စာအုပ်​ဘယ်​လိုဖတ်​မလဲ

စာဂျပိုး ဖြစ်လာပြီဆိုရင်
****************

My Library
Reading Log
Book Review
Books to Read ဆိုတဲ့
အခြေခံ အချက် ၄ ချက်ကို လုပ်ဖြစ်လာမှာပါ

မလုပ်ဖြစ်သေးဘူးဆိုရင်တော့ စာဂျပိုးတွေအတွက် လုပ်ကြည့်သင့်တဲ့အချက်လေးတွေကို ဆွေးနွေးပါရစေ …

 

 

#MyLibrary
သင့်မှာ ကိုယ်ပိုင်စာအုပ်တစ်အုပ်ပဲရှိပါစေ
ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခု စနစ်တကျလုပ်ထားမယ်ဆိုရင်
သင့်အတွက် စိတ်ဝင်စားစရာ အသစ်အဆန်းလေးဖြစ်နေမှာသေချာပါတယ်

ကိုယ်ပိုင်စာကြည့်တိုက်လုပ်ဖို့ စာကြည့်တိုက်ပညာတတ်ကျွမ်းနေစရာ မလိုပါဘူးနော်

အဓိက ခေါင်းစဉ်ခွဲလိုက်ပါ
(စာဂျပိုး သင့်ရဲ့ရွေးချယ်မှုသာအဓိကပါနော်)

ဥပမာ
ကာတွန်း (Cartoon-C)
ဘာသာပြန်(Translation-T)
အတ္တုပတ္တိ(Biography-B)
ရသ(Literature-L)
သုတ(Knowledge-K)လို့ခွဲရင်
သင်ဟာ ကာတွန်း ဘာသာပြန် အတ္တုပတ္တိ ရသစာပေ သုတစာပေတွေ ဖတ်တဲ့ စာဂျပိုးမို့ပါ

မိမိနှစ်သက်သလို C T B L K အက္ခရာတစ်ခုထားပြီးရင် ကိုယ်ဝယ်တဲ့စာအုပ်အမျိုးအစားကို ဘယ်မျိုးစုထဲထည့်မလဲ ရွေးချယ်ပါ
(မိမိသဘောကျသာ ရွေးချယ်ပါ)

သင်ဝယ်လာတဲ့ စာအုပ်နာမည်က
မြသန်းတင့်-သုခမြို့တော် ဆိုပါစို့
ဘာသာပြန် (T-001) လို့
book code သတ်မှတ်လိုက်ပါ

(T-ဘာသာပြန်စာအုပ်အမျိုးအစားကို
ရည်ညွှန်းတာဖြစ်ပြီး 001-ရာဂဏန်းနေရာထိ သုညသုံးလုံးထားတာမို့လို့ စာအုပ်တစ်ရာထဲက ပထမတစ်အုပ်လို့ ဆိုလိုပါတယ်)

 

 

 

နောက်ထပ်
မြသန်းတင့်-လေလွင့်သူ စာအုပ်ဝယ်လာရင် (T-002)လို့ သတ်မှတ်လိုက်ရုံပဲ

အထူးသတိပြုပါ
မိမိသဘော မိမိစိတ်ကြိုက်ဖန်တီးနိုင်ပါတယ်
ဒါဆို ဘယ်စာပေအမျိုးအစားမှာ ဘယ်နှစ်အုပ်ဝယ်ပြီးပြီလဲ ချက်ချင်းသိနိုင်တာပေါ့

#ReadingLog

စာဂျပိုးဖြစ်လာပြီဆိုရင်
Reading Log လုပ်ထားသင့်တာပေါ့

Reading Log ဆိုတာ အလွယ်မှတ်ကြရင် ဖတ်ပြီးစာအုပ်ကို မှတ်ထားတာပါပဲ

Start Date (စဖတ်တဲ့နေ့ရက်)/Title(စာရေးဆရာအမည်နဲ့စာအုပ်ခေါင်းစဉ်) /Pages(စာမျက်နှာ)/
End Date(ဖတ်ပြီးသောနေ့)/Rating(အဆင့်သတ်မှတ်ခြင်း) ဆိုပြီး အလွယ်မှတ်ယူလိုက်ပါ

