သူကြီးသမက်နှင့် ရပ်ပြစ်ရှစ်ပါး

****************************
(၁)
တစ်ခါက ရွှေကူဆိုတဲ့ရွာကြီးတစ်ရွာမှာ မိသားစု တစ်စုရှိလေ၏။ထိုမိသားစု၏ အိမ်ထောင်ဦးစီး ဖြစ်သော ဦးဖိုးသက်သည် ထိုရွာ၏ သူကြီးဖြစ်လေသည်။

ထိုသူကြီးတွင် မခင်သစ်ဟူသော သမီးနှစ်ယောက် ရှိလေသည်။အကြီးမဖြစ်တဲ့မခင်သစ်သည် အသက်၃၅နှစ် ကျော်သည်အထိ အိမ်ထောင်မကျသေးသော အပျိုကြီး ဖြစ်လေ၏။

မခင်သစ်ကို တစ်ရွာတည်းသားဖြစ်သော ကိုဖိုးမောင်က သဘောကျနေ၏။ထို့ကြောင့် မခင်သစ်ကို ရည်းစားစကားပြောသည်။

မခင်သစ်ကလည်း လူပုစိတ်တို အပျိုကြီးပီပီ
“နင်လို ငမဲကောင်ကိုများ ငါက ဘာလို့ စိတ်ဝင်စား ရမာလဲ”ဟု ငြင်းလိုက်သည်။

ကိုဖိုးမောင်ကလည်း “မခင်သစ်ရယ်၊အဲလိုတော့ မပြောပါနဲ့၊ မခင်တစ်ယောက် အရပ်ပုတာကို ဘယ်တော့မှ ကိုဖိုးမောင်လျှောက်မပြောသလို အရပ်ထဲလှည့်ပြီး သူများ ကလေးထိန်းနေတာကိုလည်း လျှောက်မပြောပါဘူး” ဟု ပြောရာ မခင်သစ်က

“ငါဘာလို အရပ်ပုတာ နင်နဲ့ဘာဆိုင်လဲ၊ အရပ်ထဲ လှည့်ပြီး ကလေးထိန်းတော့ရော ဘယ်သူ့ဂရုစိုက် ရမှာလဲ၊နင်လို ငမဲကို ငါဘယ်တော့မှ မကြိုက်ဘူး” ဟု ငြင်းလိုက်လေသည်။

(၂)
လူပျိုကြီး ကိုဖိုးမောင်သည် မခင်သစ်မှ မရလျှင် လူပျိုဘဝမှ မကျွတ်နိုင်ဟု ယုံကြည်ထားသည့် အတိုင်း ကြိုးစားသော်လည်း အချီးနှီးသာ။

ဤသို့ဖြင့် ကြံရာမရသည့်အဆုံး မခင်သစ်အား

“ဒီမှာ မခင်သစ်၊မခင်သစ်နဲ့ကျွန်တော်နဲ့ဆိုတာ အခြေအနေမတူမှန်းသိပါတယ်ဗျာ၊ ဒါပေမယ့်
မခင်သစ်ရဲ့အချစ်ကိုမှ မရရင် ကိုဖိုးမောင်တစ်ယောက် ကိုယ့်ကိုကိုယ် သတ်သေတော့ မယ်၊ ဒီဘဝဒီမျှပေါ့” ဟု ပြောလိုက်လေသည်။

မခင်သစ်လည်း သနားသဖြင့် “အဲလိုတော့ မလုပ်ပါနဲ့၊ကိုဖိုးမောင်ရယ်”ဟု ပြန်ပြောရာ ကိုဖိုးမောင်လည်း “ရာသီဥတုကတော့ ငါဘက်ပါလာပြီ”ဟု တွေး၍
“ဒါဆို မခင်သစ်၊ခိုးပြေးကြရအောင်”ပြောရာ

မခင်သစ်က” ကိုဖိုးမောင်ကလဲ၊ ခိုးပြေးတယ်ဆိုတာ လူကြီးလူကောင်း သားသမီးတွေ အလုပ်မဟုတ်ဘူးလေ”

“ဒါဆိုလည်း မခင်သစ်ရယ်၊ တစ်ကြိမ်လောက်တော့ တွေ့ချင်တယ်”ဟု ကိုဖိုးမောင်က တောင်းဆိုလိုက်သည့်အခါ

