ်နေခြင်းမှာ
အင်္ဂလိပ်လို သင်မှ အဆင့်မီသည်ဆိုသော
အစွဲကြောင့်လား၊
ကျောင်းသား နားမလည်သော
အင်္ဂလိပ်စကားဖြင့်
ပြောရသည့် အတွေ့အကြုံကို
သာယာနေကြောင့်သောကြောင့်လား၊
မြန်မာလို ဘာသာပြန်သင်ဖို့ မလွယ်ဘူး
ဆိုသော အတွေးဖြင့်
တွန့်ဆုတ်နေသောကြောင့်လား။
အမျိုးမျိုး တွေးစရာ ဖြစ်ပါသည်။

မြန်မာဘာသာပြန်ဖို့ တွန့်ဆုတ်နေသည်
ဆိုလျှင်တော့ ၁၉၆၂ ခုနှစ်
အဓိကဘာသာစနစ် စတင်သည်က စ၍
ဘာသာရပ်မျိုးစုံကို
မြန်မာဘာသာပြန်ဆို ရေးသားခဲ့သော
“ရှေ့သွားပညာရှင်”များ၏
ကြိုးပမ်းချက်ဖြစ်သော ပြဋ္ဌာန်းစာအုပ်များ
ရာနှင့်ချီ၍ ပေါ်ထွက်ခဲ့သည်ကို
ပြန်လည် စုစည်းလေ့လာပြီး လိုအပ်သလို
ဆက်လက် ဆောင်ရွက်နိုင်ပါလိမ့်မည်။

ထိုစဉ်က တစ်အုပ်ပြီးတစ်အုပ်ထွက်ခဲ့သော
မြန်မာလိုရေးခဲ့သော ပြဋ္ဌာန်းစာအုပ်များ
ဌာနအသီးသီးက ဗီရိုတွေထဲမှာ၊
ဂိုဒေါင်တွေထဲမှာ ကျန်ပါလိမ့်ဦးမည်။
ပြုစုသူပညာရှင်ကြီးများ၏ လက်ထဲမှာ
လက်ခံစာအုပ်တွေ ကျန်ပါလိမ့်ဦးမည်။
ထိုစာအုပ်တွေကို တည်းဖြတ်ပုံနှိပ်ပေးရသော
တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေး
ဌာနနှင့် တက္ကသိုလ်ပုံနှိပ်တိုက်မှာ
လက်ကျန်စာအုပ်တွေ ရှိပါလိမ့်ဦးမည်။

ထိုစာအုပ်တွေကိုစုစည်းပြီး မိတ္တူပွားလိုက်လျှင်
မြန်မာလိုသင်ရန်အတွက် စတင်ဖို့
အသုံးတည့်ပါလိမ့်မည်။
ထိုစာအုပ်များ ခေတ်မမီတော့ဟု ဆိုချင်ဆို၊
အခြေခံအယူအဆ သဘောတရားများကတော့
လုံးဝ ပစ်ပယ်လောက်သည်အထိ မဖြစ်နိုင်ပါ။
နောက်ပိုင်းတိုးတက်လာသော အယူအဆများ
ဖြည့်စွက်ပြီး အသုံးပြုလျှင်
မြန်မာလိုသင်ကြားရေးအတွက်
အထောက်အကူပြုပါလိမ့်မည်။

သမိုင်းကြောင်း မကောင်းခဲ့သော
တက္ကသိုလ်ပညာ အင်္ဂလိပ်လိုသင်သည့်စနစ်ကို
အနီးသင် အဝေးသင် တက္ကသိုလ်တွေမှာ
ဆက်လက် ဖက်တွယ် ကျင့်သုံးနေသမျှတော့
ဘွဲ့ရပညာမတတ်တွေ
ဆက်လက်ပြီး တိုးပွားနေဦးမည်သာ ဖြစ်သည်။

အင်္ဂလိပ်လိုသင်သည့်အချိန်ကစ၍ ယခုအထိ
ထွက်ပေါ်နေသော
ဘွဲ့ရ ပညာမတတ်အရေအတွက်
သောင်းသိန်းချီနေပါပြီ။
အလွန်နှမြောစရာကောင်းသော
ပညာပြုန်းတီးမှုများ ဖြစ်ပါသည်။

တစ်ဖက်တွင် တက္ကသိုလ်ပညာရပ်များ
မြန်မာလိုသင်ကြားရေးကို အကောင်အထည်
ဖော်ပြီး တစ်ဖက်တွင် အင်္ဂလိပ်စာကို
အဆင့်မီမီ တတ်မြောက်ရေးကို
အကောင်အထည်ဖော်ခြင်းဖြင့်
လိုအပ်ချက်နှစ်ခုကို ဟန်ချက်ညီအောင်
သဟဇာတဖြစ်အောင် ဆောင်ရွက်ပါမှ
အရုပ်ဆိုးအကျည်းတန်လှသော
“ဘွဲ့ရပညာမတတ်”ဇာတ်လမ်းကြီး
အဆုံးသတ်ပါလိမ့်မည်။

ထိုသို့မဟုတ်ဘဲ ဆရာကလည်း မရေလည်၊
ကျောင်းသားကလည်း နားမလည်သော
တက္ကသိုလ်ပညာ အင်္ဂလိပ်လိုသင်ကြားရေးကို
ဇွတ်အတင်းေ ဆောင်ရွက်မည် ဆိုလျှင်
ငရဲပန်းသင်တုံးဓားစက်ကို ရွှေပန်းထင်ပြီး
ဦးခေါင်းပေါ် ရွက်မိသော
မိတ္တဝိန္ဒကသတို့သားကဲ့သို့
ဆိုးကျိုးခံစားရမည့်အရေးကို
အလေးအနက် ဆင်ခြင်ပြီး
ဘွဲ့ရပညာမတတ်များ
ထပ်မံ မပေါ်ပေါက်ရေးအတွက်
တက္ကသိုလ်ပညာ မြန်မာလိုသင်ရန်မှတစ်ပါး
အခြားနည်းလမ်းမရှိဟု ထင်မြင်မိပါကြောင်း။

မောင်ခင်မင်(ဓနုဖြူ)

– ၂၃-၆-၂၀၁၈ ထုတ်၊ New Watch Weekly
စောင့်ကြည့်သတင်းဂျာနယ်
အတွဲ(၁၃)၊ အမှတ်(၁၃)ပါ
မောင်ခင်မင်(ဓနုဖြူ)၏
“တက္ကသိုလ်ပညာမြန်မာလိုသင်ပါမှ
ဘွဲ့ရပညာမတတ် ဇာတ်လမ်းဆုံးမည်”
ဆောင်းပါးကို ကူးယူဖော်ပြအပ်ပါသည်။

Credit… FB

201 Shares

Add a Comment

Your email address will not be published. Required fields are marked *