“သစ်ပင်စိုက်ကြစို့”

“သစ်ပင်စိုက်ကြစို့”

ရှေးယခင်က မြန်မာနိုင်ငံ၌ သစ်ပင်ပန်းပင်တို့ဖြင့် အစဉ်အမြဲ စိမ်းလန်းနေတတ်၏။ ဆယ့်နှစ်လရာသီပတ်လုံး ပန်းပြတ်သည့်လဟူ၍ မရှိခဲ့။ နိုင်ငံတဝန်း ရာသီအလိုက်ပန်းရနံ့များဖြင့် မွှေးပျံ့နေ၏။

ယခုသော်ကား ထိုသို့မဟုတ်။ သစ်ပင်ပန်းပင်များ ရှားပါလာ၏။ တောင်ကုန်းများ ကတုံးပြောင်လာ၏။ ထို့ကြောင့် ရာသီဥတုများလည်း ဖောက်ပြန်လာ၏။ ရာသီဥတုဖောက်ပြန်သောကြောင့် လူတို့၏ကျန်းမာရေးလည်း ချူချာလာပေပြီ။ ကျေးငှက်တိရစ္ဆာန်များ ရှားပါး၍ ပိုးမွှားများသာ ပေါများလာနေ၏။ ဤသည်ကား သစ်ပင်တောတောင်မရှိခြင်း၏ အကျိုးဆက်များပင်တည်း။

မြန်မာလူမျိုးတို့ကား သစ်ပင်ကိုသာ ခုတ်ချင်၍ သစ်ပင်ကိုတော့ မစိုက်ချင်ကြပေ။ အသီးကိုတော့ စားချင်ကြ၏။ အပင်စိုက်ရမှာ ပျင်း၏။ အပွင့်ကို ပန်ချင်၏။ အပင်ကို မစိုက်ချင်ကြ။

ထန်းသီးကို စားချင်၍ ထန်းပင်ကို လှဲပစ်လိုက်၏။ သူ့ထက်မိုက်တဲ့လူ ရှိပါဦးမည်လော။ ထန်းပင်တစ်ပင်ဖြစ်ဖို့ရန် နှစ်ပေါင်းများစွာ စောင့်ရသည်။ ထိုအပင်ကို အချိန်တိုအတွင်း ဖျက်ဆီးပစ်လိုက်၏။ သူတို့စိတ်ထဲ စားချင်စိတ်တစ်ခုပဲ သိ၏။ ကျန်သည့်အရေး ရေးရေးမျှမတွေး။ ခွေးလောက်ပင် အသိဉာဏ်မရှိလေရော့သလား။

ရှေးယခင်က မြန်မာနိုင်ငံသည်သာ စိမ်းလန်းစိုပြေသည်ဟု ထင်ခဲ့ဖူး၏။ ယခုကား မြန်မာနိုင်ငံကဲ့သို့ ခြောက်ကပ်ကပ်နိုင်သောနိုင်ငံ ကမ္ဘာပေါ်မှာပင် ရှိပါဦးမည်လော။ တွေးတောစရာပင် ဖြစ်လာခဲ့ပေပြီ။

အရင်က ကျုပ်တို့ရွာ၌ တစ်အိမ်လျှင် သရက်ပင်တစ်ပင်ခန့် ရှိတတ်၏။ သရက်သီးစားဖို့အတွက် ပူစရာမလို။ ဘယ်အပင်မှ ခူးစားခူစား ရနိုင်ပါ၏။ ယခုမူကား သရက်သီးစားဖို့အရေး ပိုက်ဆံပေးနေရ၏။

ရှေးအခါက ဝါးအိမ်နှင့် နေခဲ့သောသူတို့ တိုက်အိမ်ပေါ် ရောက်လာကြ၏။ တိုက်အိမ်ဆိုတော့ အရောင်အဆင်းရှိ၏။ လှပ၏။ သူတို့အိမ်၏ အလှအပကို ကြွားလိုလှ၏။ ထို့ကြောင့် အိမ်ရှေ့ရှိ သစ်ပင်အိုကြီးကို ခုတ်လှဲပစ်လိုက်၏။ မိုက်မဲလေစွတကား။

ငယ်စဉ်အခါက သစ်ပင်ကြီးများအောက်တွင် ပြေးလွှားကစားခဲ့ဖူး၏။ ယခုအခါတွင်ကား ကလေးများကစားဖို့ရန် သစ်ပင်ကြီးများ မရှိတော့ပြီ။ နွေရာသီ နေပူလို့တောင်မှ အရိပ်ခိုစရာ သစ်ပင်ကြီးများကား ရှားပါးလာနေ၏။

အခြားနိုင်ငံများ၌ သစ်ပင်ကို အလှထား၍ စိုက်ပျိုးနေကြ၏။ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ရန် စိုက်ပျိုးနေကြ၏။ ရာသီဥတု ကောင်းမွန်ဖို့ရန် စိုက်ပျိုးနေကြ၏။ ကျုပ်တို့နိုင်ငံ၌ သစ်ပင်များကို ဖျက်ဆီးနေကြ၏။ သစ်ပင်ရှိလျှင် အမှိုက်ရှုပ်သည်ဟု ထင်နေကြ၏။ သစ်ပင်များကို မီးရှို့ပစ်နေကြ၏။ ခြားနားလေစွ။

