အော်ဂဲနစ် စနစ် ဟူသည်

အော်ဂဲနစ် စနစ် ဟူသည်

သဘာဝ ပတ် ဝန်းကျင်နှင့် ဆက်နွယ် နေသော စီမံ ခန့်ခွဲမှု စနစ် တစ်ခု ဖြစ်ပြီး၊ ဤ စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့်၊ သဘာဝ ဂေဟစနစ် ကို ပိုမို တိုးတက် ကောင်း မွန်စေသော ဇီဝ မျိုးစိတ်များ ပွားများစေခြင်း၊ ဇီဝ ဖြစ်စဉ် ရှင်သန် စေခြင်းနှင့် မြေဆီလွှာ ၏ ရုပ် ဂုဏ် သတ္တိ၊ ဓာတ်ဂုဏ် သတ္တိများ ပိုမို မြင့်မား လာစေခြင်း၊ မြေသားနှင့် မြေ ဆီလွှာ ကို အမှီ သဟဲ ပြု၍ အပြန် အလှန်
ကောင်းကျိုး ပြုစေပြီး၊ လူသား တို့၏ ကျန်းမာရေး အတွက် အ ထောက် အကူ ပြု စေမည့် လယ်ယာ သီးနှံ စိုက်ပျိုး ခြင်းနှင့် အစာ အာဟာရ ထုတ်လုပ်ခြင်း စနစ်များ ကိုပါ ရည်ညွှန်း သည်ကို တွေ့ရသည်။


နိုင်ငံ တကာတွင် အော်ဂဲနစ် စနစ် ကျင့်သုံး ကြသည် မှာ တစ်နေရာနှင့် တစ်နေရာ မတူ ကြသော်လည်း ယေဘုယျ အားဖြင့် တူညီသော အချက်များ ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ ကောင်းမွန်သော မြေဆီလွှာ ရွေးချယ်ခြင်း၊ ဓာတု ဆေးဝါး လုံးဝ အသုံး မပြုခြင်း၊ သဘာဝ ပစ္စည်း များဖြင့် သာ မြေဆီလွှာ ကို ထိန်းသိမ်း စောင့် ရှောက်ခြင်း၊ အသုံးပြု သီးနှံ မျိုးနှင့် အရည် အသွေး ကောင်းမွန်ခြင်း၊ အင်းဆက် ပိုး
မွှားများ၊ အပင် ရောဂါများနှင့် ပေါင်းပင်များ နှိမ်နှင်းရာတွင် ဇီဝ နည်း ပညာဖြင့် ကာကွယ် ထိန်းချုပ်ခြင်း၊ စိုက်ခင်း မြေနေရာ၊ ရေ ရရှိမှု သိုလှောင် သယ်ယူ ပို့ဆောင်ရေး နှင့် ဈေးကွက် စသည် တို့ကို စနစ် တကျ သတ်မှတ် ထားခြင်းတို့ ပါဝင်သည်။

ပထမ အချက် အနေဖြင့် အော်ဂဲနစ် စိုက်ပျိုး ရေးတွင် မြေဆီလွှာနှင့် မြေ အမျိုးအစားသည် အရေးကြီးသော အပိုင်းမှ ပါဝင်သည်။ မြေဆီလွှာ ဖွဲ့စည်းမှု (ရုပ်ဂုဏ် သတ္တိ) မြေချဉ် ငန်ဓာတ် (pH)နှင့် အာဟာရ ဓာတ် ပါဝင်မှု (ဓာတ်ဂုဏ်သတ္တိ) တို့ကို စစ် ဆေးလုပ်ဆောင် ရမည်ဖြစ်သည်။

မြေဆီလွှာတွင် ဖွဲ့စည်းမှု မတူကြသော သဲနုန်းမြေ၊ မြေစေးနုန်းမြေ၊ သဲ မြေ စေးနှုန်းမြေဟု တွေ့ ရပြီး အပင်များ အတွက် မြေသား ထူပြီး ရေစိမ့်ဝင် လွယ်သည့် သဲနုန်းမြေနှင့် မြေစေးနုန်းမြေ များကို ရွေးချယ် သင့်သည်။ မျှတသည့် ချဉ်ငန်ဓာတ် pH7 ရှိ မြေတွင် အာဟာရဓာတ် ပျော်ဝင် လွယ်စေသည်။