မခင်သစ်က “အိမ်ကလူကြီးတွေက အိမ်ထဲက အိမ်ပြင်ထွက်တာ မကြိုက်ဘူးရယ်”

“ဒီလိုလုပ် ကိုဖိုးမောင်၊ လပြည့်ညကျရင် ကျွန်မတို့ အိမ်ကို လူတွေမသိအောင် ဝင်လာခဲ့၊ ကျွန်မအခန်းရှေ့ ရောက်တဲ့အခါ ပဲလှော် ကြွပ်ကြွပ်လေးဝါးလိုက်၊ ပဲလှော်သံကြားတာနဲ့ ကျွန်မ အခန်းတံခါး ဖွင့်ပေးမယ်၊ ဟုတ်ပြီလား”
ဟု မခင်သစ်က ပြောလိုက်ရာ

ကိုဖိုးမောင်လည်း မခင်သစ်စကားကို ဝန်ခံ၍ စိတ်လှုပ်ရှားစွာဖြင့် အိမ်သို့ ပြန်လာလေ၏။

(၃)
လပြည့်ညရောက်တော့ ကိုဖိုးမောင်တစ်ယောက် ပဲလှော်အစိပ်သားထုပ် ဝယ်ထားလိုက်သည်။ ည သန်းခေါင်အချိန်ရောက်တော့ မခင်သစ်အိမ်သို့ ပဲလှော်ကို ဝါးရင်း ထွက်လာခဲ့သည်။ ကံဆိုးချင်တော့ မိုးက ဗြုံးကနဲဆို ရွာချလိုက်သည့် အခါ ပဲလှော်ထုတ်မှာ မိုးစိုသွားလေ သည်။

ဤသို့ဖြင့် မခင်သစ်အိမ်ရှေ့ ရောက်လာသည်။ အိမ်ရှေ့သစ်ပင်မှတဆင့် ခြံစည်းရိုးကျော်၍ ခုန်ဝင် လိုက်သည်။ မခင်သစ် အခန်းရှေ့ရောက်သည့်အခါ ရေစိုနေသော ပဲလှော်ကို ထုတ်ဝါးလိုက်သည်။

ပဲလှော်မှာ ရေစို၍ အိနေသောကြောင့် အသံထွက် မလာ။ ဤသို့ ဝါးရင်းဝါးရင်းနဲ့ ပဲလှော်အဆိပ်သား သာ ကုန်သွားသည်။ အသံကားထွက်မလာ။

ကံကောင်းချင်တော့ ပဲလှော်ထုတ် နောက်ဆုံးအစိတွင် ကျောက်ခဲပါလာရာ “ဒေါက်” ကနဲ အသံထွက်လာရာ မခင်သစ် အခန်းတံခါးလည်း ပွင့်လာလေသည်။

ကိုဖိုးမောင် မခင်သစ် အခန်းထဲ ရောက်တော့ ပဲလှော်အစွမ်းက ပြလာသည်။ ဤသို့ဖြင့်
“မခင်သစ်၊ကျုပ် အိမ်သာတက်ချင်တယ်၊ အိမ်သာ ဘယ်နားလဲ”ဟု မေးရာ

မခက်သစ်က “အိမ်သာက ဝေးတယ်တော့၊ အိမ်က လူကြီးတွေ နိုးကုန်မယ်၊ ဒီလိုလုပ်၊ အိမ်ရှေ့ ဝန်းထရံတိုင်ကို နှုတ်၊ ကျင်းထဲကို မစင်စွန့်၊ ပြီးတော့ တိုင်ကို ပြန်စိုက်လာခဲ့”ဟု အကြံပေးလိုက် သည်။

ကိုဖိုးမောင်လည်း မခင်သစ်စကားအတိုင်း အိမ်ရှေ့ ဝန်းထရံတိုင်ကိုနှုတ်၍ မစင်စွန့်လိုက်သည်။ ကံဆိုးချင်တော့ မိုးရေများက မစင်စွန့်သည့် ကျင်းထဲသို့ စီးဝင်လာကာ ကျင်းပြည့်သွားသည်။

ကိုဖိုးမောင်လည်း ကိစ္စပြီးလို့ တိုင်ကို ပြန်စိုက်လိုက် သည့်အခါ ကျင်းထဲက မစင်ရေများက မျက်နှာကို “ဗွမ်း”ကနဲ လာစင်လေသည်။

