<< ပန်းကန်မှာသာတဲ့လ >>

<< ပန်းကန်မှာသာတဲ့လ >>

အမေတို့ခေါ်တဲ့နာမည်ကပဲ နားထဲမှာစွဲပြီး
ခေါ်လို့ ပိုကောင်းသည်ဟု ထင်မိသည်။

ကြက်ဥဟတ်ပွိုင်တဲ့။

အတန်းပညာလေး ဘာလေး မတောက်တခေါက်
တတ်လာတော့ Half Fried ကို ခေါ်နေခြင်းဖြစ်ကြောင်း
သိသော်ငြားလည်း ဟတ်ပွိုင်ဟုခေါ်ရခြင်းကိုသာ ပိုပြီး
ခံတွင်းလိုက်နေမိသည်။

ဆီလေးပါလောကာထည့်၊ ဆီသံထွက်လာတော့
ကြက်ဥကို ဆက်ကနဲ ခွဲပြီး မပေါက်အောင်ထည့်၊
ဆားထည့်၊ အချိုမှုန့်ထည့်ပြီး စက္ကန့်နှစ်ဆယ်လောက်
ကြာတော့ ချလိုက်လျှင် ရလာသော ဟင်းတစ်ခွက်သည်
အမေတို့အခေါ် ဟတ်ပွိုင်၊ ကျန်ုပ်တို့အခေါ် ဟတ်ဖရိုင်း။

ကြက်ဥမကျက်တကျက်ကြော်ဟုပဲ ဆိုကြပါစို့။

ယုံကြည်မိသည်။ လူတစ်ရာတွင် ကိုးဆယ်လောက်
စွဲစွဲမြဲမြဲကြိုက်ကြ၊ စားကြသော ဟင်းသည် အထက်
ဖော်ပြပါ ဟတ်ပွိုင်ပင်ဖြစ်ရမည်။

ကြော်ရတာ လွယ်သလောက် ပညာပါသော ဟင်း
ဖြစ်သည်။ အရေးကြီးဆုံးအပိုင်းက ကြက်ဥကို
ခွဲသောအပိုင်း။ အခွဲမတတ်လျှင် အနှစ်ပေါက်သွား
တတ်သည်။ အနှစ်ပေါက်သွားလျှင် ဟတ်ပွိုင်၏
ဂုဏ်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးများ ယုတ်လျော့
ကျဆင်းသွားတတ်သည်။

ထို့အပြင် ဆီထဲ ထည့်ထားတာကြာသွားပြန်လျှင်လည်း
အနှစ်က ကျက်သွားတတ်သည်။ ထို့သို့ဖြစ်သွားလျှင်တော့
အဆိုပါကြက်ဥကို ဟတ်ဖရိုင်းဟုမခေါ်သင့်တော့ဘဲ
ဖူးဖရိုင်းဟုသာ ခေါ်ရပေလိမ့်မည်။

မှတ်မိသေးသည်။ ငယ်ငယ်က မိဘများ အိမ်တွင် မရှိခိုက်
အဖေ့၏ တပည့်များက မိမိအား ကြက်ဥဟတ်ပွိုင်ကြော်
ပေးကြသောအခါ ကြော်လိုက်တိုင်း အနှစ်ကပေါက်နေသဖြင့်
တစ်လုံးပြီး တစ်လုံး ပြန်ကြော်ရင်း ခုနစ်လုံးမြောက်ရောက်မှ
အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်လေသည်။

ကြက်ဥဟတ်ပွိုင်တွင် အနှစ်ပေါက်သွားခြင်းသည်
မိမိ၏ စိတ်ပိုင်းဆိုင်ရာကို ကျဆင်းသွားစေနိုင်သည်။

