” ကုသိုလ်နဲ့အရက်…”

0 Shares

” ကုသိုလ်နဲ့အရက်…”
~~~~~~~~~~~~~~

“အရက် အရက် ”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါ တော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်း စရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာ နေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။

အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင် ရွာမှာ ဖွဲ့စည်းထား တဲ့ လူငယ်အဖွဲ့တွေကို ဆေးပေါ့လိပ်လေးတွေ၊ စီးကရက်လေးတွေကို ကမ်းပြီး ဖိတ်လိုက်ရင် အားလုံးတက်ညီလက်ညီ လာရောက် လုပ်အားပေးလေ့ ရှိပါတယ်။ ခုနောက်ပိုင်း ရွာကလူကြီးတွေ အပြောအရ ဘာပွဲလေးပဲ လုပ်လုပ် လူငယ်တွေ အကူအညီလိုလို့ ဖိတ်မယ်ဆိုရင် ဆေးလိပ် လောက်နဲ့ မရတော့ဘဲ အရက်ဝိုင်း၊ ထန်းရည်ဝိုင်းလေးတွေနဲ့ ဧည့်ခံပေးမှကို လာရောက်ပြီး ၀ိုင်းဝန်းလုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ရွာတွေအတော်များများမှာ ဒီလိုအရက်နဲ့ဖိတ်မှ လုပ်အား လာပေးတာတွေ ဖြစ်လာတော့ လူကြီးတွေ၊ အလူရှင်တွေ ကိုယ်တိုင်က အရက်ကို ပုန်းလိုက် တည်ပြီး အလှူပွဲတွေမှာ ဧည့်ခံပေးရတယ်ဆိုတာ ကြားသိရပြန်ပါတယ်။ လွဲနေတာကတော့ အတော့်ကို လွဲနေကြတော့တာ ဖြစ်ပါတယ်။ ကုသိုလ်လုပ်ပါတယ်ဆိုမှ အရက်ကလေး တမြမြနဲ့ ဆိုတော့ ဘယ်မှာလာပြီး အပြစ်ကင်းတဲ့ ကုသိုလ်ဖြစ်နိုင်မှာလဲပေါ့။ ဒီကြားထဲ လူပျို ကာလာသား တွေက အရက်ကလေး ၀င်လာတော့ သွေးလေးတွေကြွလာပြီး အလှူပွဲ လုပ်အားပေးလာကြတဲ့ အပျိုလေးတွေ၊ အပျိုကြီးတွေကို စကြနောက်ကြတာ တွေတွေလည်း ရှိလာပြန်တယ်လို့ ဆိုပါတယ်။

အလှူရှင်တွေမှာ အလှူအတွက်ပူရ၊ အရက်သမားတွေအတွက် ပူရနဲ့ ကုသိုလ်ပွဲ၊ အလှူပွဲကို ဖြောင့်ဖြောင့်တန်းတန်း စိတ်ကြည်လက်ကြည် မလုပ်နိုင်ဘူး ဖြစ်နေကြတဲ့အပြင် တစ်ခါတစ်လေ တစ်ချို့သူတွေရဲ့ လုပ်ရပ်တွေကြောင့် “ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” ဖြစ်ကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုသိုလ်နဲ့အရက်ကတော့ ပြည်တွင်းမှာတင် မဟုတ်၊ ပြည်ပမှာလည်း တွဲရက်ကို ပါနေတော့တာ ဖြစ်ပါတယ်။ လွတ်လပ်လှတဲ့ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ ကုသိုလ်ပွဲတွေမှာ အရက်ပါမှကို ကုသိုလ်ပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးနိုင်သလို ဖြစ်နေပါတယ်။ တစ်ချို့ အလှူပွဲ လုပ်တဲ့သူငယ်ချင်းတွေဟာ ချက်ရေးပြုတ်ရေးတွေမှာ တခြားချက်တတ် ပြုတ်တတ်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းတဲ့အခါ အရက်ကလေးနဲ့ တည်ခင်းဧည့်ခံ ပေးရတာတွေ ရှိကြသလို