မြန်မာ-တရုတ် နယ်စပ် မူဆယ်ကျင်စန်းကျော့ဂိတ် ကို ယနေ့မနက် ၉နာရီမှ စပြီးပြန်လည် ဖွင့်လှစ်
|မြန်မာ-တရုတ် နယ်စပ် မူဆယ်ကျင်စန်းကျော့ဂိတ် ကို ယနေ့မနက် ၉နာရီမှ စပြီးပြန်လည် ဖွင့်လှစ်
၁၅ရက်ကြာ သွားမရဖြစ်ခဲ့သည့် မြန်မာ-တရုတ် နယ်စပ် ကျင်စန်းကျော့ဂိတ် ကို ယနေ့နံနက် ၉နာရီမှ စပြီးပြန်လည် ဖွင့်လှစ်လိုက်ပြီဟု သိရသည်။
“လုံခြုံရေးအခြေအနေအရပိတ်ထားခဲ့ပေမယ့် အခုကဖရဲသခွားရာသီချိန်ဖြစ်နေတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ညှိနှိုင်းပြီး ဒီနေ့မနက်ကစဖွင့်ပေးလိုက်ပါတယ်။ စစ်ဆေးဖြတ်သန်းခွင့်ပြုမယ့်အချိန်ကိုလည်းအရင်လေးနာရီခွဲအစားခြောက်နာရီအထိတိုးမြှင့်ပေးထားသလိုကားတွေဝင်မယ့်လမ်းကြောင်းကိုလည်း(၂)လမ်းအစား(၄)လမ်း(၅)လမ်းအထိ လုပ်ထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကဆိုသည်။
ယင်းဂိတ်ကို ၂၀၁၈ ဒီဇင်ဘာလ၂၇ ရက်နေ့မှစကာပိတ်လိုက်သဖြင့် ဖရဲ၊သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့သူများ အထိနာ ဒုက္ခရောက်ခဲ့သည်အထိ ဖြစ်ခဲ့သည်။
ယခု မနက်ပိုင်းတွင် ပြန်ဖွင့် လိုက်ပြီ ဖြစ်သဖြင့် စိုက်ပျိုးထုတ်လုပ်သူများ ဝမ်းသာနေကြသည်။
ဖရဲသခွားစိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးနိုင်လင်းထက်က “အားလုံး ဝိုင်းဝန်းကြိုးစားမှုရဲ့ ရလဒ်ပဲဗျ”ဟု ပြောသည်။
ကျင်စန်းကျော့ဂိတ် ပိတ်ထားခြင်းကြောင့် ဖရဲ၊ သခွားမွှေးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှု မပြု နိုင်ခဲ့ဘဲ ပျက်စီးဆုံးရှံးမှုအခြေအနေများရှိခဲ့သဖြင့် သက်ဆိုင်ရာမှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးပါရန် မူဆယ်ဘက်မှ ကုန်စည်ဒိုင်များ၊ကုန်သည်များ၊ မြန်မာနိုင်ငံ တဝှမ်းရှိ ဖရဲ၊သခွားစိုက်ပျိုးထုတ်လုပ်သူများ ကနည်းလမ်းပေါင်းစုံဖြင့်ကြိုးစားခဲ့ကြသည်။
မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ လည်း ကြိုးစားခဲ့ကြရာ ဒုတိယသမ္မတ ၁ နှင့် စီးပွားကူးသန်းဝန်ကြီး ဌာနတို့က သက်ဆိုင်ရာ ဌာနများ၊တရုတ်နိုင်ငံမှ တာဝန်ရှိသူများ နှင့် ချိတ်ဆက်ပြီး ဂိတ်ပြန်ဖွင့် ရန် ကြိုးစားပေးခဲ့သည်။
ဇန်နဝါရီလ ၇ရက်နေ့တွင် စီးကူးဝန်ကြီး နှင့် တရုတ်နိုင်ငံမှ တာဝန်ရှိသူတို့ နေပြည်တော်တွင် တွေ့ဆုံပြီးယင်းကိစ္စကို ဆွေးနွေးခဲ့ကြသည်။
ဇန်နဝါရီလ ၈ရက်နေ့က ဒုတိယသမ္မတ ဦးမြင့်ဆွေ ကိုယ်တိုင် သစ်သီးဝလံ အသင်းထံသို့ ဖုန်းဆက်ပြီး ကျင်စန်းကျော့ဂိတ် အမြန်ဆုံးဖွင့်လှစ်နိုင်ရန် လိုအပ်သည့်ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေကြောင်း တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားပေးခဲ့သည်။
လက်ရှိတွင် တရုတ်သို့ ဖရဲ၊သခွား တင်ပို့မှုများ ပြန်လည် လုပ်ဆောင်နေပြီ ဟု ကျင်စန်းကျော့ဂိတ်တွင် ရှိနေသည့် ကုန်သည်အချို့က ပြောကြသည်။
Credit/Source-PopularNewsJournal