ဟိုတယ်များတွင် တည်းဖြစ်သည့်အခါ မနက်စာတွင်
မိမိအတပ်မက်ဆုံးသော ဟင်းသည် ဟတ်ပွိုင်ပင်ဖြစ်သည်။
တစ်ခါတည်း နှစ်လုံး သုံးလုံး အပြတ်ယူပြီး ပန်းကန်ထဲ
ထည့်ထားကာ တစိမ့်စိမ့်ကြည့်ရင်း စားနေတတ်သည်။

ဒါသည်ပင်လျှင် ဘဝ၏အရသာ၊ နေ့တစ်နေ့အတွက်
ခွန်အား၊ မနက်ခင်း၏ ရောင်ခြည်ပင်ဖြစ်သည်။

သို့သော် ဟိုတယ်မှ ကြော်ပေးသောကြက်ဥများသည်
အမေကြော်သော ဟတ်ပွိုင်ကိုတော့ ဘယ်ပန်းချီရေးလို့မှ
မမှီပေ။ ဆားနှင့် အချိုမှုန့်ကို တခါတည်း ထည့်မကြော်
သောကြောင့်ဟု ထင်မိသည်။

မည်သို့ပင်ဆိုစေကာမှု ဟတ်ပွိုင်သည် လူနှင့်အနီးစပ်
ဆုံးသော ဟင်းပင်ဖြစ်သည်။ စားစရာ ဘာမျှ မရှိလျှင်
တောင်မှ ကြက်ဥရှိနေလျှင် ဟင်းဖြစ်ပေသည်။

ထမင်းကို ကြာညို့နဲ့ပဲကြော်ကြော်၊ နနွင်းနဲ့ပဲကြော်ကြော်၊
ပဲပြုတ်နဲ့ပဲရောရော၊ ကြက်သွန်နဲ့ပဲရောရော ကြက်ဥဟတ်ပွိုင်
ပါလျှင် မည်သည့်ဟင်းမျှ ထပ်ပြီး မတောင့်တမိတော့ပေ။

လူ့ဘဝ၏ အခက်ခဲဆုံးသောအချိန်များတွင်တောင်မှ
အနားမှာ တစ်ဖဝါးမှ မခွာဘဲ စောင့်ရှောက်ပေးတတ်သော
ဟင်းသည် ကြက်ဥဟတ်ပွိုင်ပင်ဖြစ်သည်။

ထမင်းသုပ်၊ လက်ဖက်ထမင်းနှင့် ထမင်းဆီဆမ်းတို့၏
လုပ်ဖော်ကိုင်ဖက်ဖြစ်သော ကြက်ဥဟတ်ပွိုင်သည်
ပေါင်မုန့်နှင့်လည်း ဆွေးနီးမျိုးစပ်တော်သလို ဝက်အူချောင်းတို့၊
ဘာဂါတို့နှင့်လည်း မကင်းရာ မကင်းကြောင်းများပါပင်။

ဘယ်လောက်စားစား ရိုးသွားသည်ဟု မရှိရသော ဟတ်ပွိုင်။
အမေတို့ ဘယ်ကနေ ဘယ်လိုကြားပြီး အသံထွက်ခဲ့သည်
မသိသော ဟတ်ဖရိုင်းခေါ် ဟတ်ပွိုင်။ ဗလာနတ္ထိဖြစ်နေသာ
ဘဝများစွာကို အလင်းရောင်တွေ ထွန်းညှိပေးတတ်သော
ဟတ်ပွိုင်။

သေချာလွန်းပါသည်။

တစ်လတွင် ရက်သုံးဆယ်ဟု သတ်မှတ်လျှင် ရက်ပေါင်း
၂၀ ကျော် လောက် ပုံမှန်စားဖြစ်နေသော ကြက်ဥဟတ်ပွိုင်သည်
ပန်ကန်းပြားထဲတွင် ထီးတည်းကြီး ထွန်းလင်းတောက်ပနေသော
လမင်းတစ်ဆူဟုသာ သမုတ်ရပေလိမ့်မည် ဖြစ်ပေသည်။

Wai Phyo Maung
Apr 21, 2k19

5 Shares

Add a Comment

Your email address will not be published. Required fields are marked *