pH များလွန်းလျှင် ကန့်မှုန့်ဖြင့် ထိန်းညှိ ပေးနိုင်ပြီး pH နည်းလွန်းလျှင် ထုံးထည့် ပေးခြင်းဖြင့် ပြုပြင် နိုင်ပေသည်။ အော်ဂဲနစ် စိုက်ပျိုးရေးတွင် ဓာတု ဓာတ်မြေ ဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး လုံးဝ အသုံး မပြု ရပါ။ ဓာတု ဆေးဝါး များသည် သီးနှံစိုက်တောင်သူများ၏ ကျန်းမာရေး ကို ထိခိုက် ရုံသာ မက ပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုပါ ဖြစ်စေသည်။ နောက် ထပ် အကျိုး ဆက် အဖြစ် သီးနှံ များတွင်ဓာတ်ကြွင်း ပါဝင်မှု များကြောင့် လူနှင့် လူ့ ပတ်ဝန်းကျင် အတွက် ထိခိုက် မှုဖြစ်စေ သဖြင့် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်တွင် ဓာတုဆေးဝါးများ လုံးဝ အသုံး မပြုရ ကြောင်း တွေ့ရှိ ရသည်။

မြေဆီလွှာ ထိန်းသိမ်း စောင့် ရှောက် ခြင်းသည် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်တွင် အဓိကကျပေသည်။ စိုက်ခင်း ကြီးများတွင် ကြီးမားသော ထွန်စက်ကြီးများ၊ ရေသွင်း လုပ်ငန်းကြီးများ၊ ဓာတ်မြေ ဩဇာနှင့် ပိုးသတ်ဆေး သုံးစွဲခြင်းများ၊ သီးနှံ တစ်မျိုးတည်း ကို စိုက်ခြင်း တို့ သည်လည်း မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်မှု ညံ့ဖျင်း စေသည်။

အထူး သဖြင့် မြေဆီလွှာ ဆားပေါက်ခြင်း တိုက်စား ခံရခြင်း ရေဝပ်ခြင်း ရေထုတ်ရန် ခက်ခဲခြင်း မူလ မြေဆီ ညံ့ဖျင်းခြင်း မြေချဉ်ပေါက်ခြင်း မြေဆွေး ဓာတ်နည်းခြင်း အစိုဓာတ်မထိန်းနိုင် ခြင်းများ ဖြစ်လေ့ ဖြစ်ထရှိသည်။ အော်ဂဲနစ် စိုက်ပျိုးရေးတွင် သဘာဝ မြေဩဇာနှင့် ဇီဝမြေ ဩဇာများ အသုံးပြု၍ မြေဆီလွှာ ထိန်းသိမ်း ခြင်းကို ဆောင်ရွက် ကြသည်။

သဘာဝ မြေဩဇာမှာ လူတို့ စွန့်ပစ်သော အမှိုက်များကို ဆွေးမြေ့ စေခြင်း၊ စိုက်ပျိုးသော အပင်၏ ကျန်သော အစိတ် အပိုင်း များကို မြေ
ဩဇာ အဖြစ် ပြန်သုံးခြင်း တို့ဖြစ်ပြီး သက်ရှိ များဖြစ်သော အပင်နှင့် တိရိစ္ဆာန် များမှ ထွက်ပေါ်လာသော နွားချေး ကြက်ချေး လင်းနို့ချေး၊
ငှက်ချေး၊ ကောက်ရိုး၊ မြေပဲရိုး၊ ပဲဖတ် နှမ်းဖတ် အရိုးမှုန့် စသည်တို့ကို အသုံးပြုခြင်းတို့ ပါဝင်သည်။ လူတို့၏ အညစ်အကြေး (မိလ္လာ)များဖြင့် သုံးစွဲစိုက်ပျိုးခြင်း မပြုရပါ။

ဇီဝမြေဩဇာမှာ ရေကျောက်ခက် ထရိုင်ခိုဒါးမား (ကပ်ပါးမှို) အီးအမ် (အကျိုးပြု အဏုဇီဝပိုး) ရိုင်ဇိုဘီယမ်(ပဲမြစ်ဖုမြေဩဇာ) မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းမှ ထွက်ရှိသောအရည် တီကျစ်စာခဲ စသည်တို့ဖြစ်သည်။ အဆိုပါ သဘာဝ မြေဩဇာ နှင့် ဇီဝမြေဩဇာများကို အသုံးပြုခြင်း
အားဖြင့်

