အပြောကောင်းတဲ့ ဘုန်းဘုန်း


ဘုန်းကြီးတွေထဲမှာ အပြောကောင်းတဲ့ကိုယ်တော် လေးတွေ ရှားသည်။ ဘုန်းကြီးအပြောကောင်းလျှင် လည်း လူတွေ လိုက်မမှီ။ မိမိအသိ ဆရာတော်များ ထဲပင် အပြောကောင်းတဲ့ ဘုန်းကြီးတွေရှိသည်။ အပြောကောင်းတော့ ဘာဖြစ်လဲဆိုတော့ ဘုန်းကြီးတာပေါ့။လူချစ်လူခင်များတာပေါ့။

ဘုန်းကြီးတွေ အပြောကောင်းလျှင် ယမမင်းတောင် မနေနိုင်ဟု ဆိုရိုးစကားရှိသည်။ ဒါနဲ့ပက်သက်ပြီး ဓမ္မကထိက ဆရာကြီး ဦးလှသိန်း ၏ အပြောကောင်းတဲ့ဘုန်းကြီးပုံပြင်လေးကို ဖောက်သည်ချချင်ပါသည်။

(၂)
တစ်ခါက ရွာနှစ်ရွာမှာ ကျောင်းထိုင်ဘုန်းကြီး မရှိသဖြင့် မြို့က ဘုန်းကြီးတစ်ပါးကို ပင့်လာကြ သည်။ဘုန်းကြီးကျောင်းကို ရွာနှစ်ရွာကြားမှာ ဆောက်ပြီး နှစ်ရွာလုံး ကိုးကွယ်ကြသည်။

ကျောင်းထိုင်ဖြစ်ကာစ ဆိုတော့ နှစ်ရွာလုံးက ဝိုင်းပြီး လှူဒါန်းကြတော့ ဆွမ်းကွမ်းတွေပေါသည်။ မသိမ်းနိုင်မဆည်းနိုင်လောက်အောင်ကို ပိုလျှံနေသည်။ပြဿနာက ၇ရက်ကျော်မှာ စသည်။
“၇ရက်ကျော် ဧည့်သည်အာဂန္တု မဟုတ်”ဟူသော ထုံးစံအရ နှစ်ရွာလုံးက ဆွမ်းလာမပို့ကြတော့။

ဒီတော့ဘုန်းကြီးကအဆင်မပြေ။ အဆင်မပြေတော့ နှစ်ရွာလုံးကို အစည်းအဝေးခေါ်ရသည်။

“ခင်ဗျားတို့က ရောက်ခါစကဆိုရင် ဖူးဖူးမှုတ်ထား မတတ်၊ခုတော့ကြတော့လည်း ပစ်ထားလိုက်ကြ တာ၊ကျုပ်ကျောင်း စားစရာကို မရှိဘူး” ဆိုတော့

ဒကာတွေက “တပည့်တော်တို့ တစ်ရွာကို တနေ့ ဆွမ်းသုံးအုပ် အလှည့်ကျ တာဝန်ယူပါမယ်ဘုရား ” ဆိုပြီး လျှောက်ကြသည်။ဤသို့ဖြင့် ဆွမ်းပြဿနာ ပြေလည်သွားပြန်ပါသည်။

(၃)
ဆွမ်းအုပ်ပို့သည်ဆိုတာကလည်း ဒကာဒကာမတွေ အိမ်မှာချက်သည့် ထမင်းဟင်းကို ပို့တာဆိုတော့ အကောင်းကြိုက်တဲ့ ဘုန်းကြီးအတွက် အဆင်မပြေ။ အဆင်မပြေလို့ အစည်းအဝေး ခေါ် ရအောင်လည်း တစ်ခါကနှစ်ခါ မကောင်းတတ်။ ဒီလိုနဲ့ ဘုန်းကြီးက အကြံထုတ်ပါတော့သည်။

တောင်ဘက်ရွာက လူတွေ ဆွမ်းအုပ်လာပို့လျှင်
“မြောက်ဘက်ရွာက လူတွေများသဒ္ဓါတရား အင်မတန်ကောင်းသဗျ။ ကြက်သားကိုလေ အကြော်တစ်မျိုး၊အချက်တစ်မျိုး လာပို့ကြတာ။ ပေါများလွန်းလို့ ကျုပ်ကျောင်းက ဆွမ်းကျန်စားတဲ့ ခွေတောင် ကြက်ရိုးဆို မကိုက်ချင်တော့ဘူး” ဟုပြောလိုက်သည်။

မြောက်ဘက်ရွာကလူတွေ ဆွမ်းအုပ်လာပို့လျှင် လည်း
“တောင်ဘက်ရွာက လူတွေများ စေတနာကောင်း ချက် ၊ ဝက်သားကို ကြော်လိုက်ချက်လိုက် ပို့လိုက်ကြတာ ကျုပ်တို့မပြောနဲ့၊ ကျုပ်ကျောင်းက ခွေးတောင် ဝက်သားဆို အသားမှ စားတာဗျ၊ အဆီဆို ထွေးထုတ်ပစ်တာ”ဟု ပြောလိုက်ပြန်သည်။

