စကိတ်အားကစားကို အိုလံပစ် အထိ ယှဉ်ပြိုင်နိုင်ရန် ပံ့ပိုးသွားမည်ဟု ဒုဝန်ကြီးပြော

2 Shares

စကိတ်အားကစားကို အိုလံပစ် အထိ ယှဉ်ပြိုင်နိုင်ရန် ပံ့ပိုးသွားမည်ဟု ဒုဝန်ကြီးပြော
============================
နိုင်ငံတကာပြိုင်ပွဲများတွင် ဆုရရှိရန် အလားအလာကောင်းများစွာ ရှိနေ သည့် စကိတ်အားကစားကို လာမည့်ဆီးဂိမ်း(စ်)တွင်သာမက အိုလံပစ် ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာစကိတ်အသင်းအား အကောင်းဆုံးပံ့ပိုးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။

မြန်မာစကိတ်အဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလက တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ရေခဲပြင်စကိတ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုတို့ကို ရယူနိုင်ခဲ့သောကြောင့် ၂၀၁၉ဖိလစ်ပိုင် ဆီးဂိမ်း(စ်)ပြိုင်ပွဲတွင် ဆုတံဆိပ်မျှော်မှန်းနိုင်သည့် အားကစားတစ်ခု အဖြစ်ရှိနေသောကြောင့် ဝန်ကြီးဌာနမှ ဆီးဂိမ်း(စ်)အတွက် ပြင်ဆင်မှု များ ပြုလုပ်သွားပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

“ဖိလစ်ပိုင်ဆီးဂိမ်း(စ်)မှာ ပါဝင်မယ့် အားကစားနည်းတွေ ထွက်ပြီပေါ့ နော်။ တချို့ကစားနည်းတွေက ကျွန်မမှာ အဖွဲ့ချုပ်လည်း မရှိဘူး။ အသင်းအဖွဲ့တွေလည်း မရှိဘူး။ အဲဒီလို ဘာမှမရှိတာ တော်တော် လေးကို များပါတယ်။ အဲဒါကြောင့် ရွှေတံဆိပ်၁၀ခုလောက်ရဖို့ကို ကျွန်မတို့ နည်းနည်းကြိုးစားရမယ့် အနေအထား ဖြစ်နေတာပေါ့နော်။ ဝင်ပြိုင်နိုင်မယ့် တချို့အားကစားနည်းတွေကို အဖွဲ့ချုပ်တွေ ဖွဲ့နိုင်ရင် ဖွဲ့ပေးမယ်။ တချို့ကိုလည်း အသင်းအနေနဲ့ တွဲပြီးတော့ ဆောင်ရွက် မှာ ဖြစ်ပါတယ်။ အတော်များများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားပါ မယ်။ စကိတ်က ကျွန်မတို့ မျှော်လင့်ထားတဲ့အထဲမှာ ပါပါတယ်။ စကိတ်အဖွဲ့က ကျွန်မတို့နဲ့ လာတွေ့ပြီးပါပြီ။ သူတို့ရဲ့ အစီအစဉ်တွေ အရမ်းကောင်းပါတယ်။ စကိတ်ဟာ ဘာပဲပြောပြော အိုလံပစ်အတွက် လည်း လူငယ်တွေက အရမ်းစိတ်ဝင်စားတဲ့ ကစားနည်းဖြစ်တော့ ကျွန်မတို့က သူတို့ကို Promote (အားပေးမြှင့်တင်ပေးမှု) လုပ်ပေးရ မယ့် အနေအထားရှိပါတယ်” ဟု ယင်းကပြောသည်။

လာမည့် နိုဝင်ဘာလတွင် ကျင်းပသွားမည့် ဖိလစ်ပိုင်ဆီးဂိမ်း(စ်)ပြိုင်ပွဲ တွင် စကိတ်အားကစားနည်း ထည့်သွင်းထားပြီး ပြိုင်ပွဲအမျိုးအစားများ အကြမ်းဖျဉ်း ထွက်ရှိထားပြီးဖြစ်သော်လည်း ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းမျဉ်းသတ်မှတ်ချက် (အဓိကအသက်သတ်မှတ်ချက်) အတိအကျ မထွက်ရှိသေးသောကြောင့် ကစားသမားရွေးချယ်မှုများ ပြုလုပ်၍ မရ သေးကြောင်း၊ လက်ရှိထွက်ရှိထားသည့် ပြိုင်ပွဲအမျိုးအစားများတွင် မြန်မာစကိတ်အဖွဲ့ဝင်များ လေ့ကျင့်ထားသည့် ပြိုင်ပွဲနှစ်မျိုးပါဝင်နေပြီး အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်နိုင်ပါက ဆုတံဆိပ်ရရှိနိုင်ကြောင်း နှင့် အာရှအင်အားကြီးနိုင်ငံတစ်ခု (သို့မဟုတ်) ဥရောပနိုင်ငံ တစ်နိုင်ငံငံ ၌ သွားရောက်လေ့ကျင့်နိုင်ရန် ဝန်ကြီးဌာနထံ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစကိတ်အသင်းဥက္ကဌ ဦးလွင်လတ်က
ပြောသည်။

▪️သတင်း – မိုင်းစောလွင် (ပြည်မြန်မာ)

2 Shares

Add a Comment

Your email address will not be published. Required fields are marked *