ကိုဖိုးမောင် တစ်ယောက် မစက်ပေသည့်မျက်နှာဖြင့် မခင်သစ်ဆီ ပြေးသွားပြီး” မခင်သစ်၊ လုပ်ပါအုံး၊ မျက်နှာမှာ မစင်တွေ ပေကုန်ပြီ” ဟု ပြောရာ

မခင်သစ်က”အဲဒါမှ ဒုက္ခပါပဲ၊ သွား သွား အိမ်ရှေ့ ပေပါထဲမှာ ရေရှိတယ်၊ အဲရေနဲ့ မျက်နှာသစ်ခဲ့” ဟု ပြောလိုက်လေသည်။

ကိုဖိုးမောင်လည်း မခင်သစ်အကြံအတိုင်း အိမ်ရှေ့ ပေပါဆီသို့သွားပြီး လက်နဲ့ ခပ်ပြီး သစ်လိုက်လေရာ ရေ မဟုတ်ဘဲ ညနေက လမ်းခင်းရာမှ ပို၍သိမ်းထားသည့် ကတ္တရားစေးများ ဖြစ်နေ၏။

ကတ္တရာစေးများက ကိုဖိုးမောင်၏ မျက်နှာတစ်ခုလုံးကို စေးကပ်နေလေသည်။ ကိုဖိုးမောင်းလည်း မခင်သစ်ဆီ ပြေးသွားပြန်သည်။

“မခင်သစ်၊ ဒုက္ခတော့ ရောက်ပြီနဲ့တူတယ်၊ ရေနဲ့ ကတ္တရာစေး မှားသစ်မိလို့ မျက်နှာမှာ ကတ္တရာစေး တွေ ပေကုန်ပြီ”ဟု ပြောလိုက်ရာ

မခင်သစ်က” ကတ္တရာဆိုတာ ဆီနဲ့တွေ့ရင် ကွာတယ်၊ အိမ်နောက်ခန်းထဲက ဆီအိုးရှိတယ်၊ သွားသုပ်လိုက်”ဟု မှာလိုက်သည့်အခါ ကိုဖိုးမောင် လည်း ဆီအိုးရှိရာအခန်းထဲသို့ ဝင်သွားလေသည်။

ကိုဖိုးမောင်သည် ဆီအိုးထဲသို့ လက်နှိုက်ရာ အပေါက်ကျဉ်းသဖြင့် လက်ပြန်ထုတ်မရတော့။ မခင်သစ်ကိုလည်း ပြန်ပြောရမှာလည်း အားနာလာ သည်။

မထူးပါဘူး၊ အနီးအနားက သစ်တုံးနဲ့ပဲ ရိုက်ခွဲလိုက်မယ်ဆိုပြီး အိပ်နေသော ယောက္ခမကြီး ဒေါ်စန်းရင်ကို သစ်တုံးမှတ်၍ ရိုက်လိုက်လေသည်။

“ဒေါင်”ကနဲ မြည်သွားရာ ဒေါ်စန်းရင်လည်း လန့်နိုးလာရာမှ “အမလေး သရဲသဘက်ကြီး၊ ကျွန်မခေါင်းကို တင်းပုတ်နဲ့ ထုပါတယ်တော့ “ဟု အော်လိုက်လေသည်။

ကိုဖိုးမောင်လည်း မခင်သစ်အခန်းထဲသို့ ပြေးသွားပြီး “မခင်သစ် ကယ်ပါအုံး၊ ဒေါ်စန်းရင်ကို သစ်တုံးမှတ်လို့ ရိုက်မိပြီ”ဟု ဆိုရာ

မခင်သစ်က “မထူးပါဘူး၊ ဒီကနေ ထုတ်တန်းပေါ် တက်လိုက်၊ ထုတ်တန်းမှာ တင်ထားတဲ့ မှို့ တောင်းထဲ ဝင်ပုန်းလိုက်”ဟု ခိုင်းလိုက်လေသည်။

(၄)
ဒေါ်စန်းရင်ရဲ့ အော်သံကြောင့် အိမ်ရှေ့ခန်းမှာ အိပ်နေတဲ့ သူကြီးဦးဖိုးသက်သည် နိုးလာရာ “ဘာဖြစ်တာလဲ မိစန်းရင်”

“ကျုပ်ကိုလေ၊သရဲသဘက်ကြီးက တင်းပုတ်နဲ့ ထုလိုက်တာတော့”