ဤသို့ဖြင့် တောင်ဘက်ရွာက လူများသည် မြောက်ရွာသားများကို မခံချင်စိတ်ဖြင့် ရွာထဲရှိ ဝက်တွေ သတ်ပြီး ကျောင်းကို ဆွမ်းအုပ်ပို့ကြသည်။

မြောက်ဘက်ရွာက လူတွေကလည်း တောင်ရွာသား တွေကို မခံချင်စိတ်နဲ့ ရွာထဲက ကြက်တွေသတ်ပြီး သူထက်ငါအပြိုင် ဆွမ်းအုပ် ပို့ကြလေသည်။

ကြာတော့လည်း နှစ်ရွာလုံးမှာ ကြက်သံဝက်သံ တွေ မကြားရတော့။ နှစ်ရွာလုံးကလူတွေလည်း ကြက်ဝက် သတ်သည့်ကံကြောင့် ငရဲကျလေသည်။

(၄)
ငရဲရောက်တော့ ရွာသားတွေ အချင်းချင်း တွေ့သည့်အခါ ငရဲကျသည့် အကြောင်း စစ်တမ်း ထုတ်တော့ ဘုန်းကြီးကြောင့်ဟု သိလိုက်ရသည်။ “ငါတို့တောင် ငရဲကျတာ၊ဘုန်းကြီးလည်း မနေပါဘူးကွာ၊ ငရလာမှာပါ”ဟု ပြောပြီး စောင့်နေကြသည်။

ဘုန်းကြီးလည်း ပျံလွန်တော်မူသည့်အခါ ငရဲသို့ ကျလေသည်။ ရွာကလူတွေက
“ဟိုမှာ ဒို့ရွာဘုန်းကြီးလာပြီကွ၊ ဘုန်းကြီး ပျံတယ် ပျံတယ်လို့ပြောကြတာ၊ခုတော့ ဒို့ဘုန်းကြီးက မြေလျိုးလာတာကိုးကွ”ဟု တီးတိုးပြောကြသည်။

ဘုန်းကြီးလည်း ရွာသားတွေကို မြင်သည့်အခါ ငါကြောင့် ရောက်လာတဲ့ကောင်တွေ ဆိုပြီး ကျိတ်ပြုံးနေလေရဲ့။

ဘုန်းကြီး ယမမင်းဆီသွားသည့်အခါ ရွာသားတွေက ယမမင်းနားကပ်ပြီး “ယမမင်းကြီး၊ သတိထားနော်၊ ဒီဘုန်းကြီးက အမြှောက်ကောင်းတယ်”ပြောရာ ယမမင်းက
“မြှောက်တယ်ဆိုတာ လူပြည်မှာပဲ မြှောက်လို့ရတာ၊ ငရဲပြည်မှာ လာမြှောက်လို့ မရဘူး”ဟု ပြန်ပြောလိုက် သည်။

ယမမင်းက ဘုန်းကြီးကို ” ဘုန်းကြီး၊ ဘာအပြစ်ရှိလို့ ငရဲပြည် ရောက်တာလဲ”ဟု မေးရာ ဘုန်းကြီးက မေးခွန်းကို မဖြေဘဲ
“လူပြည်က ပန်းချီဆရာတွေက ယမမင်းပုံကို ရေးဆွဲတဲ့အခါ ပုံဆိုးပန်းဆိုးကြီး ဆွဲကြတာ၊ တကယ်အပြင်မှာတွေ့တော့ ယမမင်းဆိုတာ သူတို့ ပြောသလောက် ရုပ်မဆိုးပါလား”ဟု ပြောလိုက် လေသည်။

ထိုအခါ ရွာသားများက “အရှင်ယမမင်းကြီး မြှောက်နေပြီ၊မြှောက်နေပြီ သတိထားပါ ”
ဟုပြောရာ ယမမင်းက
“ဟဲ့ ဘာမြှောက်ရမှာလဲ၊ ဘုန်းကြီးက အမှန်ပြောနေတာ”ဟု ပြန်ပြောလိုက်လေသည်။

ယမမင်းလည်း ဘုန်းကြီးကို”ဘုန်းကြီး၊ ဘာကြောင့် ငရဲရောက်ရတာလဲ”မေးသည့်အခါ ဘုန်းကြီးက
“အပြစ်ရယ်လို့ ကြီးကြီးမားမား မရှိပါဘူး၊ ယမမင်းရဲ့ ငရဲပြည်ဟာ အရမ်းသာယာတယ်ဆိုလို့ လာလေ့လာတာပါ”ဟု ဖြေလိုက်လေသည်။

ယမမင်းလည်း “ဒီဘုန်းကြီး၊ သူဘာလို ငရဲကျတာ ကို ငရဲပြည်သာယာလို့ အလည်လာတာလေး ဘာလေးနဲ့၊ ဒီဘုန်းကြီး ငရဲပြည်ထားရင် အကုန် ပျက်စီးကုန်မယ်”ဆိုပြီးတွေးကာ
အပြောကောင်းသော ဘုန်ကြီးကို နတ်ပြည် ပို့လိုက်လေသည်။
အရှင်ပဏ္ဍိတ
မူရင်းပိုစ့်​ပိုင်​ရှင်​အား credit ​ပေးပါတယ်

16 Shares

Add a Comment

Your email address will not be published. Required fields are marked *