စာအုပ်စဖတ်ဖြစ်တဲ့နေ့ကို မင်ပြာနဲ့မှတ်ထားရင် ဖတ်ပြီးတဲ့နေ့ကို အခြားမင်အရောင်နဲ့မှတ်ပါ ချစ်စရာကောင်းအောင်ပေါ့ … ^_^

စာအုပ်ရဲ့စာမျက်နှာမှတ်ထားတာကတော့ သင့်ရဲ့စာဖတ်စွမ်းရည်ကို တိုးတက်မှုရှိမရှိ တိုင်းတာတဲ့သဘောပါပဲ
ဘယ်အချိန်မှာတော့ စာမေးပွဲရှိနေလို့ အလုပ်ရှိလို့
မဖတ်ဖြစ်တာက လွဲရင်ပေါ့လေ
စာဂျပိုးတွေဟာ ဘယ်ရောက်ရောက် ဘယ်လိုနေနေ တစ်နေ့လုံးနေလို့မှ စာလေးတစ်မျက်နှာတောင် မဖတ်လိုက်ရရင် အဲ့တစ်နေ့ကို သိပ်နှမြောတတ်တယ်မလား

Rating ပေးတာတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်ပေးပေါ့
သူများကြိုက်လို့လည်း လိုက်မဖတ်နဲ့ ကိုယ်ကြိုက်ချင်မှကြိုက်ဦးမှာ
1 – မကြိုက်ပါ
2 – ကြိုက်တယ်
3 – အကြိုက်ဆုံး
ကိုယ့်ဆန္ဒနဲ့ကိုယ်သတ်မှတ်နော်
ဘယ်သူနဲ့မှ ငြင်းမနေနဲ့ အချိန်ကုန်တယ်
emoji sticker လေးတွေနဲ့လည်း ချစ်စရာကောင်းအောင် မှတ်ထားနိုင်ပါတယ်

Reading Log လုပ်ထားခြင်းဖြင့်
တစ်ပတ် တစ်လ တစ်နှစ် အတွင်း သင် စာအုပ်ဘယ်နှစ်အုပ်ဖတ်ဖြစ်ခဲ့သလဲဆိုတာ အလွယ်တကူ သိနိုင်ပါပြီလေ

#BooksToRead

စာဂျပိုးတွေဖတ်ဖို့ စာအုပ်စာရင်းတွေကတော့ နှစ်စဉ်နှစ်တိုင်း ထွက်လာနေကျပဲ
ရွေးချယ်ပြီးဖတ်စရာ စာအုပ်တွေကလည်း များလွန်းတော့ ဘာဖတ်ရမှန်းတောင် မသိတော့သလောက် ခေါင်းစားရပါတယ်

ကြည့်လေ …
တော်ကြာ နိုဘယ်မြန်မာကရွေးတဲ့ စာအုပ် ၁၀၀ တို့
တော်ကြာနေရင် ၂၀ ရာစုအထူးခြားဆုံးစာအုပ်တို့
တော်ကြာနေရင် စာရေးဆရာများရဲအကြိုက်ဆုံးစာအုပ်စာရင်းတို့

လားလား … ကုန်ပါတော့မလား ဖတ်လို့
ဖတ်ဖို့တောင် အချိန်ပေးနိုင်ပါတော့မလားလို့ တွေးမိလာတယ်
ကိုယ်ဖတ်ပြီးတာ ဘယ်နှစ်အုပ်လဲ
လိုက်မှတ်ရတာလည်း အမောသား …

မဖတ်သင့်တဲ့စာအုပ်ဆိုတာမရှိပါဘူး
ဖတ်ရမယ့်စာအုပ်ဆိုတာပဲ ရှိပါတယ် ဆိုသလိုပေါ့
ကိုယ့်အကြိုက်မဟုတ်ပေမယ့်
ဟော ဒီစာအုပ်က ဟိုစာရင်းထဲလည်းပါ ဒီစာရင်းထဲလည်းပါနေရင်တာ့ ဖတ်ဖို့ရည်စူးလိုက်မိပြီမလား
ဖြစ်နေကျ … စာဂျပိုးတွေဖြစ်နေကျ

ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို ရွေးတဲ့အခါ
စာအုပ်ကောင်းဟုတ်မဟုတ် အရင်စူးစမ်းကြည့်ပါ
လူကြိုက်များသလား စာအုပ်စာရင်းတွေထဲကလား
ကိုယ့်ချွေးနှဲစာလေးနဲ့ စာအုပ်ဝယ်စုရတာ လွယ်တာမှတ်လို့ …
စာအုပ်ကောင်း မကောင်း သူများနဲ့မငြင်းနေနဲ့ ကိုယ့်စာဖတ်သက်နဲ့ကိုယ်ပဲလေ
သမိန်ပေါသွပ်ဖတ်ချင်ဖတ်မယ်
ရွှေဥဒေါင်းဖတ်ချင်ဖတ်မယ်
ကိုယ်ကြိုက်တာလည်းဖြစ်ဖို့လိုသလို
စာအုပ်ကောင်းဖြစ်ဖို့လည်း စူးစမ်းထားဖို့လိုလိမ့်မယ်

ပြီးရင်တော့
ကိုယ့်ဘာသာ list လုပ်ထားလိုက်တော့
ဝယ်မယ်ဆိုရင်တောင်
ဦးစားပေး list ထားထားပြီးတာမို့ ဖြစ်သလိုကြုံသလို ဝယ်ဖြစ်မှာမဟုတ်တော့ဘဲ ဒီစာအုပ်ဝယ်ဖို့ငွေချန်ထားရမယ်ဆိုတာ ချင့်ချိန်တတ်လာပါလိမ့်မယ်

ဝင်ငွေရဲ့ 5% လောက်ပဲ ဖယ်ထားပြီးဝယ်ပါ
ကိုယ့်ဘာသာ သတ်မှတ်ပါ
(အခြား2% ကို စာအုပ်ဝယ်စုဖို့ တစ်လနည်းနည်းစီဖယ်ထားပါ
စာပေပွဲတော်မှာသုံးလို့ရအောင်)

 

စာအုပ်တစ်အုပ်
တစ်လနေလို့ စာအုပ်တစ်အုပ်ပဲ ဝယ်ရင်တောင် တစ်နှစ်မှာ ၁၂ အုပ်စုပြီးသားဖြစ်နေပြီ
စာပေပွဲတော်သတင်းတွေကိုတော့ မပြတ်နားစွင့်ထားဖို့လိုပါလိမ့်မယ်နော်
ဒီအတိုင်းဝယ်တာထက်စာရင် ဈေးသက်သက်သာသာနဲ့ ရတော့ စာအုပ်ပိုစုဖြစ်တာပေါ့
သင့်အတွက်ချည်းပဲ … ^_^

Ps. လိုချင်တဲ့စာအုပ်ပဲမေးနော် ဆိုင်ထဲမွှေရင်တော့ ကုန်ပေါက်ပဲသာမှတ် … စာအုပ်ဝယ်ပစ်လိုက်လို့ ကျန်တဲ့နေရာတွေ အရမ်းခြိုးခြံနေရမှာစိုးလို့ပါ
ကြိုမသိနိုင်တဲ့ကုန်ပေါက်တွေဆိုတာ ပေါ်လာတတ်သေးတယ်လေ (ကိုယ်တွေ့)

#BookReview
စာဂျပိုးတစ်ယောက်ရဲ့ အရေးကြီးဆုံးအပိုင်းရောက်လာပြီ
မဖြစ်မနေလုပ်သင့်တယ်လို့ ထင်မိတယ်
စာဖတ်မှတ်စုလို့ပဲ သဘောထားပေါ့
သူများညွှန်လို့ ဖတ်ဖြစ်ရင်တောင်မှ ဒီစာအုပ်တစ်အုပ်ထဲကနေ ကိုယ်ဘာတွေးမိလိုက်လဲဆိုတာ
ကိုယ့်ရဲ့ အချိန်တွေ ကုန်ကျငွေတွေ အတွက်
ပြန်ရလာတဲ့အမြတ်ပဲပေါ့

