(မစိုးရိမ်ဆရာတော်၏ လျှက်တပြက် မိန့်ကြားချက်)

မင်းက ချီးကို တော်တော် တန်ဆာဆင်ချင်တဲ့ ကောင်ပဲ”

ဒီနေ့မနက်စောမှာ အမှတ်မထင် မိမိရဲ့ ကွန်ပြူ တာထဲမှာ ကျေးဇူးတော်ရှင် မန္တလေးမစိုးရိမ်ဆရာတော်ဘုရားကြီးရဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ကြွရောက်စဉ်အချိန်အခါက ဓာတ်ပုံလေးတွေကို လျှောက်ကြည့်ရင်းနဲ့ ယ္ခုတွေ့မြင်နေရတဲ့ ပုံလေးတွေကို မြင်လိုက်တဲ့အချိန်လေးမှာ မိမိစိတ်တွေက ဟိုးးး အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

လွန်ခဲ့သော(၇) နှစ်ခန့်အချိန်တုန်းက မိမိဟာ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသရဲ့ ခြေတော်ရင်းမှာ ဓမ္မာစရိယစာဝါများကို လိုက်ခဲ့စဉ်အချိန်တွေပေါ့။

 

အဲဒီအချိန်တွေကဆိုရင် မစိုးရိမ်ဆရာတော်ဘုရားကြီးဟာ ရန်ကုန်ကိုကြွရောက်လာတိုင်း အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်မှာ သီတင်းသုံးတည်းခိုနေကြပါ။

ရောက်လာတဲ့အခါတိုင်းလည်း ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်နှင့်တကွ စာချစာသင်တပည့်များအားလုံးဟာ တန်ဖိုးမဖြတ်နိုင်သော သြ၀ါဒများကို ခံယူခဲ့ရပါတယ်။

မစိုးရိမ်ဆရာတော်ဘုရားကြီး ကြွလာပြီဆိုတာနဲ့ တပည့်ကြီးဖြစ်သူ အလိုတော်ပြည့် နာယကချုပ်ဆရာတော်ဘုရားဟာ
အစစအရာရာ လိုအပ်မှုမရှိအောင် ကိုယ်တိုင်စီမံပေးတော်မူပါတယ်။

တစ်နေ့သော နေ့လည်ခင်းမှာ တိုက်တိုက်ဆိုင်ဆိုင် မိမိလည်း ဆွမ်းစားကျောင်းမှာ အလှည့်ကျနေတဲ့အချိန်ပေါ့။

အလိုတော်ပြည့် နာယကချုပ်ဆရာတော်ဘုရားဟာ ဆရာသမားကြိုက်နှစ်သက်မယ်ထင်တဲ့ ဟင်းလျာမျိုးစုံတို့ဖြင့် စားပွဲတစ်ခုလုံး ပြည့်နေအောင် စီမံထားပါတယ်။
ဆရာတော်ဘုရားကြီး ဆွမ်းဝိုင်းကြွလာပြီး ထိုင်လိုက်တဲ့အချိန်မှာ ပြောလိုက်တာက…..

ဟေ့ကောင် သုစိတ္တ ဟင်းတွေက များလှချေလားကွ မင်း ငါလာမယ်ဆိုလို့ အခုလိုစီမံထားတာလား?

အဲဒီအချိန်မှာ ဆွမ်းလာကပ်တဲ့ ဒကာမတစ်ယောက်က မဟုတ်ရပါဘူးဘုရား၊ တပည့်တော်တို့ ဘုန်းဘုန်းက အမြဲတမ်း ဒီလိုဟင်းခွက်အများကြီးနဲ့ စားတာဘုရားဟု…
အဲလိုလျှောက်လိုက်တဲ့အချိန်မှာ မစိုးရိမ်ဆရာတော်ဘုရားကြီး မိန့်လိုက်တဲ့စကားက…

“ဟေ့ကောင် သုစိတ္တ မင်းက ချီးကို တော်တော် တန်ဆာဆင်ချင်တဲ့ကောင်ပဲတဲ့”….

 

 

ဆရာတော်ဘုရားကြီး အမှတ်မထင် မိန့်ကြားလိုက်တဲ့ စကားလုံးလေးဟာ အင်မတန်မှ လှပပြီး ထိမိလွန်းလှပါတယ်။

ဒါ့ကြောင့် ဆရာတော်ဘုရားကြီရဲ့ ဒီပုံရိပ်လေးတွေကို အမှတ်မထင်မြင်လိုက်တဲ့အချိန်မှာ အတိတ်က အကြောင်းအရာလေးတွေကို အခုလို ပြန်လည်မြင်ယောင် ကြားယောင်မိခဲ့ပါတယ်။

ဒါကြောင့်…..ဒီစာကိုဖတ်လိုက်ရတဲ့ သူများအားလုံးပဲ “ချီးကို တော်ရုံသင့်ရုံပဲ တန်ဆာဆင်ကြပါလို့”…..။

မေတ္တာဖြင့်

ပေါင်းတည်-အရှင်

4 Shares

Add a Comment

Your email address will not be published. Required fields are marked *