ရှေးအခါက သရက်ပင်စိုက်နေသော အဖိုးအိုအား မြေးဖြစ်သူက မေး၏။
“ဘာလုပ်နေတာလဲ အဖိုး”
“သရက်ပင် စိုက်နေတာပေါ့ မြေးရ”
“အဲဒီသရက်ပင်က ဘယ်အချိန် စားရမှာမို့လဲ”
“ဆယ်နှစ်လောက်တော့ စောင့်ရမှာပေါ့ကွ”
“အဖိုးက စားရဦးမှာမို့လား”
“အခု အဖိုးတို့စားနေတဲ့ သရက်ပင်က ဘယ်သူစိုက်ခဲ့တယ်ထင်လဲ။ ငါတို့ရဲ့ အဖိုးတွေ စိုက်ခဲ့လို့ပဲ။ အခုလည်း ငါမစားရပေမယ့် ငါ့မြေးတို့စားရတာပေါ့။ အဲဒီလိုမှ မစိုက်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ပြီး သရက်သီးစားရတော့မလဲကွာ”။

ယခုခေတ်ကား သရက်ပင်စိုက်သော အဖိုးကဲ့သို့ အတွေးရှိသူများကား ရှားပါးလှ၏။ ထိုအဖိုးကဲ့သို့တွေး၍ ထိုအဖိုးကဲ့သို့ ကျင့်သုံးသင့်၏။

အချိန်မီပါသေး၏။ ပြောင်းလဲချင်လျှင်ပေါ့။ တစ်အိမ်လျှင် သစ်တစ်ပင်စိုက်ခြင်းဖြင့် ပြန်လည်စိုပြေစိမ်းလန်းနိုင်သေး၏။ ကုသိုလ်လည်းရ ဝမ်းလည်းဝဖို့ သစ်ပင်စိုက်ကြပါစို့ ဟူ၍ပင် ပြောလိုက်ချင်ပါတော့သည်။
NASA က ထုတ်ပြန်တဲ့ ကောင်းကင်မြေပုံအရ အိန္ဒိယ နဲ့ တရုတ် နိုင်ငံတွေဟာ သစ်ပင်သစ်တောတွေကြောင့် ပိုမိုစိမ်းလန်းနေတယ်လို့ ဆိုပါတယ်… ဒီနိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လို့ သဘာဝသယံဇာတ အရင်းအမြစ်သုံးစွဲမှုများပြားခြင်း၊ စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးခြင်းတွေရှိပေမယ့် ဆယ်စုနှစ်တွေအတွင်းမှာ မှန်ကန်တဲ့ အားထုတ်မှုတွေကြောင့် ၁၉၈၀ နှစ်တွေထက် ပိုမိုစိမ်းလန်းလာတာဖြစ်ပါတယ်…


၂၀၁၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံဟာ သစ်ပင် သန်း ၅၀ ကို ၂၄ နာရီအတွင်း လုပ်အားပေး ပြည်သူလူထု ၈ သိန်းကျော်နဲ့စိုက်ပျိုးခဲ့ပါတယ်…

ဝမ်းနည်းစရာကောင်းတာက မြန်မာမြေပုံကိုကြည့်ရင် သစ်တွေခိုးထုတ်ခံနေရတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်ပြည်ဘက်ခြမ်းမှာ စိမ်းလန်းနေပြီး ကိုယ့်မြေပုံမှာတော့ ပြောင်သလင်းခါသလောက်ဖြစ်နေတာ မြင်ကြရမှာပါ… ဒါကြောင့်လည်း အပူချိန်လွန်ကဲခြင်း၊ မြေအောက်ရေ ရှားပါးလာခြင်း၊ နှစ်စဉ်ရေကြီးရေလွှမ်းမိုးခံရခြင်းတွေ ပိုမိုကြုံတွေ့ရတာ မဆန်းတော့ပါဘူး…

မိမိတို့ကိုယ်ကျိုးပဲကြည့်ပြီး နောင်မျိုးဆက်သစ်တွေအတွက် ဆိုးမွေတွေပဲ ထားခဲ့ကြတော့မလား အတွေးပွားမိပါတယ်
အခုဆို ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး က ကျန်းမာရေးမကောင်းတော့ဘူး😨😨။ သူကျွန်တော်တို့ရဲ့ ဘိုးဘေးစဉ်ဆက်ကို အလုပ်အကျွေးပြုခဲ့ပီးပီ။👍👍 အခုသူ့ကိုပြန်ပြီး ပြုစုဖို့ ကျွန်တော်တို့ လုပ်ဆောင်ကြရတော့မယ်။ သူ့ကျန်းမာရေးအတွက် လူသားတို့အတွက် သစ်ပင်လေးတွေစိုက်ရင်း အစိမ်းရောင် ပတ်ဝန်းကျင်ကို တစ်ဖန်အသက်သွင်းကြပါစို့🎄🎍🎄🎄

လက်​ဆင့်​ကမ်း လိုက်​ကြပါစို့

319 Shares

Add a Comment

Your email address will not be published. Required fields are marked *