၁။ စိုက်ပျိုးမြေတွင် စေးသောမြေကိုမွစေပြီး ဖွယ်သောမြေကို စေးစေသည်။
၂။ အစိုဓာတ်နှင့် အပူချိန်ကို ထိန်းညှိပေးစေသည်။
၃။ မြေချဉ်ငန်ဓာတ် (pH) ကို သမမျှတစေသည်။
၎။ မြေဆီလွှာအတွင်း အာဟာရဓာတ်ပျက်စီး ဆုံးရှုံးမှုများကို ထိန်းသိမ်း ကာကွယ်ပေးသည်။
၅။ အဓိက အာဟာရဓာတ် (N,P,K) ပါဝင်ပြီး အပင်ကြီးထွားသန်မာစေ သည်။
၆။ အနည်းလို အာဟာရဓာတ် များကိုပါ ဖြည့်တင်းပေးနိုင်ပြီး အထွက် နှုန်း ကောင်းလာစေသည်။
၇။ မြေဆီလွှာမှ အာဟာရဓာတ် စုပ်ယူမှုအားကောင်းပြီး အသီးအရွက် ကြီးထွားအောင် မြင်စေသည်။

အော်ဂဲနစ် စိုက်ပျိုးရေး တွင် သီးနှံမျိုးနှင့် အရည် အသွေး သည်လည်း အရေးကြီး ပေသည်။ ပိုးမွှား ရောဂါ ခံ နိုင်ရည် ရှိသော မျိုးကောင်း
များ ရွေးချယ် သင့်ပြီး (၃) နှစ်ကျော် လွန်သော မျိုးများ ပြန်သုံးခြင်း၊ ခေတ်မီ နည်း အရ မျိုးရိုး ဗီဇ ပြုပြင် ပြောင်းလဲ ထားသော စပ်မျိုးများ
အသုံး မပြုရပါ။ သီးနှံ တစ်မျိုး တည်းကို ထပ် တလဲလဲ စိုက်ပျိုးခြင်း မလုပ်ဘဲ၊ အလှည့်ကျ သီးညှပ်၊ သီးလှည့် စိုက်ပျိုး ခြင်း ပြုလုပ် ရမည်
ဖြစ်သည်။

အော်ဂဲနစ် စိုက်ပျိုးရေး ၌ အင်းဆက် ပိုးမွှားများ၊ အပင် ရောဂါများ၊ ပေါင်းပင်များ နှိမ်နှင်း ရာတွင် ဇီဝ နည်း ပညာဖြင့် ကာကွယ် ထိန်းချုပ်
ခြင်း ပြုလုပ် သည်ကို တွေ့ရသည်။ အင်း ဆက် ပိုးမွှားများ နှိမ်နှင်း ရာတွင် စိုက်နည်း စနစ်ပြောင်းခြင်း၊ မြေပြင်ခြင်း အဆင့်၌ ထယ်ထိုး ထွန် မွှေခြင်း၊ မြေ လှပ် ထားခြင်း၊ အပင် အကြွင်း အကျန် များ မဖျက် ဆီးခြင်း (မီး မရှို့ခြင်း) သီးလှည့် စိုက်ခြင်း၊ သီးရော စိုက်ပျိုး ခြင်း၊ ထောင် ချောက် ပင်များ စိုက်ပျိုး ခြင်းတို့ အပြင် အပင်သန် စွမ်းအား ကောင်းစေမည့် အာဟာရ ဓာတ် ဖြည့်တင်းခြင်း တို့ ကိုလည်း လုပ်ဆောင်ရန် လိုသည်။

အပင်၏ ပတ်ဝန်းကျင် ကို ပြုပြင်ခြင်း အဆင့်၌ လက်ဖြင့် ပိုးကို ကောက်ယူ ဖျက်ဆီးခြင်း၊ မီးထောင် ချောက်များ အသုံးပြုခြင်း၊ သဲအုပ်ခြင်း၊
မြေကို အတန်ကြာ ရေလွှမ်းစေခြင်း၊ အပင်သို့ ရေ အရှိန်ပြင်းစွာ လောင်း ခြင်း၊ အလူမီနီယံ ရောင်ပြန်များ ဖုံးအုပ် ခြင်း၊ ပိုက်ကြဲဖြင့် အုပ်
ခြင်းစသည် တို့ပါဝင်သည်။

ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသော မျိုးများ စိုက်ပျိုးခြင်း၌ အရွက် တွင် အမွှေး ထူသော ပဲပင်မျိုး နေရောင် မလာမီ ပန်းပွင့်သော နှံစား ပြောင်းမျိုး၊ ပင်စည် တောင့်တင်း ခိုင်မာ သော စပါးမျိုး အရွက် ထူသော ဂေါ်ဖီ ထုပ်မျိုး၊ အသားဓာတ် ပါဝင်မှုများ ပြီး သကြားဓာတ် ပါဝင်မှုနည်းသော ပန်း ဂေါ်ဖီမျိုး စသည် တို့ကို ရွေးချယ် စိုက်ပျိုး သင့်သည်။