“ဟာ မဖြစ်နိုင်တာ မပြောစမ်းပါနဲ့၊ ငါ့အိမ်မှာ ဘယ်သရဲမှ မရှိဘူး၊ မင်း အိပ်မက် မက်နေတာနဲ့ တူတယ်”

“ဒီမှာ ကျွန်မနဖူးမှာ အဖုကြီးထနေတာ၊ အိပ်မက် ဖြစ်ပါ့မလား၊ ကျွန်မနဖူးကို ထုပြီး (မခင်သစ်အခန်းကို လက်ညှိုးထိုးပြီး)အခန်းထဲ ဝင်သွားတာ”

ဤသို့ဖြင့် လင်မယားနှစ်ယောက် သရဲ ရှိမရှိ ငြင်းရင်း မနက်မိုးလင်းသွားလေသည်။

မနက်ရောက်တော့ သူကြီးဦးဘသက်သည် သမီးအငယ်မကို “သမီး၊ ရွာဦးကျောင်းကိုသွားပြီး ဘုန်းကြီးငါးပါးကို အန္တရာယ်ကင်း ပရိတ်တရား ချီးမြှင့်ဖို့ သွားပင့်ချေ”ဟု ခိုင်းရာ

အငယ်မဖြစ်တဲ့ ခင်နှင်းရီက “အဖေ ငါးပါးထဲဆို မကောင်းဘူး၊ ရှစ်ပါးပင့်မှ ကောင်းမယ်” ပြောလိုက်ရာ

ဦးဖိုးသက်က “ဟ ကျောင်းမှာ ငါးပါးပဲရှိတာ၊ သုံးပါးက ဘယ်ကပင့်မလဲ”ဟု မေးရာ

ခင်နှင်းရီက “ဟိုတလောက ရွာကို ယဉ်ကျေးမှု သင်မလို့ဆိုပြီး မြို့က ဦးဇင်း ဦးသီတလရယ်၊ကုဏ္ဍလရယ်၊ ဦးပညာသီရိရယ် သုံးပါးရောက်နေတယ်”ဟု ပြောလိုက်လေသည်။

ဦးဖိုးသက်လည်း “ကဲ ကဲ ဒါဆိုလည်း ကျောင်းထိုင်ဆရာတော် ဦးကောဝိဒကို လျှောက်ခဲ့ အာဂန္တုသုံးပါးနဲ့ တကွ ရှစ်ပါးပင့်ခဲ့” ဟု ခိုင်းလိုက်လေသည်။

ဘုန်းကြီးများကြွလာသည့်အခါ ကိုဖိုးမောင် တစ်ယောက်
“သူကြီးအိမ်မှာ သေနပ်ရှိတယ်၊ ဘုန်းကြီးတွေ ကမ္မဝါရွတ်၊ပရိတ်ရွတ်ပြီးလို့ သေနပ်ဖောက်လိုက်ရင် ငါမှန်လိမ့်မယ်”ဟု တွေးလေသည်။

ကျောင်းထိုင်ဆရာတော် ဦးကောဝိဒသည် တရားဟောပြီး၍ သံဃာတော်များနှင့်တကွ ကမ္မဝါများကို ကိုင်၍ “သုဏာ သုဏေ ဘန္တေ သံဃော” ဟု စတင်ရွတ်သည်နှင့်

“ဝုန်း”ကနဲဆိုပြီး သံဃာကြားထဲသို့ မှို့တွေ ကတ္တရာစေးတွေပေနေတဲ့ မဲမဲကောင်ကြီး ပြုတ်ကျလာရာ သံဃာတော် ရှစ်ပါးလည်း ယပ်တောက်များကို မကိုင်နိုင်တော့ ပဲ ထွက်ပြေးကြလေ၏။

ဤသို့ဖြင့် ရွှေကူရွာအတွင်းဝယ် ရပ်ပြစ်ရှစ်ပါးဟူ၍ အမည်တွင်လေ၏။

(ဝန်ခံချက်။ ။ ဓမ္မကထိက ဦးလှသိန်းတရားမှ ဟာသကို အဆင်ပြေသလို ရေးလိုက်ခြင်း ဖြစ်ပါသည်။)

အရှင်ပဏ္ဍိတ

ပြန်​လည်​​ရေးသား​ပေး​သော စာ​ရေးသူနဲ့ မူရင်းမျှ​ဝေသူတို့အား​လေးစားလျက်

Bluesea Media

15 Shares

Add a Comment

Your email address will not be published. Required fields are marked *