ကုသိုလ်ပွဲ အကြိုမှာလည်း အကြိုအနေနဲ့ အဝေးက လာကြတဲ့ သူငယ်ချင်းတွေကို အရက်နဲ့ ဧည့်ခံပေးရ၊ အလှူပွဲပြီးတော့လည်း အလှူအောင်ပွဲအဖြစ် အရက်လေးနဲ့ အောင်ပွဲခံနိုင်အောင် လုပ်ပေးရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဘယ်လောက်တောင်လဲဆိုရင် ကုသိုလ်လုပ်ဖို့ တိုင်ပင်ကြတာတောင် အရက်ဆိုင်မှာ အရက်နဲ့ တည်ခင်းဧည့်ခံပြီး တိုင်ပင်ကြတယ်တဲ့လေ။ တစ်ချို့ဆိုရင် ဘုန်းကြီးကျောင်းမှာ အရက် မသောက် ရလို့ စာရေးထားတဲ့အတွက် ကျောင်းမှာရှိတဲ့ အခိုက်လေးမှာတောင် မသောက်ဘဲ မနေနိုင်လို့ ကျောင်းအပြင်မှာ ထမင်းစားခါနီး တစ်ကြိုက်လောက် သွားမော့ကြတာလေးတွေ ရှိတယ်တဲ့။ ဘယ်လိုလုပ်ကြမလဲပေါ့။ အရက်က နေရာတကာမှာ လွှမ်းမိုးလာပြီး ကုသိုလ်ပွဲ၊ အလှူပွဲတွေအထိ စိုးမိုးလာနေတော့တာဆိုတော့ လုပ်မှာက ကုသိုလ်အလုပ် ပံ့ပိုးနေတာက အကုသိုလ် အရှုပ်နဲ့ ကုသိုလ်လုပ်ပေမယ့် လုပ်သလောက် အကျိုးမဖြစ်ဘဲ ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက်လို ဖြစ်နေပြန်ပါတယ်။

ဒီလို ကုသိုလ်နဲ့အရက်ကို လွဲလွဲနဲ့ တွဲနေကြပေမယ့် လွဲလို့လွဲမှန်း မသိဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ အနေနဲ့ ဒီအလွဲကို အချိန်မီပြင်နိုင်အောင်တော့ ကြိုးစားဖို့ လိုပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို မဖြစ်ရအောင် ကုသိုလ်ပွဲတွေ လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ စိတ်သန့်လူသန့် အလှူသန့်အောင် လုပ်သင့်ပါတယ်။ အရက်ကို ကြိုက်တတ်လို့ သောက်ကြတယ် ဆိုရင်လည်း ကုသိုလ်လုပ်တဲ့ အချိန်လောက်တော့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့၊ တစ်ရက်၊ တစ်မနက်လောက် အရက်မသောက်လို့တော့ မသေနိုင်လောက်ပါဘူး။ သေတော့ရော ဘာဖြစ်သေးလဲ ကုသိုလ်လုပ်ရင်း သေသွားမှာဆိုတော့ ကောင်းရာဘုံတောင် ရောက်နိုင်သေး တာပေါ့။ ဒါက ဘုန်းဘုန်းအတွေးနဲ့ စေတနာစကားပါ။

ရှိစေတော့။ ပြောချင်တာက လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက်ကို တွဲပြီး လုပ်နေကြတဲ့ အလွဲအကြောင်းကို ပြောချင်တာပါ။ ကုသိုလ်ပွဲလုပ်တာ အရက်နဲ့ ဧည့်ခံရတယ်၊ အရက်နဲ့ ကြိုဆိုရတယ် ဆိုတာတော့ အတော့်ကိုလွဲနေတဲ့ လုပ်ရပ်တစ်ခုဆိုတာ သိစေချင်တာပါ။ သူ့နေရာ၊ သူ့ကဏ္ဍနဲ့သူ တစ်ကန့်စီထားနိုင်ရင် ကုသိုလ်လုပ်တဲ့အခါမှာလည်း အကျိုးအပြည့်အ၀ ဖြစ်စေနိုင်တဲ့အတွက် ကုသိုလ်လုပ်တဲ့ အချိန်လေးတွေမှာတော့ အရက်ကိုရှောင်ကြည်ကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။