ဖျက် ပိုးမွှားများ တိုက် ဖျက်ရေး အဆင့်တွင် သားရဲ ကောင်များ၊ နကျယ် ကောင်များ လွှတ်ပေး တိုက်ခိုက် ခြင်း အဆင့် ၌ ဖားပြုတ်၊ ငှက်၊ အင်း ဆက်စား ပိုးကောင်(ပင့်ကူ) လိပ်ခုံး ကျိုင်း၊ အစိမ်းရောင် ဇာတောင်ပိုး၊ ဓားပြယင် ဓားခုတ်ကောင်၊ သေးငယ် သော နကျယ်ကောင်များကို အသုံးပြုသည်။ ထို့အပြင် သဘာဝ ပိုးသတ် ဆေးများအနေဖြင့် တမာပင် ဆေး ဂန္ဓမာပင်၊ ဆေးရွက်ကြီးပင် ဟုမ်းပင် ပင်စိမ်းရိုင်း၊ မဲရိုင်းပင် အစရှိသည်တို့မှ ထုတ်ယူထားသော ပိုးသတ်ဆေးများ ကို အသုံးပြုနိုင်ကြသည်ကို တွေ့ရ သည်။ ယင်း သဘာဝ ပိုးသတ်ဆေး အသုံး ပြုခြင်းဖြင့် လူတို့အား ဆိုးကျိုး ဖြစ်စေမှု နည်းခြင်း၊ မြေထဲတွင် လွယ်ကူစွာ ပြိုကွဲနိုင်ခြင်း၊ အပင်နှင့် တိရစ္ဆာန် တို့၏ တစ်ရူးထဲတွင်
ဓာတ်ကြွင်း ပုံစံမျိုး မကျန်ရှိခြင်း၊ အာနိသင် ကြာရှည်စွာ တည်မြဲမှု မရှိခြင်း တို့ကြောင့် အော်ဂဲနစ် စိုက်ပျိုးရေးတွင် ထိရောက်စွာ အသုံးပြု
ကြသည်။

အဓိက အပင်ရောဂါ များဖြစ်သည့် မှိုရောဂါများ၊ ဘက်တီးရီးယား ရောဂါများ၊ နီမတုတ်ရောဂါများ၊ ဗိုင်းရပ်စ်နှင့် မိုက်ကို ပလာစမာရောဂါ
များကို သဘာဝ ဆေးဖက်ဝင် အပင်များ အသုံးပြု နှိမ်နှင်း နိုင်သည်။ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့် ဖော်စပ်ထားသော ဆေးရည်သည် ပိုးမွှား
သာမက၊ ဖားဥမှိုကဲ့သို့ သော အရွက်တွင် ကျသည့် မှိုရောဂါများကို လည်းကောင်း သက်သာ ပျောက်ကင်း စေနိုင်သည်။

လက်ရှိမြန်မာ နိုင်ငံတွင် သုံးနေသော ခိုက်တိုစန်၊ တီကောင် မြေဩဇာ အရည် စသည်တို့ သည်လည်း အပင်ရောဂါ ကာကွယ် ဆေး
အဖြစ် တွေ့ရှိ ရသည်။ အပင်ရောဂါ ကာကွယ်ရေးတွင်-

(၁) ရောဂါကို အားမပေးနိုင်ရန် ပတ်ဝန်း ကျင်ကို တတ်နိုင်သမျှ ထိန်းချုပ်ခြင်း၊
(၂) မိမိသီးနှံပင်များကို ကျန်းမာသန်စွမ်းစေရန် ပြုစုပျိုးထောင်မှု အပြည့်ပေး ခြင်း၊
(၃) ရောဂါပိုးကို အားမကြီးလာစေရန် ဖိနှိမ်ထားခြင်းကိုလည်း လုပ်ဆောင်ရန် လိုအပ်ပေသည်။

ပေါင်းမြက် ပင်များ နှိမ်နှင်း ရာတွင် အပင်ခြေ ရင်း အမြစ်များအား အပင်ဆွေး များဖြင့် ဖုံးအုပ်ပေးခြင်း၊ လက်ဖြင့် ပေါင်းလိုက် ပေးခြင်း၊ မီးရှို့ပေးခြင်း၊ မြက်ပင် ပေါင်းပင် များအား စားတတ်သော တိရစ္ဆာန်များ လွှတ်ပေးခြင်း၊ အပင်ရင်း များအား ပလပ်စတစ် (သို့မဟုတ်) ပြုလုပ် စီမံထားသော အအုပ် အဆိုင်းများဖြင့် အုပ်ထားခြင်း၊ စသည်တို့ ဆောင်ရွက်ပေးရ မည်ဖြစ်သည်။