Book Review ဆိုတာ စာဖတ်မှတ်စုပါပဲ
စာအုပ်အမည်
စာရေးသူအမည်
စာဖတ်မှတ်စု လို့ ခေါင်းစဉ်သုံးခုပဲခွဲထားရင် ရပြီ

စာဖတ်မှတ်စုမှာ
ဇာတ်လမ်းအကျဉ်းရေးချင်ရေး
အကြိုက်ဆုံး dialog တွေချရေးချင်ရေး
ကိုယ့်ရဲ့ဝေဖန်မှု အမြင်တစ်ခုခုပါရင်တော့ ပိုကောင်းတယ်
ဒီစာအုပ်ဖတ်ပြီး ငါ ဘာရလိုက်လဲ ဆိုတဲ့
မေးခွန်းကို ဖြေဖို့လိုတယ်

ဖတ်လို့ပြီးရုံ ငါ ဒါဖတ်ပြီးပြီ လို့ပြောရုံနဲ့တော့ စာပကာသနသမားပဲဖြစ်နေလိမ့်မယ်
သူများနဲ့လည်းယှဉ်မဖတ်ပါနဲ့
ကိုယ့်စာဖတ်နှုန်းအတိုင်းပဲဖတ်ပါ
ကိုယ့်စိတ်နဲ့ကိုယ်တွေးပါ
သူများတွေးတိုင်း ငှားမတွေးပါနဲ့

အဲ ကိုယ့်ဖတ်ညွှန်းကို သူများကိုပါညွှန်ပေးချင်ရင်ော့
-စာအုပ်အမည်
-စာရေးသူအမည်
-တန်ဖိုး
-ထုတ်ဝေသည့်စာအုပ်တိုက်
-ထုတ်ဝေသည့်ခုနှစ်(အကြိမ်)
-စာမျက်နှာ
ဒီအချက်တွေ ပါရင် ဝယ်ချင်သူအတွက် အဆင်ပြေတာပေါ့

စာအုပ်တိုင်းမရေးချင်မရေးနဲ့ပေါ့
မဖြစ်မနေရေးရမှာမှ မဟုတ်တာ နော့်
ကိုယ်ကြိုက်တဲ့စာအုပ်ဆိုရင်တော့
ဖတ်ပြီးရင်
စာဖတ်မှတ်စု (Book Review) ဆိုတာကြီး မရေးရ မနေနိုင်အောင်ဖြစ်လာလိမ့်မယ်

ကိုယ့်ဘာသာ စာအုပ်အဖုံးလေးတွေနဲ့
Book Review လေးတွေကို တွဲထား
စာဖတ်မှတ်စုဖိုင်လေးထားကြည့်ရင် စာဂျပိုးတစ်ယောက်ရဲ့ ပီတိကို သင်အပြည့်အဝခံစားနေပြီဆိုတာ သိပ်သေချာတာပေါ့

Credit….

မူရင်း​ရေးသူ

ကျ​နော်​တို့၏ Bluesea Mediaမှ ​ဖော်​ပြ​သော
စာစုများသည်​ သက်​ဆိုင်​ ပိုစ့်​ပိုင်​ရှင်​များ၏
အာ​ဘော်​များသာဖြစ်​ပါ​ကြောင်း
သိ​စေအပ်​ပါသည်​.
ပိုစ့်​ပိုင်​ရှင်​များအားလည်း
ပြန်​လည်​မျှ​ဝေခွင့်​ပြုပါရန်​​လေးစားစွာ
မေတ္တာရပ်​ခံပန်​ကြားအပ်​ပါသည်
Bluesea Media

 

16 Shares

Add a Comment

Your email address will not be published. Required fields are marked *