မြန်မာဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ပွဲတွေကို အကြီးအကျယ် လုပ်တတ်ကြပေမယ့် လုပ်သလောက် အကျိုးမရ ဖြစ်တတ်တဲ့ အကြောင်းတွေထဲမှာ ဒီလို ကုသိုလ်နဲ့ အကုသိုလ်ရောနေတဲ့ အချက်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်လုပ်တဲ့ပွဲမှာ အရက်နဲ့တွဲနေတာဟာ လွဲနေတဲ့အချက်ပဲ ဖြစ်တဲ့အတွက် ကုသိုလ်နဲ့အရက်ကို တစ်ကန့်စီ ထားနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက် တွဲနေတဲ့ အလွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေတဲ့အတွက် ဒီအလွဲကို သတိပြုပြီး ကုသိုလ် လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ သန့်သန့်ရှင်းရှင်း၊ ကြည်ကြည်လင်လင်ဖြစ်ကာ အကျိုးတရား အပြည့်ရစေဖို့အတွက် ကုသိုလ်ပွဲလုပ်တိုင်း တွဲပါနေတတ်တဲ့ အရက်ကို အမြဲခွါနိုင်အောင် ကြိုးစားရင်း ကုသိုလ်နဲ့အရက် မတွဲဖက်မိကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေး တင်ပြလိုက်ရပါတယ်။

အလွဲသိမှ မလွဲမိမှာဖြစ်လို့ သိသင့်တဲ့ အလွဲတစ်ခုအဖြစ် ကုသိုလ်နဲ့အရက်အကြောင်း တစ်စေ့ တစ်စောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

____________________________________________

သိကြားမင်းပြောကြားသောအရက်၏ ဂုဏ်ပုဒ်များ
————————————————–

ဤအရက်ကိုသောက်လျှင် ခြေလှမ်းတိုင်း
ဒယိမ်းဒယိုင်ဖြစ်၍ ချောက်ကမ်းပါးသို့ ကျတက်၏။

ရွံ့ ပုပ် ရေအိုင်အတွင်းသို့  လဲကျသွားနိုင်၏။

လဲရာကထလာသောအခါ ဦးခေါင်း ခြေလက်များ
ယမ်းခါလျှက် သွားလာလှုပ်ရှားတက်၏။

အဝတ်မပါ ဗလာကိုယ်တီး အရှက်ကင်းမဲ့စွာ သွားလာတက်၏။

တွေဝေသောစိတ်ရှိသည်ဖြစ်၍ အတိုင်းထက်အလွန်အိပ်၏။

စိတ်ကိုအစိုးမရ ငါကားအလွန်မြတ်၏ ငါနှင့်
တူသောသူမရှိဟု အထင်ရောက်တက်၏။

အမျိုးအနွယ်ကို ဖျက်ဆီးတက်၏။

သူတပါးသတ်၍ သေရတက်၏။

မပြောသင့်သောစကားကို ပြောမိတက်၏။

စည်းစိမ်ဥစ္စာ ရတနာများ ပျောက်ပျက်ကုန်ဆုံးစေနိုင်၏။

အမိအဖတို့ ကို ဆဲရေးတတ်၏။

မပြစ်မှားသင့်သော ယောက္ခမမိန်းမ ချွေးမတို့ ကို
မိမိမယားထင်၍ ပြစ်မှားတက်၏။

မိန်းမတို့ သည် ဤသေရည်ကိုသောက်လျှင်
အမိအဖ ယောက္ခမ လင်တို့ ကို ဆဲရေးမိတတ်၏။

ကျွန် အလုပ်သမားတို့ ကို ကိလေသာဖြင့်
မှားယွင်းကိုင်ငင်မိတက်ကုန်၏။

တရားဟောသူတို့ ကို သတ်ပုတ်ညှင်းဆဲမိတက်ကုန်၏။

မှန်သောစကားကို မဆိုတတ်

သူတပါးပြောသောစကား၏ အနက်အဓိပ္ဖါယ်
ကိုလည်း မသိတက်

အနာရောဂါထူပြော၏။

သတိချွတ်ယွင်း မှတ်ဥာဏ်နည်းပါးတတ်၏။

ဤဘဝတွင်အရူးတပိုင်းဖြစ်၍ သေဆုံးသော
အခါ ဘဝဆက်တိုင်း မွေးရာပါ ဝမ်းတွင်းရူး
ဦးနှောက်မပြည့်သူ ဖြစ်တတ်၏။

မှတ်ချက်

ဘုရားဟော ၅၅၀ နိပါတ်တော်ဝရုဏဇာတ်တွင်