အော်ဂဲနစ် စိုက်ပျိုး မြေများသည် ဓာတုဓာတ် မြေဩဇာနှင့် ဆေးဝါး များကို အနည်းဆုံး (၃)နှစ် မတိုင်မီ အထိ သုံးစွဲ ထားခြင်း မရှိသော
မြေများ ဖြစ်ရန် လိုသည်။ (မှတ်တမ်းများ ထားရှိရန်) ဓာတု ပစ္စည်း သုံးစွဲ ထားသော လယ်ယာ မြေများနှင့် နယ်နိမိတ် ဘောင်ခြားကန့်သတ်ထားသော စည်းခြား စိုက်ကွင်း များ ဖြစ်ရန် လိုသည်။

အခြား အခင်းမှ ဆေးကြွင်း အငွေ့ အသက်များ လေထဲကနေ မဝင်အောင် လေကာပင် အမြင့်များ၊ ကြားခံ စိုက်ပျိုးထားရန် လိုအပ်ပြီး၊ ကိုယ့် စိုက်ခင်း ကမြင့်နေလျှင် ၁၅-ပေ အကျယ်၊ အမြင့် တူနေလျှင် ၃၀-ပေ အကျယ်နှင့် ကိုယ့် စိုက်ခင်းက နိမ့်နေလျှင် ၄၅-ပေ အကျယ်ကြားခံ ဇုန် ရှိရမည် ဖြစ်သည်။ ယင်း ကြားခံ ဇုန်များတွင် သင့်တော်ရာ သီးနှံ တစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။

၎င်း အပြင် ဓာတု စွန့်ပစ် ပစ္စည်းနှင့် စွန့်ပစ်ရည်များ ထွက်ရှိ နိုင်သော စက်ရုံ အလုပ်ရုံ များနှင့်လည်း ဝေးကွာရန် လိုသလို၊ သန့်ရှင်းသော ရေ အရင်း အမြစ် ရရှိရန်လည်း အရေးကြီး ပေသည်။ တိရစ္ဆာန် များကို စားကျက် မြက်ခင်း များတွင် လွှတ်၍ ကျောင်းခြင်း၊ ကောက် ရိုးမြက်ခြောက် တို့ကို ရောနှော ကျွေးမွေးခြင်းကို အလှည့်ကျ အသုံးပြု ခြင်းဖြင့် တိရစ္ဆာန်များ သက်သောင့် သက်သာ ဖြစ်စေမှုနှင့် ကျန်းမာရေး စောင့် ရှောက် နိုင်မှု ကိုပါ ဖြစ်စေသည်။

ထို့ပြင် ရိတ်သိမ်း၊ ခြွှေလှေ့၊ သိုလှောင်၊ ထုပ်ပိုး၊ သယ်ပို့ ရောင်းချသည့် အဆင့် တိုင်းတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ် အောင် လည်း ဆောင် ရွက်ရန် လိုသည်။ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ် သူသည် သဘာဝနှုန်းစံ ဥပဒေ များနှင့် အညီ တိကျစွာ လိုက်နာမှု ရှိ မရှိကို သက်ဆိုင်ရာ အစိုးရ အသိ အမှတ်ပြု လက်မှတ်ထုတ် ပေးရေး အရာရှိ များက သွားရောက် စစ်ဆေးမှုကိုခံယူကြရမည်လည်း
ဖြစ်သည်။

အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်ရေး အဖွဲ့ ကုမ္ပဏီ များသည် အော်ဂဲနစ် အသိ အမှတ် ပြု လက်မှတ် လက်ခံ ရရှိ ရေးနှင့် ဈေး ကွက်တွင်
“အော်ဂဲနစ်” စာတမ်းပါ စားသောက် ကုန်ပစ္စည်းများ တရားဝင် ရောင်းချ နိုင်ရေး တို့ကိုပါ ဒေသ ဆိုင်ရာ အော်ဂဲနစ် အဖွဲ့ အစည်းများ၏ သတ်မှတ်ချက်၊ နှုန်းစံများ၊ နည်း ဥပဒေများ အတိုင်း လိုက်နာ ဆောင်ရွက် ကြခြင်းဖြင့် စနစ်ကျသော သဘာဝ ကျသော အော်ဂဲနစ်စိုက်ပျိုးရေး စနစ်ကို ဖော်ဆောင် နိုင်ကြကြောင်း တင်ပြ လိုက်ပါသည်။

ဝင်းနိုင်ဦး (ဒဿ နိက)
Source: http://agrotechni-pedia.com
ဗဟုသုတ​ကျေးရွာ

55 Shares

Add a Comment

Your email address will not be published. Required fields are marked *