သာဝတ္တိပြည် ဘုရင်၏ ရှေ့ မှောက်သို့ 
သိကြားမင်း လူငယ်အသွင်ဖြင့်လာရောက်ခါ
ပြောကြားသော အရက်၏ ဂုဏ်ပုဒ်များဖြစ်ပါသည်။

Credit _ ဦးမြင့်ခိုင်

____________________________________________

♕ အရက်သမားဘဝမှ လွတ်မြောက်ရေး ဆုံးမစကားများ ♕

+++++++++++++

၁။ အရက်ခွက်ကို မထမဦးဆုံးကိုင်တဲ့နေ့ဟာ ဘဝအမှောင်ကျဘို့ ဇာတ်လမ်းစ.လိုက်တာဘဲ လို့မှတ်ကြပါ။ တစ်သက်လုံး ဇာတ်လမ်းမ ရှုပ်စေခြင်ရင် အရက်ခွက် အရက်ပုလင်းကို ယောင်လို့တောင် လုံးဝမကိုင်ပါနဲ့။

၂။ လူမသေ ငွေမရှားဆိုပေမယ့် လူမသေသော် လည်းဆင်းရဲတွင်း နက်ပြီး ငွေမရှိသူဟာ အဲဒီအရက်သမားဘဲ၊ ငွေရှိလိုလျှင်၊အရက်မသောက်ပါနှင့် အရက်ကိုမုန်းပါ။

၃။ ခွေးချေးကို ဆီနဲကြော်လို.ကျက်.သွားပေမယ့် လုံးဝ.အသုံးမတည့်.၍.သွန်.ပစ်လိုက်ရတာဘဲ၊ ဒါ့ကြောင့် ခွေးချေးကြော်ဟာ .ကျက်သွန်.တွေဖြစ်သွားတယ်။ ထို့အတူအရက်သမား လုံးလုံး ဖြစ်သွားရင်တော့. ကျက်သွန်.ဖြစ်ဖို့သေခြာသွားပြီ။

၎။ အရက်ဟာ ပထွေးနဲတူပါတယ်၊ မယားပါသားသမီးတွေကို မထင်ရင် မထင်သလို နှိပ်စက်တတ်တယ်၊ အရက်ကလည်း အရက်နဲ့ပတ်သက်တဲ့လူတွေကို နှိပ်စက်နေမှာဘဲ။

၅။ ဇာတ်သိမ်းမလှဘဲ လူ့ဘဝထဲမှာ ခြေရာပျောက်ပြီး သုဿာန်ထဲ စောစောစီးစီးဝင်သွားရတဲ့အထဲမှာလည်း အရက်သမားတွေပါနေတယ်၊ သုဿာန်ထဲ စောစောစီးစီးမဝင်ရဘို့နဲ့ ဇာတ်သိမ်းလှဖို့ အရက်ရှောင်ပါ။

၆။ လူ့ဘဝရောက်တုန်း ထမင်းဝအောင် ပိုစားသွားပါ၊ အရက်ကိုတော့ လုံးဝသောက်မသွားပါနဲ့၊အရက်သောက်ခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဘဲ။

၇။ ဇနီးမယားသားသ္မီးတို့ရဲ့ ဂရုစိုက်အလေးထား ချစ်ကြင်နာမှု ပြည့်ပြည့်၀၀ ခံစားလိုလျှင် အရက်လောကထဲက အမြန်ဆုံးရုံးထွက်ခဲ့ပါ၊ ဒါမှမဟုတ်ရင်တော့ ရင်နာစရာတွေဖြစ်ကုန်လိမ့်မယ်။

၈။ အရက်သောက် တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် ကိုယ့်မျက်နှာကို လက်သီးနဲ့ နာနာကြီးဆောင့်ထိုးပြ်ီး ဆုံးမလိုက်စမ်းပါ။ သူများဆုံးမတာထက် ကိုယ့်ကိုကိုဆုံးမတာကပိုပြီးလိမ္မာလွယ်တယ်။

၉။ အရက်သောက်တဲ့လူထဲက .တော်.တယ်ကောင်းတယ်ဆိုတဲ့လူဟာ အရက်ကိုလူက ဆင်ဆင်ခြင်ခြင် သောက်တဲ့အချိန်လေးမှာပဲဖြစ်မယ်။ လူကိုအရက်က ပြန်သောက်တဲ့အချိန်မှာတော့အဲဒီလူဟာ လူညံ့လူဆိုးဖြစ်သွားပြီမှတ်ပေတော့။

၁၀။ အရက်သောက်သူများကို စိတ်ကူးနဲ့ဘဲ သေဒဏ်ပေးကြည့်လူဦးရေသိသိသာသာကြီး လျှော့သွားနိုင်တယ်၊ အရက်ကဘာကောင်းကျိုးပေးဘူးလို့လည်း၊ အရက်ကိုထည့် မတွက်ဘဲ ရွံမုန်းလိုက်စမ်းပါ။

0 Shares

Add a Comment

Your email address will not be published. Required fields are marked *